သေ့ဘောဘိုးစခန်းကုန်းကို စစ်ကောင်စီမှ အင်အားအလုံးအရင်းဖြင့် နှစ်ဖက်ပိတ်တိုက်ခိုက်ရာ အထိနာပြီး ပြန်လည်ဆုတ်ခွာရ

သေ့ဘောဘိုးစခန်းကုန်းကို စစ်ကောင်စီမှ အင်အားအလုံးအရင်းဖြင့် နှစ်ဖက်ပိတ်တိုက်ခိုက်ရာ အထိနာပြီး ပြန်လည်ဆုတ်ခွာရ

နိုဝင်ဘာလ ၁၉ ရက်

ကရင်ပြည်နယ်၊ မြဝတီမြို့နယ် တောင်ဘက်ခြမ်းရှိ KNUတပ်မဟာ(၆) ထိန်းချုပ်နယ်မြေ၊ မြဝတီ-ဝေါ်လေကားလမ်းမပေါ်ရှိ သေ့ဘောဘိုးစခန်းကုန်းကို စစ်ကောင်စီမှ ပြန်လည်သိမ်းယူနိုင်ရန်အတွက် အင်အားအလုံးအရင်းဖြင့် နှစ်ဖက်ပိတ်တိုက်ခိုက်နေသော်လည်း အထိနာကာ ပြန်လည်ဆုတ်ခွာနေကြရသည်။

သေ့ဘောဘိုးစခန်းကုန်းကို KNLAတပ်ရင်း(၂၇)လက်အောက်ခံ Cobra စစ်ကြောင်းမှ မေလ ၁၈ရက်နေ့တွင် တိုက်ခိုက်သိမ်းယူနိုင်ခဲ့ခြင်းဖြစ်ပြီး ယင်းစခန်းကုန်းကို စစ်ကောင်စီမှ ပြန်လည်သိမ်းယူနိုင်ရန်အတွက် တပ်မ(၄၄)လက်အောက်ခံ နည်းဗျူဟာ(၄၄၁)၊ (၄၄၂)၊ (၄၄၃)နှင့် တပ်ရင်း ၁၀ ရင်းတို့ဖြင့် အင်အားအလွန်အကျွံသုံးကာ လေးလနီးပါးကြာမြင့်နေသည်အထိ ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်။

“ မြဝတီ-ဝေါ်လေ ကားလမ်းမတစ်လျှောက်မှာဆိုရင် စစ်ကောင်စီက သုံးထပ်ကွေ့တိုက်ပွဲကနေစပြီး အခုဒီအချိန်အထိ သုံးလကျော်အကြာမှာ Cobra စစ်ကြောင်းက ဒီထိုးစစ်ဆင်လာတဲ့ တပ်မ(၄၄)ကို ခုခံကာကွယ်နေတာဖြစ်ပါတယ်၊ မြဝတီ-ဝေါ်လေကားလမ်းမရဲ့ တောင်ဘက်ခြမ်း ဥကရစ်ထဘက်မှာလည်း အကြမ်းဖက်စစ်တပ်က ဝေါ်လေဗျူဟာကနေ ရဟတ်ယာဉ်တွေနဲ့ဆင်းလာပြီးတော့ ထိုးစစ်ဆင်နေတာဖြစ်ပါတယ်၊ ကျနော်တို့က နှစ်ဖက်ကို ရင်ဆိုင်နေရတာဖြစ်ပါတယ်”ဟု Cobra စစ်ကြောင်းမှ ပြန်ကြာရေးတာဝန်ခံ ကိုမျိုးသူရကိုကိုမှ ပြောသည်။

စစ်ကောင်စီသည် မြဝတီမြို့တောင်ဘက် သုံးထပ်ကွေ့မှ နည်းဗျူဟာ (၄၄၁)နှင့် မြောက်ဘက်မှ နည်းဗျူဟာ(၄၄၃)တို့မှ နှစ်ဖက်ပိတ်ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်သည်။ မြဝတီ-ဝေါ်လေကားလမ်းမကြီးသည် စစ်ရေးအရအလွန်အရေးပါသည့် လမ်းမဖြစ်ပြီး ထိုင်းနိုင်ငံနယ်စပ်တစ်လျှောက်မှာရှိကာ စစ်ကောင်စီတပ်၏ ဝေါ်လေဗျူဟာကို ဆက်သွယ်နိုင်သည့် တစ်ခုတည်းသောလမ်းမကြီးဖြစ်သည်။

“ စစ်ကောင်စီရဲ့ ထိုးစစ်တွေကို ကျနော်တို့က ပြောက်ကျားစနစ်၊ တိုက်စစ်၊ဒရုန်းစစ်၊ နည်းပညာစစ်ပွဲတွေ အသုံးပြုပြီးတော့ ခုခံစစ်ဆင်နွဲနေတာဖြစ်ပါတယ်၊ ဒီ သုံးလတာတိုက်ပွဲမှာဆိုရင် စစ်ကောင်စီတပ်က အတော်လေးအင်အားပြုန်းတီးပြီးတော့ သူတို့ဘက်က သေဆုံးထိခိုက်ဒဏ်ရာရတာတွေလည်း ရှိတယ်၊ CDMဝင်ရောက်လာတာတွေလည်း အများအပြားရှိတယ်၊ သူတို့ဘက်က တပ်ပျက်လုနီးပါးအခြေနေတွေလည်း ရှိပါတယ်၊ ကျနော်တို့ဘက်က လက်နက်ခဲယမ်းအများအပြားကို သိမ်းဆည်းရမိတာတွေရှိပါတယ်” ဟု Cobra စစ်ကြောင်းမှ ပြန်ကြာရေးတာဝန်ခံ ကိုမျိုးသူရကိုကိုမှပြောသည်။

စစ်ကောင်စီတပ်သည် မြေပြင်ထိုးစစ်တွင် လက်နက်ကြီးများဖြစ်သည့် ၆၀မမ၊ ၈၁မမ၊ ၁၂၀မမ၊ ဟောက်ဝစ်ဇာအမြှောက်များကို အများအပြားအသုံးပြုနေပြီး ၁၂၂မမအတွဲလိုက်ပစ်ဒုံး(MLRS)များကိုပါ အသုံးပြုနေသည်။ ထို့အပြင် ဝေဟင်မှ Mi-35 P ရဟတ်ယာဉ်များ၊ YAK-130 တိုက်လေယာဉ်များ၊ Jet-fighterများ အသုံးပြုကာ လေကြောင်းပစ်ကူပေးနေခြင်းဖြစ်သည်။

ယင်းတိုက်ပွဲ လေးလတာကာလတွင် စစ်ကောင်စီတပ်မှ တပ်မ(၄၄) လက်အောက်ခံ အမှတ်(၄၄၁) နည်းဗျူဟာမှူး အပါအဝင် အခြားအဆင့်စစ်သည်များစွာ သေဆုံးခဲ့သည်။

စစ်ကောင်စီ၏ထိုးစစ်ကို KNLAတပ်ရင်း(၂၇) Cobra စစ်ကြောင်း၊ကျားသစ်နက်စစ်ကြောင်း၊ တပ်မဟာလုံခြုံရေးစစ်ကြောင်း၏ တပ်ခွဲ(၂)၊ Federal Wings Droneအဖွဲ့၊ ရောင်နီတပ်ခွဲ ဒရုန်းအဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်နေခြင်းဖြစ်သည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly