နွေဦးတော်လှန်ရေး နေ့စဉ်မှတ်စု (၁၉ နိုဝင်ဘာ ၂၀၂၂) 

နွေဦးတော်လှန်ရေး နေ့စဉ်မှတ်စု (၁၉ နိုဝင်ဘာ ၂၀၂၂) 

နိုဝင်ဘာလ ၁၉ ရက်
 

အမျိုးသားညီညွတ်ရေး အစိုးရ 

  • အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီ နှင့် တိုးချဲ့ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ အစည်းအဝေးကို နိုဝင်ဘာ ၁၈ ရက်၊ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ပြီး အစည်းအဝေးတွင် လူသားချင်း စာနာထောက်ထားရေး နှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာန၊ ဒုဝန်ကြီး ဒေါက်တာ ငိုင်းတင်မောင်က အုပ်ချုပ်ရေးလုပ်ငန်းများ ဖော်ဆောင်ရာတွင် ပအဖ၊ ပကဖ၊ ပလဖ အချင်းချင်း ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရေးက အရေးကြီးပြီး တော်လှန်ရေးတွင် အားသာချက်က စိတ်ဓာတ်ရေးရာ ဖြစ်ကြောင်း နှင့် လုံခြုံရေးသတိပြုကြရန် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

  • ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)၏ ပုံမှန်လုပ်ငန်း ညှိနှိုင်းအစည်းအဝေးတွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေး ဝန်ကြီးဌာနက လုပ်ငန်းဆောင်ရွက်ချက်များ ရှင်းလင်းတင်ပြခြင်းကို နိုဝင်ဘာ ၁၈ ရက်၊ ည ၇နာရီခန့်က ပြုလုပ်ခဲ့သည်။ 

  • အမေရိကန်ပြည်ထောင်စု ၊ ဝါရှင်တန်ဒီစီတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) ၏ နိုင်ငံခြားရေးဝန်ကြီးဌာန ရုံးခန်းဖွင့်လှစ်ခြင်း အခမ်းအနားကို အမေရိကန်စံတော်ချိန် နိုဝင်ဘာ ၁၈ ရက်တွင် ကျင်းပခဲ့ကြောင်းသိရသည်။ 

  • နွေဦးတော်လှန်ရေးတွင် တိုင်းပြည်အတွက် မြင့်မြတ်စွာ အသက်ပေးလှူခဲ့ကြသည့် သူရဲကောင်းရဲဘော်များကို ရည်စူးပြီး ကျန်ရစ်သူမိသားစုများအတွက် ဒို့နွေဦး သူရဲကောင်းငွေတိုက်စာချုပ်များကို PVTV+MOPEI နှင့် MOD တို့ ပူးပေါင်းပြီး ကမ္ဘာ့နိုင်ငံပေါင်း ၁၂ နိုင်ငံတွင် ရောင်းချပေးနေကြောင်း သိရသည်။ 

  • မတရားဖမ်းဆီးထိန်းသိမ်းခံရသူ အနည်းငယ်မျှကို ပြန်လွှတ်ပေးရုံးဖြင့် စစ်ကောင်စီကို ပြောင်းလဲလာပြီဟု တွက်ဆပါက အမှားကြီးမှားမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က နိုင်ငံတကာသို့ သတင်းစကားပါးသည်။ 

  • တပ်ရင်းလေးခုဖြင့် ထိုးစစ်ဆင်လာသောစစ်ကောင်စီတပ်နှင့် နိုဝင်ဘာ ၈ ရက်မှစ၍ တိုက်ပွဲ ၈ ကြိမ်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်သား ၃၆ ဦးထက်မနည်းသေဆုံးဒဏ်ရာရရှိခဲ့ပြီး PDF တစ်ဦးကျဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေးက နိုဝင်ဘာ ၁၈ ရက်တွင် ထုတ်ပြန်သည်။ 

 

တော်လှန်ရေး လှုပ်ရှားမှုများ 

  • အကြမ်းဖက်စစ်ကောင်စီက မတရား ဖမ်းဆီးထိန်းသိမ်းထားရာမှ နိုဝင်ဘာ ၁၇ ရက်တွင် ပြန်လည်လွှတ်ပေးလိုက်သည့် ရွှေညဝါဆရာတော်ကြီး နိုဝင်ဘာ ၁၉ ရက် နံနက်ပိုင်းတွင် ရန်ကုန်မြို့ ၊ လှည်းတန်းဘက်သို့ ဆွမ်းခံကြွပြီး ပြည်သူများစွာ ဆွမ်းလောင်းထွက်ကြသည်ဟု သိရသည်။ 

  • စစ်ကိုင်းတိုင်း ၊ ယင်းမာပင်မြို့နယ် အရှေ့ခြမ်းနှင့် ဆားလင်းကြီးမြို့နယ်  မြောက်ခြမ်းရှိ ကျေးရွာများစုပေါင်း၍ စစ်အာဏာရှင်ဆန့်ကျင်ရေး ရက်ပေါင်း ၆၁၈ ရက်မြောက်အဖြစ် နိုဝင်ဘာ ၁၉ ရက် တွင် ချီတက်ဆန္ဒပြကြကြောင်း သိရသည်။ 

  • စစ်ကိုင်းတိုင်း ၊ ကနီမြို့နယ်တွင် နွေဦးတော်လှန်ရေးသပိတ်အင်အားစု (ကနီမြို့နယ်)မှ ဦးဆောင်၍ နယ်မြေမငြိမ်မသတ်ဖြစ်နေသည့်ကြားမှ နိုဝင်ဘာ ၁၉ ရက်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ်ကို ပြုလုပ်ခဲ့ကြသည်။ 

  • ကချင်ပြည်နယ် နှင့် ရခိုင်ပြည်နယ်ဘက်ကို စစ်ကောင်စီတပ်က အင်အားအများအပြား ရွှေ့ပြောင်းနေရသည်ကို အခွင့်အရေးယူပြီး စစ်ကိုင်းတိုင်းအတွင်းက PDF အဖွဲ့များ တစ်ပြိုင်နက် ထိုးစစ်ဆင်တိုက်ခိုက်ကြရန် ဗိုလ်နဂါး၏ တိုက်တွန်းပြောကြားချက်ကို ကိုးကားပြီး DVB သတင်းဌာနက ဖော်ပြထားသည်။ 

  • စစ်ကိုင်းတိုင်း ၊ မြင်းမူမြို့ပေါ်တွင် စစ်ကောင်စီကားတန်းကို နိုဝင်ဘာ ၁၉ ရက် နံနက်ပိုင်းက မိုင်းဆွဲတိုက်ခိုက်ကြောင်း People’s Army To Fight Dictatorship အဖွဲ့က ထုတ်ပြန်ထားသည်။ 

  • စစ်ကိုင်းတိုင်း ၊ မုံရွာ-ချောင်းဦးလမ်းပိုင်းတွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ)မှ မိုင်းရှင်းထွက်လာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များအား နိုဝင်ဘာ ၁၉ ရက် နံနက် ၉ နာရီခွဲအချိန်ခန့်က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း Monywa Peregrine People’s Defence Force ( အမဲလိုက်သိန်းငှာက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မုံရွာ)၏ တာဝန်ခံက ပြောသည်။ 

  • စစ်ကိုင်းတိုင်း ၊ ချောင်းဦးမြို့နယ် ၊ မုံရွာ-မြင်းမူလမ်းပိုင်းနှင့် မုံရွာ-ပခုက္ကူလမ်းပိုင်းများအား လမ်းအသုံးပြုမှု အရေးပေါ်ပိတ်ထားကြောင်း ချောင်းဦး PDF က နိုဝင်ဘာ ၁၉ ရက်က ထုတ်ပြန်သည်။ 

  • စစ်ကိုင်းတိုင်း ၊ ရွှေဘိုမြို့နယ် ၊ ကော့ကျေးရွာရှိ စစ်ကောင်စီတပ်နှင့် ပျူစောထီးစခန်းများကို နိုဝင်ဘာ ၁၈ ရက် နံနက် ၃ နာရီခန့်က အဝေးထိန်းမိုင်းဖြင့် တိုက်ခိုက်ခဲ့ပြီးနောက် ထွက်လာသည့် စစ်ကောင်စီတပ်သားများကိုပါ ထပ်မံမိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း နေလစင်္ကြာ Shwebo PDF ပြန်ကြားရေးတာဝန်ခံက ပြောသည်။ 

  • စစ်ကိုင်းတိုင်း ၊ မြင်းမူမြို့နယ် အတွင်းရှိ လေသာဘုန်းတော်ကြီးကျောင်း၏ လက်ယာဘက် အတွင်းထောင့်တွင် ဝိုင်းဖွဲ့သောက်စားနေသည့် စစ်ကောင်စီတပ်သား ခြောက်ဦးကို နိုဝင်ဘာ ၁၈ ရက် ညပိုင်းက ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက အီနာဂါ ဗုံးသီးတစ်လုံးဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ လေးဦးသေဆုံးပြီး နှစ်ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း Zero ပြောက်ကျား တပ်ဖွဲ့ (မြင်းခြံ) ကသိရသည်။ 

  • စစ်ကိုင်းတိုင်း ၊ မုံရွာ-ချောင်းဦးလမ်းပိုင်းတွင် ချောင်းဦးမြို့မရဲစခန်းမှူးလိုက်ပါလာသည့် အိမ်စီးကားကို နိုဝင်ဘာ ၁၈ ရက် မွန့်တည့် ၁၂ နာရီခန့်က မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း ဒေသကာကွယ်ရေးအဖွဲ့ Brave Heart Army (BHA) ထံမှ သိရသည်။ 

  • စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ကံကြီးကုန်း နှင့် မဏီကုန်းအကြားတွင် နိုဝင်ဘာ ၁၈ ရက်၊ မွန်းလွဲပိုင်းက ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့ PDF ရဲဘော် နှစ်ဦး မိုင်းမတော်တဆမှုကြောင့် ကျဆုံးခဲ့ကြောင်း ခင်ဦးမြို့နယ် သတင်းမှန် ပြန်ကြားရေး အဖွဲ့ထံမှ သိရသည်။ 

  • စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် အခြေစိုက် ရွှေဘိုခရိုင် အမှတ် ၁၈ တပ်ရင်းမှ “အရှည် ၅ လက် (သိန်း ၇၅၀) ကမ်ပိန်း ” ပြုလုပ်လျက်ရှိရာ LIGHTS OF FUTURE GROUP (အနာဂတ်အလင်းတန်းများအဖွဲ့)က မြန်မာကျပ်ငွေ သိန်း ၁၀၀ လှူဒါန်းခဲ့ကြောင်း သိရသည်။ 

  • စစ်ကိုင်းတိုင်း ၊ ခင်ဦးမြို့နယ်အနောက်ဘက်ခြမ်းတွင် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်က ပေါင်းနှဲကုန်းကျေးရွာကို နိုဝင်ဘာ ၁၈ ရက် ညပိုင်းက မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများက ပြောသည်။ 

  • စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ စဉ့်ကိုင်မြောက်ရွာကို အကြမ်းဖက်စစ်တပ်က နိုဝင်ဘာ ၁၇ ရက်က ဝင်ရောက်စီးနင်းမီးရှီု့ခဲ့ရာ နေအိမ် ၁၂ လုံးပြာကျခဲ့ကြောင်း Welet Informational Network အဖွဲ့မှ ပြောရေးဆိုခွင့် ရှိသူ ဗိုလ်မြေဩဇာ၏ ပြောဆိုချက်ကို ကိုးကားပြီး ရန်ကုန်ခေတ်သစ်သတင်းဌာနတွင် ဖော်ပြထားသည်။ 

  • မန္တလေးမြို့ ၊ မဟာအောင်မြေမြို့နယ် ၊ မင်းကုန်းရပ်ကွက်ရှိ စစ်တပ်သတင်းပေးဟု သတ်မှတ်ခံရသူ ရပ်ကွက်အုပ်ချုပ်ရေးမှူးထွန်းမြင့်ကို နိုဝင်ဘာ ၁၉ ရက် နံနက် ၁၁ နာရီခန့်က အမည်မသိ သေနတ်သမားများက ပစ်ခတ်သွား၍ သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ 

  • မန္တလေးတိုင်း ၊ မတ္တရာမြို့နယ် ၊ ရေလည်ကျွန်းကျေးရွာမှ စစ်ဘေးရှောင်စခန်း မီးရှို့ဖျက်ဆီးခံရပြီး စစ်ရှောင်ပြည်သူများအကူအညီလိုအပ်နေကြောင်း ဗိုလ်ကောင်းကင်တော်လှန်ရေးအင်အားစုထံမှ သိရသည်။ 

  • မကွေးတိုင်း ၊ မြိုင်မြို့နယ်တွင် စစ်ကောင်စီခြေလျင်စစ်ကြောင်းနှင့် စစ်ကားနှစ်စီးအား နိုဝင်ဘာ ၁၈ ရက် မွန်းလွဲ ၂ နာရီအချိန်ခန့်က နှစ်ကြိမ်တိုက်ခိုက်ရာ ခုနှစ်ဦးထက်မနည်း သေဆုံးနိုင်ကြောင်း မြိုုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင် ကိုလက်ယျာက ပြောသည်။ 

  • မကွေးတိုင်း ၊ ပခုက္ကူမြို့ပေါ်တွင် စစ်ကောင်စီတပ်၏ အရာခံဗိုလ်အဆင့်ဖြင့် နှုတ်ထွက်ထားသူ ဦးရဲတင့်ဆို သူကို အမည်မသိ နိုဝင်ဘာ ၁၈ ရက်၊ နံနက်ပိုင်းက တော်လှန်ရေးအဖွဲ့တစ်ခုမှ သေနတ်ဖြင့်ပစ်ခတ်သွားခဲ့ကြောင်း ဒေသခံသတင်းအရင်းမြစ်များ ပြောသည်။ 

  • ပဲခူးတိုင်း ၊ တောင်ငူမြို့နယ်တွင် စစ်တပ်ပိုင်ထုတ်ကုန်များ မရောင်းရမဝယ်ရ လှုပ်ရှားမှုကို Taungoo Youth အဖွဲ့မှ လုံခြုံရေးတင်းကျပ်ထား၍ ကုန်စုံဆိုင်နှင့် အရက်ဘီယ အရောင်းဆိုင်အချို့ကို လက်ကမ်းစာစောင်များ ဖြန့်ဝေလှုပ်ရှားမှုကို နိုဝင်ဘာ ၁၉ ရက်တွင် ပြုလုပ်ခဲ့သည်။ 

  • တနင်္သာရီတိုင်း၊ လောင်းလုံးမြို့ ၊ လောင်းလုံးအခြေခံပညာအထက်တန်းကျောင်းရှေ့တွင် နိုဝင်ဘာ ၁၉ ရက် နံနက်ပိုင်းက “ မတရားမှူကို ဆန့်ကျင်မယ် ၊ အမှန်တရားအတွက် ခွပ်ဒေါင်းတွေ သေရဲတယ်” စာတန်း ချိတ်ဆွဲကာ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုပြုလုပ်ခဲ့ကြောင်း သိရသည်။ 

  • ဧရာဝတီတိုင်း၊ ကျုံပျော်မြို့နယ်သား PDF တပ်ဖွဲ့ဝင် တစ်ဦးသည် နိုဝင်ဘာ ၁၅ ရက်၊ နံနက်ပိုင်းက KNU တပ်မဟာ ၃ နယ်မြေတွင် စစ်ကောင်စီတပ်များ ပစ်ခတ်သည့် လက်နက်ကြီးထိမှန်ကာ ကျဆုံးခဲ့ကြောင်း သိရသည်။ 

 

တိုင်းရင်းသား လက်နက်ကိုင်များ 

  • ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ မိကရင်ကျေးရွာတွင် ယမန်နေ့ ညနေပိုင်းက စစ်တပ်လက်အောက်ခံ နယ်ခြားစောင့် BGF တပ်ဖွဲ့ဝင်များက ဝင်ရောက်ပစ်ခတ်သဖြင့် ပြည်သူသုံးဦး သေဆုံးကြောင်း ဒေသခံများ၏ ပြောဆိုချက်ကို ကိုးကားပြီး ရန်ကုန်ခေတ်သစ်သတင်းဌာနတွင် ဖော်ပြထားသည်။ 

  • ကချင်ပြည်နယ် ၊ မိုးမောက် ၊ ဗန်းမော်နှင့် ဖားကန့်ဒေသများ၌ စစ်ကောင်စီတပ်က ယခုရက်ပိုင်းအတွင် စစ်ရေးလှုပ်ရှားမှု ၊ ထိုးစစ်ဆင်မှုများပြုလုပ်ခဲ့ပြီး ဖားကန့်မြို့နယ် ဆယ်ဇင်းဒေသ၌ လေကြောင်းတိုက်ခိုက်မှုလုပ်ဆောင်ခဲ့ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော် ( KIA) သတင်းနှင့် ပြန်ကြားရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။ 

  • စစ်ကိုင်းတိုင်း ၊ အင်းတော်မြို့နယ် တွင် ယမန်နေနေ့လယ်ပိုင်းက စစ်ကောင်စီတပ်နှင့် KIA ၊ PDF ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ထိန်လင်းစံအပါအဝင် စစ်သား ၂၀ ဦး သေဆုံးကြောင်း KIA သတင်းအရင်းအမြစ်ထံမှ သိရသည်။ 

  • ကချင်ပြည်နယ် ၊ ဖားကန့်မြို့နယ်ရှိ SKY KTV တွင် နိုဝင်ဘာ ၁၈ ရက် ည ၁၀ နာရီ မီးနစ် ၄၀ ခန့်က စစ်ကောင်စီတပ်မှ ဗိုလ်ကြီးဇော်ဝေစိုးအပါအဝင် ၈ ဦး သောက်စားပျော်ပါးနေချိန် KIA နှင့် PDF တပ်များက ဝင်ရောက်ပစ်ခတ်သဖြင့် ဗိုလ်ကြီး ဇော်ဝေစိုးအပါအဝင် ၅ ဦး သေဆုံးခဲ့ပြီး ကျန် သုံးဦးမှာ အပြင်းအထန် ဒဏ်ရာရရှိကြောင်း KIA သတင်းအရင်းအမြစ်ထံမှ သိရသည်။ 

  • ကချင်ပြည်နယ် ၊ မြစ်ကြီးနားမြို့တွင် စစ်ကောင်စီဖမ်းဆီးခဲ့သည့် ကချင်လွတ်လပ်ရေးတပ်မတော် ( KIA) တပ်ဖွဲ့ဝင်အချို့နှင့် ဆက်စပ်သည်ဟုဆိုကာ ဖားကန့်မြို့မှဒေသခံ ငါးဦးကို ထပ်မံဖမ်းသွားသည်ဟု KIA သတင်းအရင်းအမြစ်ထံမှ သိရသည်။ 

  • ကရင်နီ(ကယား)ပြည်နယ်၊ ဒီမော့ဆိုမြို့နယ်၊ ဆင်မတောင်ကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို နိုဝင်ဘာ ၁၇ရက်က ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား နှစ်ဦး သေဆုံးခဲ့ကြောင်း ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF)တပ်ရင်း ၇ ကထုတ်ပြန်သည်။ 

  • ကရင်ပြည်နယ်၊ မူတြော်ခရိုင်အတွင်း နိုဝင်ဘာ ၁ ရက်မှ ၁၅ ရက်အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း အကြမ်းဖက်စစ်ကောင်စီဘက်မှ ၃၆ ဦးသေဆုံးခဲ့ကြောင်း KNU မူတြော်သတင်းစဉ်မှ ထုတ်ပြန်ထားသည်။ 

