စစ်ကောင်စီတပ် ဗုံးကြဲမှုကြောင့် ဦးလွင်ကိုလတ်နှင့် ဦးမန်းဂျော်နီတို့ သေဆုံးကြောင်း သတင်းမှား

စစ်ကောင်စီတပ် ဗုံးကြဲမှုကြောင့် ဦးလွင်ကိုလတ်နှင့် ဦးမန်းဂျော်နီတို့ သေဆုံးကြောင်း သတင်းမှား

နိုဝင်ဘာလ ၁၉ ရက်

ကရင်အမျိုးသားအစည်းအရုံး (KNU) ၊ တပ်မဟာ (၆) ထိန်းချူပ်နယ်မြေရှိ မက္ကသာမိုင်းတွင်းကို စစ်ကောင်စီတပ်က လေကြောင်းမှနေ၍ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ် နှင့် ဧရာဝတီတိုင်းဝန်ကြီးချူပ်ဟောင်းမန်းဂျော်နီတို့ ထိခိုက် သေဆုံး ခဲ့ကြောင်း မှားယွင်းသည့် ဝါဒဖြန့်ချိဝေမျှမှုများ ရှိခဲ့သည်။

သတင်းစောင့်ဖတ်သူ ၂၀,၀၀၀ ကျော်ရှိသည့် Snow Queen အပါအဝင် စစ်ကောင်စီ၏ အခြား ဝါဒဖြန့်ချန်နယ်များတွင် "Nov 17 KNU တပ်မဟာ ၆ ဌာနချုပ်၏ မက္ကသာမိုင်းတွင်းသို ဗုံးကြဲခဲ့သည့်ဖြစ်စဉ်တွင် NLD ဧရာဝတီတိုင်းဝန်ကြီးချုပ်ဟောင်း မန်းဂျော်နီ နှင့် NLD အမတ်ဟောင်း လွင်ကိုလတ် တို့ပါ သေဆုံးခဲ့သည်ဟု Spy CDM & SPY PDF များက သတင်းပို့လာ" ဟု (မူရင်းအရေးအသားအတိုင်း) ရေးသား ထားသည်။

ထို့ပြင် စစ်ကောင်စီအား ဝါဒဖြန့်ချိပေးနေသည့် Facebook အကောင့်အချို့မှလည်း အဆိုပါ သတင်းမှားကို ဖြန့်ဝေခဲ့သည်။

မဇ္ဈိမ၏ အချက်အလက်စစ်ဆေးချက်များအရ ပြီးခဲ့သည့် နိုဝင်ဘာ ၁၆ ရက်နေ့ တွင် Karen Information Center-KIC သတင်းဌာနက "စစ်ကောင်စီမှ ဂျက်ဖိုက်တာလေယာဉ်ဖြင့် လာရောက်ဗုံးကြဲချမှုကြောင့် လူ ၃ ဦးသေဆုံး" ဟု သတင်းတင်ဆက်ထားပြီး သေဆုံးသူများတွင် ဦးမန်းဂျော်နီနှင့် ဦးလွင်ကိုလတ်တို့ ပါဝင်ကြောင်း ဖော်ပြထားခြင်းမရှိပေ။ လင့် − t.ly/osYT

ထို့အပြင် ဗုံးကြဲသည့် ဖြစ်စဉ်နှင့် ပတ်သက်၍ KNU ဗဟို ပြောရေးဆိုခွင့်ရှိသူ ဗဒိုစောတောနီးမှ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် သုံးဦး သေဆုံးပြီး ခြောက်ဦး ဒဏ်ရာရခဲ့ကြောင်း၊ ဒဏ်ရာရသူထဲတွင် အသက် (၅၂) နှစ်အရွယ် ဇူဂျင်းမေ ဆိုသူ တရုတ်နိုင်ငံသားတစ်ဦး ပါဝင်ကြောင်း RFA သတင်းဌာနကို အတည်ပြုထားသည်။ လင့် − t.ly/2eif

အလားတူ အခြား ယုံကြည်ရသည့် မီဒီယာများတွင်လည်း စစ်ကောင်စီ၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုတွင် NUG ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်နှင့် ဧရာဝတီတိုင်း ဝန်ကြီးချူပ်ဟောင်း ဦးမန်းဂျော်နီတို့ သေဆုံးကြောင်း ဖော်ပြထားခြင်း မရှိပေ။

တဖန် NUG ကာကွယ်ရေးဝန်ကြီးဌာန၏ ဒုတိယဝန်ကြီး ဦးနိုင်ထူးအောင်က “ ဗုံးကြဲချိန် ဝန်ကြီးရော အဘ မန်း ဂျော်နီရော ဗုံးကြဲတဲ့အထဲ ပါသွားတယ်ဆိုတာ လုံးဝမှန်ကန်မှု မရှိပါဘူး။ ဝန်ကြီးရော၊ အဘရော ဘေးအန္တရာယ်ကင်းရှင်းစွာနဲ့ တာဝန်ထမ်းဆောင် နေပါတယ်” ဟု မဇ္ဈိမကို ပြောသည်။

ထို့ကြောင့် သဗြုမိုင်းတွင်း ဗုံးကြဲတိုက်ခိုက်ခံရမှု ဖြစ်စဉ်တွင် NUG ပြည်ထဲရေးဝန်ကြီးနှင့် ဧရာဝတီတိုင်း ဝန်ကြီးချူပ်ဟောင်း မန်းဂျော်နီတို့ ကျဆုံး ဆိုသည်မှာ စစ်တပ်ထောက်ခံသူများ ဝါဒဖြန့်နေသည့် သတင်းအမှားတစ်ပုဒ်သာဖြစ်သည်။

ယခုဗုံးကြဲခံရသည့် မက္ကသာကျေးရွာအနီး သဗြုမိုင်းတွင်းသည် ပြီးခဲ့သည့် အောက်တို ဘာလအတွင်းက စစ်ကောင်စီ၏ ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် သောင်းကျန်း သူများစွာခိုလှုံနေသဖြင့် ဗုံးကြဲတိုက်ခိုက်ရန် မြေပုံနှင့်တကွ တောင်းဆိုခဲ့မှုများအပြီး တစ်လကျော်အကြာတွင် ဗုံးကြဲတိုက်ခိုက်ခံရခြင်း ဖြစ်သည်။

မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟု သံသယရှိသည့် အချက် အလက်များ၊ သတင်းဆောင်းပါးများ၊ သတင်းမှားများကို ယခုလင့်သို့ - https://bit.ly/3x5qnf5 ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။

#Misinformation_Buster

#Fake_News

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly