ပါကစ္စတန်တွင် ဆန္ဒပြသူများက တရုတ်နှင့် စီးပွားရေးစင်္ကြံကို ပိတ်ဆို့မည်ဟု ခြိမ်းခြောက်

ပါကစ္စတန်တွင် ဆန္ဒပြသူများက တရုတ်နှင့် စီးပွားရေးစင်္ကြံကို ပိတ်ဆို့မည်ဟု ခြိမ်းခြောက်

ပါကစ္စတန်နိုင်ငံ ဂွါဒါဆိပ်ကမ်းမြို့တွင် တရားမဝင် ဆွဲပိုက်တိုက်၍ ငါးဖမ်းခြင်းကို တားမြစ်ရန်နှင့် မလိုလားအပ်သော စစ်ဆေးရေးဂိတ်များကို ဖယ်ရှားခြင်းပါအဝင် ပြဿနာအများအပြားကို မဖြေရှင်းနိုင်ခြင်းကြောင့် ဂွါဒါဆိပ်ကမ်းမြို့တွင် နိုဝင်ဘာ ၁၄ရက် က ဆန္ဒပြမှုဖြစ်ပွားခဲ့ပြီး တရုတ်နှင့် စီးပွားရေးစင်္ကြံ စီမံကိန်း (CPEC) ကို ပိတ်ဆို့မည်ဟု ခြိမ်းခြောက်ခဲ့ကြသည်။

ရာနှင့်ချီသော ကလေးများလည်း ဆန္ဒပြပွဲတွင် ပါဝင်ခဲ့ပြီး တာဘတ်၊ပတ်စ်နီနှင့် ဂွါဒါခရိုင်အခြားနေရာများမှ ဂွါဒါမြို့သို့ ရောက်ရှိကာ တောင်းဆိုချက်များကို ဖော်ပြထားသော အလံများနှင့် နဖူးစည်းစာတန်းများ ကိုင် ဆောင်ကာ လမ်းများတစ်လျှောက် ချီတက်လာခဲ့ကြောင်း Dawn သတင်းတွင် ဖော်ပြထားသည်။

ဆန္ဒပြသူများသည် တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံ (CPEC) စီမံကိန်းကို ဆန့်ကျင်သည့် ကြွေးကြော်သံများ ကြွေးကြော်ခဲ့ကြသည်။ ဒေသအတွင်းနှင့် ဒေသခံများအတွက်ပါ ထိခိုက်နစ်နာမှုများ ရှိနေသည်။

တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံ (CPEC) ကို ၂၀၁၅ခုနှစ် ဧပြီလတွင် စတင်ခဲ့ပြီး ပါကစ္စတန်၏ စီးပွားရေးကို အားဖြည့်ရန် ရည်မှန်းထားခဲ့သည်။

သာမန်ပါကစ္စတန်ပြည်သူများကို ဆင်းရဲတွင်းမှ ဖယ်ရှားပေးမည်ဟု နှစ်နိုင်ငံခေါင်းဆောင်များက လူသိရှင်ကြား ထုတ်ဖော်ပြောဆိုခဲ့သော်လည်း CPEC သည် ယင်းကတိများကို မဖြည့်ဆည်းနိုင်သေးပေ။

တရုတ်စီမံကိန်းများက ဘလူချီလူမျိုးများကို ယင်းတို့၏ အခြေချနေထိုင်ရာနေရာမှ ပြောင်းရွှေ့စေခဲ့သည်မှာ ထင်ရှားသည်။

ဥပမာ ရာစုနှစ်များစွာ တည်ရှိခဲ့သော ဂွါဒါ၏ ရှေးအကျဆုံး ရပ်ကွက်အချို့တွင် နေထိုင်သော တံငါသည်များသည် ယခုအခါဂွါဒါ၏ မြောက်ဘက်ရှိ နိုကန်မူလာဘန်သို့ ရွှေ့ပြောင်းပေးခဲ့ရသည်။ အများစုက ဒေသခံများကို ယင်းဒေသမှ ထွက်ခွာရန် ဖိအားပေးသည့် အစီအစဉ်ဖြစ်ကြောင်း ယူဆထားကြသည်။ ဇူလိုင်လ ၂၀၂၂ခုနှစ်တွင် ဘလူချီစတန်လွတ်မြောက်ရေးတပ်ဦး (BLF) ၏ အကြီးအကဲ ဒေါက်တာနာဆာ ဘလူးချ်က ဌာနေတိုင်းရင်းသား သိန်းနှင့်ချီ၍ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ပြီး ၎င်းတို့၏ ပိုင်ဆိုင်မှုများကို ဖျက်ဆီးခဲ့သည့် ဘလူချီစတန်ရှိ CPEC စီမံကိန်းများကိုရပ်ဆိုင်းရန် တရုတ်ကို ဗီဒီယိုမက်ဆေ့ချ်တစ်ခုတွင် တိုက်တွန်းခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required