ငပုတောမြို့နယ်ရှိ ၉ တန်းအရွယ် ကျောင်းသားကို စစ်ကောင်စီတပ်ဖမ်းဆီး

ငပုတောမြို့နယ်ရှိ ၉ တန်းအရွယ် ကျောင်းသားကို စစ်ကောင်စီတပ်ဖမ်းဆီး

နိုဝင်ဘာလ ၁၉ ရက်

ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်၊ ငရုတ်ကောင်းမြို့ရှိ ၉ တန်းအရွယ် ကျောင်းသား တစ်ဦးကို နိုဝင်ဘာလ ၁၇ ရက်နေ့ ညပိုင်းတွင် စစ်ကောင်စီတပ်နှင့်ရဲများမှ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများထံကသိရသည်။

မိုးတိမ်ပြင်ကျေးရွာအုပ်စု၊ ဖရယ်ချောင်းရွာနေ ၉ တန်းအရွယ် ကလေးငယ် မောင်ငယ် (အမည်လွှဲ)ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) မှ ဖွင့်လှစ်သည့်ကျောင်း တက်သည်ဟု စွပ်စွဲကာ ဖမ်းဆီးသွားခြင်းဖြစ်ကြောင်းသိရသည်။

"စစ်သား နဲ့ ရဲတွေလာဖမ်းသွားတာ။ NUG ကျောင်းတက်တယ်လို့ ပြောပြီး ဖမ်းသွားတာ။ ကလေးက အခုလက်ရှိဖွင့်နေတဲ့ စစ်အစိုးရ(စစ်ကောင်စီ)ကျောင်းကို မတက်တာတော့မှန်တယ်။ NUG ကျောင်းတက်တာ ဟုတ်မဟုတ်တော့ မသိဘူး"ဟု ဒေသခံကပြောသည်။

လက်ရှိတွင် အသက်မပြည့်သေးသည့် ၉ တန်းအရွယ်ကလေးငယ်အား မည်သည့် နေရာသို့ ဖမ်းဆီးခေါ်ဆောင် သွားသည်ကို မသိရသေးသည့်အတွက် ကလေးငယ်၏ မိဘများမှာ စိုးရိမ်လျက်ရှိကြောင်း ဒေသခံများထံက သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၁၁ ရက်နေ့က ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ ပုသိမ်မြို့နယ်နှင့် ငပုတောမြို့နယ်မှ အခြေခံပညာကျောင်းသားများရေးရာအဖွဲ့ဝင် ၉ တန်းနှင့် ၁၀ တန်းအရွယ်ကျောင်းသား ၁၀ ဦးထက်မနည်းကို စစ်ကောင်စီတပ်နှင့် ရဲများက ဖမ်းဆီးခဲ့သည်။

စာတည်း။ ။မောင်ကောင်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly