မြင်းခြံထောင်မှ မုံရွာမြို့နိုင်ငံရေးလှုပ်ရှားတက်ကြွသူ ၁၉ဦး လွတ်ငြိမ်းခွင့်ဖြင့် လွတ်မြောက်

မြင်းခြံထောင်မှ မုံရွာမြို့နိုင်ငံရေးလှုပ်ရှားတက်ကြွသူ ၁၉ဦး လွတ်ငြိမ်းခွင့်ဖြင့် လွတ်မြောက်

နိုဝင်ဘာလ ၁၉ ရက်

စစ်ကောင်စီက အမျိုးသားနေ့အောင်ပွဲအထိမ်းအမှတ်အဖြစ် လွတ်‌ငြိမ်းခွင့်ဖြင့် မြင်းခြံထောင်မှ လွှတ်ပေးလိုက်သူများထဲတွင် မုံရွာမြို့က နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ၁၉ဦး ပါဝင်လာကြောင်း မုံရွာမြို့တက်ကြွလှုပ်ရှားသူများထံမှ သိရသည်။

နိုဝင်ဘာလ ၁၇ရက်နေ့တွင် စစ်ကောင်စီက နိုင်ငံရေးနှင့်ပတ်သက်ဆက်နွယ်ပြီး လွတ်ရက် နီးသူများနှင့် ရာဇဝတ်မှုကျူးလွန်သူများကို လွှတ်ပေးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

မုံရွာမြို့တွင် အာဏာသိမ်းပြီး‌နောက် စစ်အာဏာရှင်ဆန့်ကျင်သည့် တက်ကြွလှုပ်ရှားသူများကို ဖမ်းဆီးထိမ်းသိမ်းခဲ့ပြီးနောက် မြင်းခြံထောင်သို့ရွေ့ ပြောင်းခဲ့ရာ ယခုလွတ်မြောက်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တက်ကြွလှုပ်ရှားသူများမှာ ၅၀၅ပုဒ်မဖြင့် တရားစွဲဆိုခံရခြင်းဖြစ်ပြီး မုံရွာ သပိတ်ကော်မတီမှ တက္ကသိုလ်(တကသ) ကျောင်းသားခေါင်းဆောင်များဖြစ်သော ကိုရှင်းသန့် ၊ ကိုရွှေဝင်းအောင် ၊ ကိုနေဦး(အလယ်ရပ် ရပ်ကျေးဥက္ကဋ္ဌ) ၊မုံရွာခရိုင် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (ဗကသ) အတွင်းရေးမှူးဟောင်း မဖူးသိမ့်သိမ့်တုန် တို့လွတ်မြောက်ကြောင်း သိရသည်။

ထို့အပြင် ကိုဇော်သူရိန်ထွန်း (စစ်ကိုင်းကွန်ပြူတာအသင်း ဥက္ကဋ္ဌ) ၊ မအေးချမ်းမြေ့ ၊ မဟန်နီထွန်းထွန်း ၊ ရန်နိုင်ကျော် (ဇာတ်မင်းသား) ၊ မတင်တင်အေး ၊ မညိုမီနိုင် ၊ မဝေနိုင် ၊ ဒေါ်အေးသန့် ၊ မမြင့်မိုး ၊ မမြင့်ဌေး ၊ မနွယ်ဇင်ဝင်း ၊ ကိုထွန်းခိုင် ၊ ကိုလွင်မိုးသန့် ၊ ကိုဇင်ကိုလင်းထက် ၊ ကိုဇင်နောင် တို့လည်း လွတ်မြောက်လာကြောင်း သိရသည်။

“လွတ်မြောက်လာသူတွေအတွက် ဝမ်းမြောက်ပါတယ်။ စစ်ကောင်စီရဲ့ လွှတ်ပေးလိုက်တဲ့ လုပ်ရပ်အပေါ်မှာတော့ ကြိုဆိုစရာအကြောင်းမရှိပါဘူး ၊ စစ်ကောင်စီအနေနဲ့ နောက်ဆုံးထွက်ပေါက်ဖြစ်တဲ့ ရွေးကောက်ပွဲဟာ ဖိအားအမျိုးမျိုးအောက်ကိုရောက်နေ ပြီဆိုတာကို လက်ခံသွားပြီးတော့ ဖိအားတွေ လျှော့ချဖို့ ကြိုးစားမှုလို့ မြင်ပါတယ်။

စစ်ကောင်စီဟာ ကျနော်တို့နိုင်ငံရဲ့ အမျိုးသားနေ့ကို ကြောက်ရွံ့ထိတ်လန့်တုန်လှုပ်စွာ နဲ့ “ကမ္ဘာ့အာဆီယံ အမျိုးသားနေ့” လို့များ အပြောင်းလဲလုပ်သလားလို့တောင်မြင် မိပါတယ်တယ်။ ” ဟု မုံရွာမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ခေါင်းဆောင်တစ်ဦးက မဇ္စျိမ ကိုပြောသည်။

လွတ်မြောက်လာသူများထဲတွင် နိုင်ငံရေးနှင့်ပတ်သက်ဆက်နွယ်ပြီး လွတ်ရက်စေ့သူများနှင့် ရာဇဝတ်မှုဖြင့် ထောင်ဒဏ်အပြစ်ပေးခံထားရသူအများအပြားပါဝင်ကြောင်း သိရပြီး လွတ်မြောက်လာသူ အရေအတွက်အတိအကျကို စာရင်းပြုစုနိုင်ခြင်းမရှိသေးကြောင်း ၎င်းကဆိုသည်။

ယင်းနေ့တွင် မုံရွာထောင်မှ လွှတ်ရန် စာရင်းမှာ အမျိုးသား ၄၀ဦးနှင့် အမျိုးသမီး တစ်ဦး စုစုပေါင်း ၄၁ဦးဖြစ်သော်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ ထောင်သို့သွားသည့် လမ်းများဖြစ်သည့် တမာတန်းလမ်းဆုံနှင့် မြစန္ဒာခမ်းမဘက်များမှ လမ်းများ ပိတ်ဆို့ ထားသဖြင့် ထောင်ရှေ့သို့ မိသားစုဝင်များ သွားရောက်စောင့်ဆိုင်းနိုင်ခြင်းမရှိကြောင်း သိရသည်။

၂၀၂၂ခုနှစ် နိုင်ဝင်ဘာ ၁၇ရက်နေ့တွင် အကျဉ်းသား အကျဉ်းသူ စုစုပေါင် ၅,၇၇၄ ဦးအား ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ ၄၀၁ (၁) အရ ပြန်လည်လွှတ်ပေးမည်ဟု စစ်ကောင်စီက ထုတ်ပြန်ခဲ့သော်လည်း လွှတ်ပေးခဲ့သည့်စာရင်းတွင် နိုင်ငံရေးအကျဉ်း သား ၇၂ဦးသာပါဝင်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းများအရသိရသည်။

စာတည်း။ ။ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly