ခင်ဦးနယ်တွင် စစ်ကောင်စီ၏ ခြေလျင်စစ်ကြောင်းတိုက်ခိုက်ခံရပြီး ၁၀ ဦးသေဆုံးဟုဆို

ခင်ဦးနယ်တွင် စစ်ကောင်စီ၏ ခြေလျင်စစ်ကြောင်းတိုက်ခိုက်ခံရပြီး ၁၀ ဦးသေဆုံးဟုဆို

မဇ္ဈိမ။ ။ စစ်ကိုင်းတိုင်း ၊ ရေဦးမြို့နယ်မှ ခင်ဦးမြို့နယ် ဘက်သို့ နိုဝင်ဘာ ၁၇ ရက်နေ့ နံနက်ပိုင်းမှ စတင်၍ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီ စစ်ကြောင်းကို ချောင်းဦး မြို့နယ် ကုန်းသာ၊အောင်သာနှင့် ရွှေယမင်း ကျေးရွာကြားတွင် ဒေသကာကွယ်ရေးပူးပေါင်တပ်ဖွဲ့က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၀ ဦးခန့် သေဆုံးခဲ့ကြောင်း Khin U local Guerrilla Force (KUGF) တာဝန်ရှိသူထံက သိရသည်။

ခင်ဦးမြို့နယ်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီ၏ ခြေလျင်စစ်ကြောင်းကို ယမန်နေ့ နိုဝင်ဘာလ ၁၇ ရက်နေ့ မွန်းလွဲ ၁နာရီခန့်တွင် ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့က လမ်းခရီးတွင် စောင့်ကြို တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့က မနက်ကတည်းက စစ်ကောင်စီတပ်နောက် လိုက်နေတာ။ ကျွန်တော်တို့ ကြိုစောင့်တဲ့နေရာ နဲ့ လွတ်လွတ်သွားတာ။ မွန်းလွဲ ၁ နာရီလောက်မှ ကျွန်တော်တို့နဲ့ တွေ့ပြီး အပြန်အလှန် ပစ်ခတ်မှုဖြစ်ခဲ့တာ။ တိုက်ပွဲက ၁ နာရီလောက် ကြာတယ်။ ကျွန်တော်တို့ဘက်က လက်နက်ကြီး ၊ လက်နက်ငယ်တွေ နဲ့ ပစ်ခတ်ခဲ့သလို စစ်ကောင်စီဘက်ကလည်း ပြန်လည်ပစ်ခတ်မှုတွေ ရှိတယ်။ သေဆုံးသူတွေ ကိုတော့ ဆိုင်ကယ် ငါးစီး နဲ့အတူ မီးပုံရှို့ထားခဲ့တယ်လို့ ထင်ရတယ်။ အရိုးစနဲ့တူတာတွေ့ တွေ့ခဲ့ရတယ်” ဟု KUGFအဖွဲ့၏ တာဝန်ရှိသူက ပြောသည်။

အဆိုပါ စစ်ကြောင်းသည် ရေဦးမြို့နယ် မှ ခင်ဦးမြို့နယ် အနောက်တောင်ဘက်အခြမ်း သို့ စစ်ကြောင်းထိုးလာခြင်းဖြစ်ကာ လမ်းတစ်လျှောက် ကျေးရွာများဖြစ်သည့် ညောင်ပင်ခြံ၊ ဆည်ကြီး၊ မရမ်းအင်း နှင့် ကုန်းသာ ကျေးရွာများ ကို ဝင်ရောက် မွှေနှောက်ဖျက်ဆီးခဲ့သည်။ ထို့ပြင် ၁၀ တန်းကျောင်သားတစ်ဦး အပါအဝင် ဒေသခံပြည်သူ လေးဦးကို ဓားစားခံ အဖြစ်ဖမ်းဆီး ခေါ်ဆောင်ထားကြောင်း သိရသည်။

စစ်ကောင်စီတပ်များသည် ခင်ဦး-ရေဦးလမ်းပိုင်းတွင် ကာကွယ်တပ်ဖွဲ့များ၏ မကြာခဏ မိုင်းဆွဲခြင်းခံနေရသည့်အတွက် ယခုကဲ့သို့ တောလမ်းမှ ဝင်ရောက်၍ ကားတန်းများဖြတ်နိုင်သည့် ပုံစံမျိုးလုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။

“သူတို့ (စစ်ကောင်စီတပ်) က ခင်ဦး-ရေဦး လမ်းပိုင်းကို မိုင်းကွင်းရှင်းမယ်လို့ ကြားတယ်။ မိုင်းကွင်း ရှင်းဖို့တောလမ်းကနေ စစ်ကြောင်းတစ်ကြောင်း အရင်ဝင်ထားပြီးမှ ကားလမ်း ပေါ်ကနေ ကားကူးတာဗျ” ဟု KUGF တာဝန်ရှိသူတစ်ဦးက ဆိုသည်။

တိုက်ခိုက်ခံခဲ့ရသည့် အဆိုပါ စစ်ကောင်စီစစ်ကြောင်းသည် ရွှေယမင်း ကျေးရွာတွင် ညအိပ် စခန်းချခဲ့ပြီး ယနေ့ နိုဝင်ဘာ ၁၈ ရက် နံနက်ပိုင်းတွင် ရွှေယမင်းကျေးရွာမှ ထွက်ကာ လက်နက်ကြီးများနှင့် ရမ်းသန်း ပစ်ခတ်မှုများ ပြုလုပ်နေကြောင်းသိရသည်။

စာတည်း။ ။မောင်ကောင်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required