  • ကရင်နီတော်လှန်ရေးတပ်ပေါင်းစု (KRU) နှင့် ရှမ်းပြည်တောင်ပိုင်း ဒေသခံတော်လှန်ရေးတပ်ပေါင်းစု (SSLRU) တို့ ပူးပေါင်းပြီး မဟာမိတ်ဖွဲ့စည်းကြောင်း နိုဝင်ဘာ ၁၈ ရက်က ထုတ်ပြန်သည်။ 

 

စစ်ကောင်စီ 

  • AA၊ KIA၊RCCSS နှင့် KNU/KNLA တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဝင် ၄၁ ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပေးလိုက်ကြောင်း စစ်ကောင်စီက နိုဝင်ဘာ ၁၈ ရက်စွဲဖြင့် အမိန့်ထုတ်ပြန်သည်။ 

  • AA နှင့် KIA အဖွဲ့ဝင် လေးဦးကိုလည်း တရားရုံးများတွင် စွဲဆိုထားသည့် ပြစ်မှုဆိုင်ရာ အမှုများကို ပိတ်သိမ်းပေးသည်ဟု စစ်ကောင်စီက ယမန်နေ့ ညပိုင်းက အမိန့်ထုတ်ပြန်သည်။ 

  • ၁၉၈၈ ခုနှစ်မှ ၂၀၁၁ ခုနှစ်အတွင်း နိုင်ငံတော်တာဝန်များအား ထမ်းဆောင်ခဲ့သည့် ဝန်ကြီးများ၊ ပြည်နယ်/တိုင်း ဥက္ကဋ္ဌများကို ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှံကြောင်း အမိန့်ကြော်ငြာစာကို နိုဝင်ဘာ ၁၈ ရက်တွင် စစ်ကောင်စီက ဆက်လက်ထုတ်ပြန်ခဲ့သည်။ 

  • စစ်ကောင်စီခေါင်းဆောင်၏ လူသားချင်းစာနာထောက်ထားမှုဖြင့် လွတ်ငြိမ်းပေးမှုသည် လျော်ကန်သင့်မြတ်သော လုပ်ဆောင်ချက်များ ဖြစ်သည်ဟု စစ်ကောင်စီလက်အောက်ခံ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က နိုဝင်ဘာ ၁၈ ရက်တွင် ထုတ်ပြန်လိုက်သည်။ 

  • အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့တွင် နိုဝင်ဘာ ၁၆ ရက်က ကျင်းပခဲ့သည့် ၇၇ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေ ညီလာခံ၊ တတိယကော်မတီအစည်းအဝေးတွင် တစ်ဖက်သတ်စွပ်စွဲချက်များ အပေါ် အခြေခံပြီး နိုင်ငံရေး သဘောသက်ဝင်သည့် နိုင်ငံတစ်နိုင်ငံတည်းအပေါ် ပစ်မှတ်ထားချမှတ်သော ဆုံးဖြတ်ချက်အဆိုကို မြန်မာနိုင်ငံက ကန့်ကွက်ပယ်ချကြောင်း စစ်ကောင်စီ လက်အောက်ခံ နိုင်ငံခြားရေး ဝန်ကြီးဌာနက နိုဝင်ဘာ ၁၈ ရက်တွင် ထုတ်ပြန်သည်။ 

  • စစ်ကောင်စီခန့် ချင်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ ထုန်ဆွန်းထန်းမှ နယ်မြေကွင်းဆင်းချိန်တွင် ရဟတ်ယာဉ် စီစဉ်ပေးရန် တောင်းဆိုထားသည့် လျှို့ဝှက်စာတစ်စောင်သည် ချင်းပြည်နယ်ရှိ ဒေသတွင်း မီဒီယာများတွင် ပျံ့နှံလာကြောင်း သိရသည်။ 

  • NLD အစိုးရလက်ထက် ပြန်ကြားရေးဝန်ကြီးဟောင်း စာရေးဆရာ ဖေမြင့်သည် နိုဝင်ဘာ ၁၈ ရက်၊ ညနေပိုင်းက နေပြည်တော်တွင် ထိန်းသိမ်းထားရာကနေ ပြန်လည်လွတ်မြောက်လာပြီ ဖြစ်ကြောင်း ၎င်း၏ မိသားစုနှင့် နီးစပ်သူ၏ ပြောကြားချက်ကို ကိုးကားပြီး ဘီဘီစီမြန်မာပိုင်းသတင်းဌာနတွင် ဖော်ပြထားသည်။ 

  • အခွန်ရှောင်တိမ်းမှုကို ကျူးလွန်သူများအနေဖြင့် အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှု ဥပဒေအရ အရေးယူခံရ မည့်အပြင် ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ဥပဒေအရလည်း ထပ်မံ တရားစွဲဆိုခံရနိုင်ကြောင်း စစ်ကောင်စီ လက်အောက်ခံ ပြည်တွင်းအခွန်များ ဦးစီးဌာနက သတိပေးထားသည်။ 

  • ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ မိကရင်ကျေးရွာတွင် နိုဝင်ဘာ ၁၇ ရက်၊ ညနေပိုင်းက PDF များက နေအိမ်တစ်အိမ်ထဲ ဝင်ရောက်ပစ်ခတ်ရာ ၈ နှစ်အရွယ် ကလေးတစ်ဦး အပါအဝင် သုံးဦး သေဆုံးပြီး အမျိုးသမီး နှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း စစ်ကောင်စီဘက်က ထုတ်ပြန်ထားသည်။ 

  • တနင်္သာရီတိုင်း ၊ ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ် ကျွဲဇပ်ကျေးရွာနှင့် ဆင်ကျန်ရွာကြား လယ်ကွင်းပြင်ထဲသို့ စစ်ကောင်စီ၏ ကင်းထောက်လေယာဉ် တစ်စီးသည် နိုဝင်ဘာ ၁၉ ရက် နံနက် ၈ နာရီအချိန်က စက်ချို့ယွင်းပြီး ထိုးကျလာကြောင်း ဒေသကခံများထံမှ သိရသည်။ 

  • ရှမ်းပြည်နယ် (မြောက်ပိုင်း) ၊ ကွတ်ခိုင်မြို့နယ် ၊ နမ့်ဖတ်လွန်းကျေးရွာအုပ်စုရှိ ဖာခေတ်ရွာအနီး နမ့်ဖလွန်တောင်တွင် နိုဝင်ဘာ ၁၈ ရက် နံနက်ပိုင်းက စစ်ကောင်စီတပ်အချင်းချင်း မှားယွင်းပစ်ခတ်သဖြင့် ၃ ဦးသေဆုံပြီး နှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။ 

 

နိုဝင်ဘာ ၁၉ ရက် သုံးသပ်ချက် 

  • စစ်ကောင်စီသည် အာဆီယံ အထူးကိုယ်စားလှယ်၏ မြန်မာပြည်ခရီးစဉ်မတိုင်မီ တိုင်းရင်းသားလက်နက် ကိုင် အဖွဲ့ဝင်များကို လွှတ်ပေးခြင်းသည် ရွေးကောက်ပွဲကို နိုင်ငံတကာက လက်ခံလာအောင် နှင့် စစ်အုပ်စုအကျပ်အတည်းမှ လွတ်မြောက်လာအောင် ရည်ရွယ်ခြင်းဖြစ်သည်။ 

  • စစ်ကိုင်းတိုင်းအပါအဝင် စစ်ကောင်စီကို လက်နက်ကိုင်တော်လှန်နေသည့် ဒေသများတွင် တိုက်ပွဲများ ပြင်းထန်လာပြီး တချို့ဒေသများတွင် စစ်ကောင်စီစိုးမိုးထားသည့် မြို့ပြများမှာပါ ပျောက်ကြားတိုက်ပွဲများဖော်ဆောင်လာနိုင်သည်ကို တွေ့ရသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly