နိုင်ငံတစ်ဝန်းရှိ အကျဥ်းထောင်များမှ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်လာသူများတွင် နိုင်ငံရေးအကျဉ်းသား ၇၂ ဦးသာ ပါဝင်

နိုင်ငံတစ်ဝန်းရှိ အကျဥ်းထောင်များမှ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်လာသူများတွင် နိုင်ငံရေးအကျဉ်းသား ၇၂ ဦးသာ ပါဝင်

ရန်ကုန်(မဇ္ဈိမ)။။ စစ်ကောင်စီ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်လာသူဦးရေ စုစုပေါင်း ၅,၇၇၄ ဦးတွင် နိုင်ငံရေးအကျဉ်းသား ၇၂ ဦးသာပါဝင်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)၏ စာရင်းများအရ သိရသည်။

“ကျနော်တို့ အချက်အလက်အတိအကျ ရထားတာ ၇၂ ယောက်ပါ။ ဆက်လက်စုံစမ်းနေပါတယ်။ လောလောဆယ်တော့ ကျနော်တို့စာရင်းအရအဲဒါပဲ ရှိပါသေးတယ်။ ထပ်ပြီးတော့ စုံစမ်းနေပါတယ်။” ဟု AAPP မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

စစ်ကောင်စီအနေဖြင့် ယခုလွတ်ငြိမ်းချမ်းသာခွင့်တွင် အကျဉ်းသူ၊ အကျဉ်းသားများအား ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ ၄၀၁ အပိုဒ်(၁) အရ နောက်တစ်ကြိမ် ပြစ်မှုကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည် ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် ပြန်လွှတ်ပေးခြင်းဖြစ်ကြောင်း ကြေညာပြီးဖြစ်သည်။

အကျဉ်းသားလွှတ်ပေးသည့် နိုဝင်ဘာလ ၁၇ ရက်နေ့အထိ ဖမ်းဆီးချုပ်နှောင်ခံထားရသူဦးရေမှာ ၁၂,၉၇၆ ရှိပြီး ၁,၆၂၀ မှာ ထောင်ဒဏ်ချမှတ်ထားခြင်းခံထားရသည်။

ယမန်နေ့က လွတ်မြောက်လာသူများတွင် နိုင်ငံခြားသားလေးဦး ပါဝင်ပြီး မဇ္ဈိမက စုဆောင်းရရှိထားသည့်စာရင်းများအရ ဩစတြေးလျနိုင်ငံသား ပါမောက္ခ မစ္စတာရှောင်တာနယ်၊ ဗြိတိန် သံအမတ်ကြီးဟောင်း ဗစ်ကီဘိုမန်း၊ အမေရိကန်နိုင်ငံသား ဦးကျော်ဌေးဦး၊ ဂျပန်နိုင်ငံသား အပျော်တမ်းသတင်းဓာတ်ပုံဆရာ တိုရုကူဘိုတာ နှင့်မြန်မာနိုင်ငံသား သတင်းသမား စုစုပေါင်း ခြောက်ဦးလွှတ်မြောက်ခဲ့သည်။ လွတ်မြောက်လာသည့် နိုင်ငံခြားသား လေးဦးကိုတော့ ပြည်နှင်ဒဏ်ပေးခဲ့သည်။

သို့သော် လွတ်မြောက်ရာတွင် ပါဝင်လာမည်ဟုခန့်မှန်းထားသည့် မသူဇာ၊ မေဘယ်လ်ခေါ် မငြိမ်းငြိမ်းအေးနှင့် ဓာတ်ပုံသတင်းထောက် ကိုကောင်းဆက်လင်းတို့ ပါဝင်လာခြင်းမရှိပေ။ ထို့အပြင် စစ်ကောင်စီ၏ ကားဖြင့်တိုက်ကာ ဖမ်းဆီးခံခဲ့ရသည့် သတင်းထောက် မမှူးရတနာခက်မို့မို့ထွန်းမှာလည်း သူမ၏ ပြင်းထန်သောဒဏ်ရာများကြောင့် ရရှိလာသည့် ကျန်းမာရေးအခြေအနေကို ထောက်ရှု၍ အသနားခံစာတွင် ထောက်ခံတင်ပြရာမှ လွတ်မြောက်နိုင်ချေရှိကြောင်း သတင်းများထွက်ပေါ်နေချိန်တွင် တာမွေမြို့မရဲစခန်း စခန်းမှူးက တရားလိုပြုလုပ်ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည)ဖြင့် သင်္ဃန်းကျွန်းခရိုင်တရားရုံးတွင် ထပ်မံတရားစွဲဆိုခဲ့သေးသည်။

လွတ်ငြိမ်းချမ်းသာခွင့်တွင် ချင်းပြည်နယ်မှ နိုင်ငံရေး ပုဒ်မဖြင့် ဖမ်းဆီးခံထားရသူများ ပါဝင်လာခြင်းမရှိဘဲ အခြားပြစ်မှုဖြင့် ထောင်ဒဏ်ချမှတ်ခံထားရသူများသာ လွတ်မြောက်လာခဲ့ကြောင်း သိရသည်။ လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသားများတွင် ဧရာဝတီတိုင်း ပုသိမ်အကျဉ်းထောင်မှ ၄၆ ဦး၊ ပြည် ထောင်မှ ၃၂ ဦး ၊ မန္တလေးတွင် နိုင်ငံရေး ပုဒ်မဖြင့် ဖမ်းဆီးခံရသူ ၁၁၄ ယောက်အနက် အိုးဘိုထောင်မှ နိုင်ငံရေးအကျဉ်းသား ၁၅ ဦး ပါဝင်ခဲ့သည်။

တပ်ကုန်းမြို့နယ် ကင်းသာ(၁/၂) ကုန်ထုတ်စခန်းမှ ၄၈ ဦး၊ သီပေါအကျဉ်းထောင်မှ ၁၆ ဦး၊ မိတ္ထီလာအကျဉ်းထောင်မှ ၈၉ ဦး၊ မြင်းခြံဗဟိုအကျဉ်းထောင်မှ ၁၁၆ ဦး၊ အင်းစိန်အကျဉ်းထောင်မှ ၉၈၁ဦးနှင့် နိုင်ငံခြားသား အကျဉ်းသား လေးဦး၊ ဘူးသီးတောင်အကျဉ်းထောင်မှ ၁၆ ဦး၊ လားရှိုးအကျဉ်းထောင်မှ ဦးရေ ၈၀ ၊ စစ်တွေအကျဉ်းထောင်မှ ၁၉၄ ဦး၊ မန္တလေး ဗဟိုအကျဉ်းထောင်မှ ၄၅၅ ဦး လွှတ်ပေးခဲ့သည်ဟု စကစ ဝါဒဖြန့် နေ့စဉ်သတင်းစာတွင်ဖော်ပြထားသည်။

AAPP ၏ စာရင်းများအရ နိုင်ငံရေးအမှုဖြင့် ထောင်ကျနေသူ စုစုပေါင်း ၃,၁၀၇ ယောက်ရှိခဲ့သည့် အနက် ဦးရေ ၂,၀၀၀ ကျော်ကို ဖမ်းဆီးထားသည့်နေရာ မသိရပေ။ ထိုအထဲတွင် အမျိုးသမီးဦးရေ အနည်းဆုံး ၅၅၃ ဦး ပါဝင်နေသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required