မြိုင်မြို့မှာ စစ်ကြောင်းထိုးရန်ထွက်လာသည့် ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ ၆ ဦးသေဆုံး

မြိုင်မြို့မှာ စစ်ကြောင်းထိုးရန်ထွက်လာသည့် ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ ၆ ဦးသေဆုံး

နိုဝင်ဘာလ ၁၉ ရက်

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ မြို့ပေါ်မှ စစ်ကြောင်းထိုးရန် ထွက်လာသည့် စစ်ကားကြီး နှစ်စီးပါ ယာဉ်တန်းကို၊ မြို့အနောက်ဖက် လေးဖာလုံအကွာ ကြောင်ကန်ကျေးရွာအနီးတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့သည့် အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင် ခြောက်ဦး သေဆုံးသွားကြောင်း မြို့နယ် ပြည်သူကာကွယ်ရေးတပ်မတော်မှ ဗိုလ်လက်ယာက ပြောသည်။

၎င်းက “ ကားကြီး နှစ်စီးနဲ့လာတာကို ပေပါမိုင်း သုံးလုံး နဲ့ မိုင်းဆွဲတိုက်ခိုက်တာ ဒဏ်ရာရတာ သုံးဦး လောက်ရှိတယ်၊ သေတာက ခြောက်ဦးလောက်ရှိတယ် “ ဟု ပြောသည်။

မိုင်းဆွဲတိုက်ခိုက်ခံလိုက်ရသည့် စစ်ကောင်စီတပ်ဖွဲ့၏ ရမ်းသန်းပစ်ခတ်မှုကြောင့် အရပ်သား ပြည်သူတစ်ဦး သေနတ်ထိမှန်ဒဏ်ရာရခဲ့ပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့ဘက်မှာတော့ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်းသိရသည်။

ဗိုလ်လက်ယာက “ တစ်ယောက်တော့ ပုခုံးရှပ်ထိတာတော့ရှိတယ်၊ ကျတော်တို့လည်း ဆေးရုံတော့ ပို့ပေးပြီးပါပြီ၊ အဲ့ သေနတ်မှန်တဲ့ ရွာထဲက ပြည်သူ ကိုပေါ့ “ ဟု ပြောသည်။

မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်သည် ကြောင်ကန်ရွာတွင် ညအိပ်ရပ်နားခဲ့ပြီး ရွာသူရွာသားတွေကို ရွာထဲက ပေးမထွက်ဘဲ ယနေ့ မနက် နိုဝင်ဘာ ၁၉ ရက်နေ့တွင် ကြောင်ကန်ရွာနေ ပြည်သူ ၃၀ ကျော်ကိုလူသားဒိုင်းအဖြစ်အသုံးပြု ဖမ်းခေါ်သွားကြောင်း သိရသည်။

“ အဲ့ရွာရဲ့ အနောက်ဖက်ကို ထွက်တဲ့အချိန်မှာ အဲ့ရွာရဲ့ ရွာသူရွာသားအားလုံးကို ခေါ်ပြီး ရှေ့ကနေ ကာပြီးမှ ထွက်တော့တာ၊ ခု အဲ့လို ပြည်သူတွေပါနေလို့ မိုင်းပွိုင့်တွေ ရောက်နေတာတောင် မဆွဲဘဲ လွှတ်လိုက်ရတာတွေရှိတယ် “ ဟု ပြောသည်။

အောက်တိုဘာလ ၁၇ ရက်နေ့ မှာ စစ်ကောင်စီ ခြေလျင်စစ်ကြောင်းတစ်ခုကို ကံတော်ရွာနှင့် ကံရပ်ရွာလမ်းဆုံတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ခုနစ်ဦးထက်မနည်း သေဆုံးနိုင်ကြောင်း မြိုင် ပြည်သူ့ကာကွယ် ရေးတပ်မတော်က ထုတ်ပြန်ကြေညာထားသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly