နွေဦးတော်လှန်ရေး နေ့စဉ်မှတ်စု (၁၈ နိုဝင်ဘာ ၂၀၂၂)

နွေဦးတော်လှန်ရေး နေ့စဉ်မှတ်စု (၁၈ နိုဝင်ဘာ ၂၀၂၂)

အမျိုးသားညီညွတ်ရေး အစိုးရ

· နိုင်ငံရေးအကျဉ်းသားများ ပြန်လည်လွတ်မြောက်လာခြင်းသည် နွေဦးတော်လှန်ရေး၏ အောင်မြင်မှုတစ်ခု ဖြစ်သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက တော်လှန်ရေးအတွက် ဂုဏ်ယူလိုက်သော်လည်း စစ်အုပ်စု၏ " မီးစတစ်ဖက်၊ ရေမှုတ်တစ်ဖက် ဗျူဟာ" နှင့် ပတ်သက်၍ အွန်လိုင်းမှ တစ်ဆင့် ပြုလုပ်သော အရေးပေါ်မိန့်ခွန်းတွင် သတိပေးပြောကြားလိုက်သည်။

· သုညက စခဲ့သည့် နွေဦးတော်လှန်ရေးသည် အနိုင်ဘက်ကို အတော်ခရီးပေါက်နေပြီ ဖြစ်ကြောင်း ယာယီသမ္မတ ဒူဝါလရှီးလက အရေးပေါ် အခြေပြ မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

· အမျိုးသားညီညွတ်ရေး အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန နှင့် တရားရေးဝန်ကြီးဌာနတို့အကြား တွေ့ဆုံ ဆွေးနွေးပွဲကို နိုဝင်ဘာ ၁၇ ရက်မှာ ပြုလုပ်ခဲ့ပြီး စစ်ဘက်၊ အရပ်ဘက် တရားစီရင်ရေးကိစ္စ မူဝါဒ ချမှတ်ရေး၊ စစ်တရားရုံးများ အမြန်ဆုံး ဖွဲ့စည်းနိုင်ရေး၊ ပြည်သူ့ ကာကွယ်ရေးတပ်မတော်ဥပဒေတစ်ရပ်‌ ရေးဆွဲပြဋ္ဌာန်းနိုင်ရေး နှင့် အခြားအထွေထွေဆွေးနွေးမှုများကို ဆွေးနွေးခဲ့ကြောင်း တရားရေး ဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

· ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ တည်ဆောက်နိုင်ရေးအတွက် လွှတ်တော်ကဏ္ဍကနေ ကြိုးပမ်းသွားမည်ဟု နိုဝင်ဘာ ၁၇ ရက်က (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားတွင် ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်က ပြောကြားလိုက်သည်။

· ကရင်နီ(ကယား)ပြည်နယ်တွင် အကြမ်းဖက် စစ်ကောင်စီတပ်သည် လက်နက်ကြီးများဖြင့် အရပ်သား ပြည်သူများ နေထိုင်ရာနေရာများသို့ ဦးတည်၍ ပစ်မှတ်ထား တိုက်ခိုက်မှုများကို နေ့စဉ်နှင့်အမျှ ပြုလုပ်လျက်ရှိရာ ယခု နိုဝင်ဘာလဝက်အတွင်း ကလေးငယ်တစ်ဦး အသက် ဆုံးရှုံးခဲ့ပြီး ပြည်သူ ၂၈ ဦး ဒဏ်ရာရခဲ့သည်ဟု ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ (KSCC) က ထုတ်ပြန်သည်။

· အမျိုးသား ညီညွတ်ရေး အစိုးရ (NUG)မှ မသန်စွမ်းသူများနေ့ အထိမ်းအမှတ် ပြိုင်ပွဲများ ပြုလုပ်ရန် အဖွဲ့ဝင်များ ဖိတ်ခေါ်ထားကြောင်း သိရသည်။

တော်လှန်ရေး လှုပ်ရှားမှုများ

· အာဆီယံအလှည့်ကျဥက္ကဋ္ဌသည် ၎င်း၏အာဆီယံဥက္ကဌသက်တမ်းမကုန်ဆုံးမီ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်နှင့်အတူ မြန်မာ့ငြိမ်းချမ်းရေး ကိုရှေ့ဆက်သွားမည်ဟု ကတိပြု ထားကြောင်းသိရှိရပြီး အာဆီယံကိုယ်စားလှယ်၏ တတိယအကြိမ်မြောက် တရားဝင် ခရီးစဉ်အား စီစဉ်နေကြောင်း သိရသည်။

· ရန်ကုန်တိုင်း၊ ခရမ်းမြို့နှင့် ၁၂ မိုင်ဝေးသော ရိုးကြီးကျေးရွာတွင် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသန်းဌေးကို PDF အဖွဲ့က နိုဝင်ဘာ ၁၈ ရက်၊ နံနက် ၉ နာရီခန့်က သေနတ်ဖြင့် ၇ ချက် ပစ်ခတ်သတ်ဖြတ် သွား ကြောင်း ဒေသခံများက ပြောသည်။

· ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ကြံခင်းစုရပ်ကွက်ရှိ ရဲကင်းဂိတ်ကို War of Hunter Revolution Force (WOH) အဖွဲ့က နိုဝင်ဘာ ၁၇ ရက်၊ ည ၈ နာရီခန့်က ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း အဆိုပါ အဖွဲ့မှ ဗိုလ်တွတ်ပီက ပြောသည်။

· ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ ရွာမအရှေ့ရပ်ကွက်၊ သီရိမင်္ဂလာလမ်းမပေါ် စစ်တပ်လက်အောက်ခံ ဦးပိုင် ကုမ္ပဏီ၏ ကားကြီးဝင်းကို နိုဝင်ဘာ ၁၇ ရက်၊ နေ့လယ် ၂ နာရီ မိနစ် ၄၀ ခန့်က အဝေးထိန်းမိုင်း နှစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ တိုက်ခိုက်မှုကို Divine Ranger Forces ( DRF ) နှင့် United Resistance Force ( UGF ) တို့က ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း သက်ဆိုင်ရာ မြို့ပြ ပြောက်ကျားတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်အရ သိရသည်။

· ရန်ကုန်မြို့တွင် နေ့စဉ်ရင်ဆိုင်နေရသည့် ပြဿနာဖြစ်သည့် ခိုး၊ ဆိုး၊ လု၊ နှိုက်များရန်မှ ကာကွယ်ပေးရန်အတွက် Fright The Thieves (FTT) အဖွဲ့ကို ဖွဲ့စည်းထားကြောင်း သိရသည်။

· စစ်ကိုင်းတိုင်း ၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်တွင် နယ်မြေမငြိမ်မသက်ဖြစ်နေသည့်ကြားမှ နိုဝင်ဘာ ၁၈ ရက်တွင် ကနီမြို့နယ် နွေဦးတော်လှန်ရေးသပိတ် အင်အားစုမှ ဦးဆောင်ပြီး အင်အားရာချီဖြင့် ၁၀၂ နှစ်ပြည့် အမျိုးသားနေ့ အောင်ပွဲ နှင့် စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်ကို ကျင်းပပြုလုပ်ခဲ့သည်။

· စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ အရှေ့ခြမ်းနှင့် ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းရှိ ကျေးရွာများစုပေါင်း၍ စစ်အာဏာရှင်ဆန့်ကျင်ရေး ရက်ပေါင်း ၆၁၇ ရက်မြောက်အဖြစ် နိုဝင်ဘာ ၁၈ ရက်တွင် ချီတက်ဆန္ဒပြကြသည်။

· စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်တွင် ယနေ့ နိုဝင်ဘာ ၁၈ ရက်၊ နံနက်ပိုင်း၌ အမျိုးသား ညီညွတ်ရေးအစိုးရ NUG ကို ပြည်သူများမှ စုပေါင်းထောက်ခံကြောင်းနှင့် "စုပေါင်းအားဖြင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ထူထောင်စို့ " "ဖိနှိပ်ခံတို့ လွတ်မြောက်ဖို့ တရားမျှတမှုအတွက် သွေးစည်းစို့" ဟု စုပေါင်း ဖော်ထုတ် ဆန္ဒပြခဲ့ကြပီး စစ်အာဏာရှင်စနစ်အား လက်မခံကြောင်း ကြွေးကြော်ခဲ့ကြသည်။

· ကိုလိုနီကျွန် ပညာရေး စနစ်ကို ကျောင်းသားများ စတင်သပိတ်မှောက်ကြရာမှ ပေါက်ပေါက်လာခဲ့သည့် အမျိုးသားအောင်ပွဲနေ့ (၁၀၂)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ချောင်းဦးမြို့နယ် လူငယ်အင်အားစု သပိတ်ကော်မတီ၊ မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီနှင့် မုံရွာ-အမြင့်လမ်း သပိတ်ဦးဆောင် ကော်မတီတို့ မှပူးပေါင်းချီတက်၍ ကျောင်းသားထုတစ်ရပ်လုံးကပါ စစ်အာဏာရှင်တို့၏ ကျွန်ပညာရေးစနစ်ကို ဆက်လက်သပိတ်မှောက် တော်လှန်နေကြောင်း ချီတက်ဆန္ဒပြခဲ့ကြသည်။

· စစ်ကိုင်းတိုင်း၊ မုံရွာတော်လှန်လူငယ်များကွန်ရက်က လုံခြုံရေး တင်းကျပ်ထားသည့် မုံရွာမြို့ မီးပွိုင့်တစ်နေရာတွင် ပြည်သူများသွေးမအေးရန် "ဖိနှိပ်ရင် တွန်းလှန်" ဘန်နာချိတ်ဆွဲကာ အာဏာရှင်ကျဆုံးရေး ယနေ့ သပိတ်မှောက်ကြကြောင်း သိရသည်။

· စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အတွင်း နိုဝင်ဘာ ၁၇ ရက်၊ နံနက် ၆ နာရီခွဲခန့်က ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များ နှင့် စစ်ကောင်စီစစ်ကြောင်းတို့ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်က ၁၀ ဦးခန့် သေဆုံးခဲ့ကြောင်း Khin U local Guerrilla Force (K.U.G.F) မှ ဗိုလ်ဂျက်စတင်က ပြောသည်။

· စစ်ကိုင်းတိုင်း ၊ မုံရွာမြို့နယ်၊ မုံရွာ - ချောင်းဦး လမ်းပိုင်း တစ်နေရာတွင် ခြေလျင်တက်လာသည့် စစ်ကောင်စီတပ်ဖွဲ့အား နိုဝင်ဘာ ၁၇ ရက်၊ နေ့လယ် ၁ နာရီခန့်က ပဒေသာမိုင်းဖြင့် နှစ်ကြိမ်ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Monywa Peregrine People's Defence Force (အမဲလိုက်သိန်းငှက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မုံရွာ) တပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

· စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ကုန်းသာကျေးရွာမှ ဆယ်တန်းကျောင်းသားတစ်ဦးအပါအ၀င် ဒေသခံ သုံးဦးကို စစ်ကောင်စီတပ် က နိုဝင်ဘာ ၁၇ ရက်၊ နံနက်ပိုင်းက လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ် ဆောင်သွားကြောင်း ဒေသခံများက ပြောသည်။

· စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်တွင် ထိုးစစ်စတင်နေချိန် ဖြစ်သဖြင့် အရေးပေါ်လက်နက် တပ်ဆင်ရန် လိုအပ်နေကြောင်း Monywa The Boys (အထူးကွန်မန်ဒိုတပ်ဖွဲ့) တာဝန်ခံက ပြောသည်။

· စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ တလိုင်းကျေးရွာကို ယနေ့ နံနက်ပိုင်းက အကြမ်းဖက် စစ်တပ်က ဝင်ရောက်မီးရှို့နေပြီး စစ်ကိုင်းမြို့ နယ်ရှိ ကျေးရွာ ၂၀ မှ ပြည်သူ လူထု သောင်းချီ ထွက်ပြေးနေရကြောင်း ဒေသခံများ၏ ပြောဆိုချက်ကို ကိုးကားပြီး ရန်ကုန် ခေတ်သစ် သတင်းဌာနတွင် ဖော်ပြထားသည်။

· မကွေးတိုင်း၊ မကွေးမြို့ပေါ်ရှိ စစ်ကောင်စီ ထောက်တိုင် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန(လဝက)ရုံးကို ယမန်နေ့ နံနက် ၁၁ နာရီခန့်က မိုင်းဖောက်ခွဲ သတိပေးခဲ့ကြောင်း ဗိဿနိုးနယ်မြေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်ထန်ထွဋ်က ပြောသည်။

· မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ဆပ်သွားရွာကို နိုဝင်ဘာ ၁၆ ရက်က အကြမ်းဖက် စစ်တပ်က မီးတင်ရှို့သဖြင့် နေအိမ် ၇ လုံးနှင့် ဆေးပေးခန်း ၁ ခု မီးလောင်ပြာကျခဲ့ကြောင်း ရေစကြိုသတင်းရင်းမြစ် Yesagyo Township Info Committee ထံမှ သိရသည်။

· မကွေးတိုင်း၊ ဆောမြို့နယ်ရှိ ကျေးရွာ ၂ ရွာကို အကြမ်းဖက် စစ်တပ်က နိုဝင်ဘာ ၁၅ ရက်က မီးရှို့မှုပြုလုပ်ခဲ့သဖြင့် နေအိမ် ၂၂၆ လုံးပြာကျ ခဲ့ကြောင်း ယောအလင်းတန်း အဖွဲ့မှ တာဝန်ရှိသူ တစ်ဦး၏ ပြောဆိုချက်ကို ကိုးကားပြီး ရန်ကုန်ခေတ်သစ် မီဒီယာတွင် ဖော်ပြထားသည်။

· မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်၊ မြတောင်ဘုန်းကြီးကျောင်းအနီးတွင် နိုဝင်ဘာ ၁၈ ရက်၊ နံနက်ပိုင်း ဗုံးပေါက်ကွဲမှုကြောင့် လူ ၁ ဦး ဗုံးစထိမှန်ဒဏ်ရာဖြင့် သေဆုံးခဲ့ကြောင်း မန္တလေးဒေသခံလူငယ်တစ်ဦးက ပြောသည်။

· မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ တောင်ပြုန်းရွာက ပျူခေါင်းဆောင် ဘူကြီးဆိုသူကို နိုဝင်ဘာ ၁၇ ရက်၊ နံနက်ပိုင်းတွင် ပြောက်ကျားတပ်ဖွဲ့များက ပူးပေါင်း၍ သေနတ်ဖြင့် ပစ်ခတ်လိုက်ရာ သေဆုံးသွားကြောင်း ပုသိမ်ကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပုသိမ်ကြီး-ပကဖ)က သတင်းထုတ်ပြန်သည်။

· ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင်မှ NLD လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအပါအဝင် စုစုပေါင်း ခုနစ် ဦးကို အာဏာသိမ်းစစ်ကောင်စီက ဖမ်းဝရမ်းထုတ်ထားသည့် ဗီနိုင်းများလိုက်ကပ်နေကြောင်း ဒေသခံများ ထံမှ သိရသည်။

· တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ ထုံတော်ကျေးရွာတွင် စစ်ကောင်စီနှင့် နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှုကြောင့် PDF ရဲဘော် နှစ်ဦး ကျဆုံးခဲ့ကြောင်း တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က နိုဝင်ဘာ ၁၇ ရက်စွဲဖြင့် ဝမ်းနည်းကြောင်း ထုတ်ပြန်ထားသည်။

· အကျဉ်းသား ၆၀၀၀ နီးပါးလွှတ်လိုက်သည့် စစ်ကောင်စီ၏ လွတ်ငြိမ်းတွင် နိုင်ငံရေးအကျဉ်းသား ၅၃ ဦးသာ ပါဝင်ကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP ) က ထုတ်ပြန်သည်။

တိုင်းရင်းသား လက်နက်ကိုင်များ

· ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ကုန်းသာကျေးရွာအတွင်း ဖြတ်သန်းသွားလာနေသော စစ်ကောင်စီ လက်နက် ၊ ရိက္ခာ တင်ကားကို နိုဝင်ဘာ ၁၈ ရက်က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးကြောင်း ကယား (ကရင်နီ) တော်လှန်ရေးတပ်ပေါင်းစု (KRU)က ပြောသည်။

· မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) တိုင်းရင်း သားတပ်မဟာ (၆၁၁) နှင့် စစ်ကောင်စီတပ်တို့သည်နိုဝင်ဘာ ၁၅ ရက်က လားရှိုးမြို့နယ်၊ နမ့်ပုံဒေသတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်တပ်က သေဆုံးထိခိုက်သူ စုစုပေါင်း ၃၀ ခန့်ရှိခဲ့ကြောင်း MNDAA ဘက်က သတင်း ထုတ်ပြန်ထားသည်။

· ရခိုင်များအနေဖြင့် ကွန်ဖက်ဒရိတ်အဆင့်အတန်းထက် မနိမ့်သည့် နိုင်ငံရေးအဆင့်အတန်းကို ရမည်ဆိုတာ ပြောထားပြီးသားဖြစ်ပြီး မည်သည့် ဘယ်အခြေအနေမှာပဲဖြစ်ဖြစ် ရခိုင့်ကံကြမ္မာကို ရခိုင်များ ဖန်တီးနိုင်အောင် ကြိုးစားလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ရက္ခိုင့်တပ်တော် ပြောခွင့်ရ ခိုင်သုခက DVB တွေ့ဆုံမေးမြန်းခန်းတွင် ပြောသည်။

စစ်ကောင်စီ

· စစ်ကောင်စီလက်ထက်တွင် ကုန်သွယ်မှု ပိုငွေ အမေရိကန်ဒေါ်လာ တစ်ဘီလီယံကျော် ရှိထားကြောင်း စစ်ကောင်စီ ဝါဒဖြန့်ချိရေး ခေါင်းဆောင် ဇော်မင်းထွန်းက ယနေ့ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

· စစ်ကောင်စီလက်ထက် တစ်နှစ်ကျော်အတွင်း အကျဉ်းသား ငါးသောင်း ကိုးထောင်ကျော်ကို ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ကြောင်း ယနေ့ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ စစ်ကောင်စီ ဝါဒဖြန့်ချိရေး ခေါင်းဆောင် ဇော်မင်းထွန်းက ပြောသည်။

· အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) နိုင်ငံအချို့သည် အမျိုးသားညီညွတ်ရေး အစိုးရ (NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)တို့နှင့် ဆက်သွယ် ခြင်းသည် အာဆီယံပဋိညာဉ်ကိုဆန့်ကျင်နေကြောင်း စစ်ကောင်စီပြန်ကြားရေးခေါင်းဆောင် ဇော်မင်းထွန်းက စွပ်စွဲပြောဆိုလိုက်သည်။

· PR စနစ်ဖြင့် ကျင်းပမည့် ရွေးကောက်ပွဲအတွက် သက်ဆိုင်ရာ ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများ ပြင်ဆင်ရေးဆွဲပြီး ဖြစ်ကြောင်း စစ်ကောင်စီခန့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၊ အဖွဲ့ဝင် ဦးခင်မောင်ဦးက ယနေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

· စစ်ကောင်စီ လွတ်ငြိမ်းချမ်းသာခွင့်နှင့် ပြန်လွတ်လာသည့် ပြည်ပနိုင်ငံသား (၄) ဦးကို လေဆိပ်သို့ ပို့ဆောင် ပြည်နှင်ဏ်ပေးခဲ့ပြီး အဆိုပါ ပြည်ပနိုင်ငံသား (၄) ဦးသည် သက်ဆိုင်ရာ နိုင်ငံအသီးသီးသို့ ရောက်ရှိသွားပြီဖြစ်ကြောင်း စစ်ကောင်စီထံမှ သိရသည်။

· မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လျှပ်စစ်ပိုင်းဆိုင်ရာ နှင့် စက်မှုလုပ်ငန်းများတွင် လာရောက် ပူးပေါင်းဆောင်ရွက်ရေး နှင့် ရင်းနှီးမြှပ်နှံမှုဆိုင်ရာ ကိစ္စရပ်များကို စစ်ကောင်စီခန့် လျှပ်စစ်စွမ်းအား ဝန်ကြီး ဦးသောင်းဟန် နှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီး ဒေါက်တာ မျိုးသိန်းကျော် တို့ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ နှင့် ရုရှားနိုင်ငံက EV ဘက်ထရီ ကုမ္ပဏီတို့ နိုဝင်ဘာ ၁၆ ရက်က ဆွေးနွေး ခဲ့ကြောင်း သိရသည်။

· “ဝ” အထူးဒေသ၌ အိမ်ထောင်စုလူဦးရေစာရင်း နှင့် နိုင်ငံသားကတ်ပြား ထုတ်ပေးခြင်း လုပ်ငန်း ဆောင်ရွက်မည်ဖြစ်ကြောင်း စစ်ကောင်စီခန့် လဝက ဝန်ကြီး ဦးမြင့်ကြိုင်က နိုဝင်ဘာ ၁၇ ရက်က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့၌ “ဝ”အထူး ဒေသတွင် ပန်းခင်း စီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးလုပ်ငန်း ကွင်းဆင်းဆောင်ရွက်မည့် ဝန်ထမ်းများကို တွေ့ဆုံရာတွင် ပြောသည်။

· မော်တော်ဆိုင်ကယ်အရောင်းပြခန်းလုပ်ဆောင်လိုသည့် ကုမ္ပဏီများ အသစ်ကိုသာ တင်သွင်းရန်နှင့် ကျပ်သိန်း ၅၀၀ ပေးသွင်းထားသည့် ဘဏ်အာမခံချက်တင်ပြရန် သတ်မှတ်ချက်များကို စစ်ကောင်စီ လက်အောက်ခံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

· ပြည်ပနိုင်ငံများထံ ကုန်ပစ္စည်းတင်ပို့ ရောင်းချခြင်းကနေ ရရှိနေသည့် နိုင်ငံခြားငွေ နှင့် ရရှိသည့် ပို့ကုန်ဝင်ငွေများကို အမေရိကန်ဒေါ်လာအပြင် တရုတ်ယွမ်၊ ထိုင်းဘတ်ငွေတို့နှင့်ပါ ပြန်လည်ပေး သွင်းခွင့်ပြုမည် ဖြစ်ကြောင်း စစ်ကောင်စီ လက်အောက်ခံ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ကြေညာထားသည်။

· စစ်ကောင်စီ လက်အောက်ခံ ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့စာတိုက်လုပ်ငန်း၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနက “နဖားကြူး(ခ)အမြီးဝိုင်း” ငှက်ပုံ (၂၀၀ ကျပ်တန်) စာပို့တံဆိပ်ခေါင်းသစ် (၁)မျိုးကို ရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရသည်။

· ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ မြို့နယ်များကို ဓာတ်အားပို့လွှတ်ဖြန့်ဖြူးလျက်ရှိသော မဟာဓာတ်အားလိုင်းကို PDF များက ဖောက်ခွဲဖျက်ဆီးခဲ့သည့်အတွက် လျှပ်စစ်ဓာတ်အား စဉ်ဆက်မပြတ် ဆက်လက်ဖြန့်ဖြူးနိုင်ရေး အမြန်ဆုံး ပြင်ဆင်ဆောင်ရွက်နေကြောင်း စစ်ကောင်စီ လက်အောက်ခံ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနက ထုတ်ပြန်ကြေညာသည်။

· ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ကြိမ်ချောင်းကျေးရွာရှိ နယ်မြေခံ ရဲကင်းစခန်းကို နိုဝင်ဘာ ၁၆ ရက်က AA အဖွဲ့မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ လောင်းဒုံးကျေးရွာအတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ကလေးငယ် နှစ်ဦးအပါအဝင် ၁၀ ဦးသေဆုံးပြီး ၂၄ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း စစ်ကောင်စီဘက်က ထုတ်ပြန်သည်။

နိုဝင်ဘာ ၁၈ ရက် သုံးသပ်ချက်

· စစ်ကောင်စီ၏ ယမန်နေ့ လွတ်ငြိမ်းတွင် နိုင်ကျဉ်း အနည်းငယ်သာ ပါဝင်သည်ကို ကြည့်ပါက နိုင်ငံတကာဖိအားများလျော့ကျနှင့် ၎င်းတို့လုပ်မည့် ရွေးကောက်ပွဲ ထောက်ခံလာအောင် ဆောင်ရွက်ခြင်းဖြစ်သည်။

· အညာဒေတွင် စစ်ကောင်စီတပ်များမှ ရွာများမီးရှို့နေခြင်းကြောင့် ဒေသခံပြည်သူ သောင်းနှင့်ချီပြီး ထွက်ပြေး တိမ်းရှောင်နေရသည်။စစ်ကောင်စီ တော်လှန်ရေးအဖွဲ့များကို မနိုင်သည့်အခါတွင် ဒေသခံ ပြည်သူကို သတ်ဖြတ် ဒုက္ခပေးသည့် ဗျူဟာ ခေတ်အဆက်ဆက်ကျင့်သုံးနေဆဲဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly