နယ်မြေကွင်းဆင်းဆောင်ရွက်ရာတွင် ရဟတ်ယာဉ်စီစဉ်ပေးရန် ချင်းပြည်နယ်ဝန်ကြီးချုပ် တောင်းဆို

နယ်မြေကွင်းဆင်းဆောင်ရွက်ရာတွင် ရဟတ်ယာဉ်စီစဉ်ပေးရန် ချင်းပြည်နယ်ဝန်ကြီးချုပ် တောင်းဆို

မဇ္ဈိမ။ ။စစ်ကောင်စီခန့် ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ဝုန်ဆွန်းထန်မှ နယ်မြေကွင်းဆင်းချိန်တွင် ရဟတ်ယာဉ်စီစဉ်ပေးရန် တောင်းဆိုထားသည့် လျှို့ဝှက်စာ တစ်စောင်သည် ချင်းပြည်နယ်ရှိ ဒေသတွင်းမီဒီယာများတွင် ပျံနှံ့လာသည်။

ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)သို့ လိပ်မူထားသည့် ၂၀၂၂ခုနှစ်၊ နိုင်ဝင်ဘာလ ၉ ရက်၊ ရက်စွဲပါ အဆိုပါလျှို့ဝှက်စာတွင် ချင်းပြည်နယ် ဝန်ကြီးချုပ် ဦးဝုန်ဆွန်းထန်သည် ပြည်နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေအား နယ်မြေကွင်းဆင်းဆောင်ရွက်လိုပါသဖြင့် တပ်မတော်မှ ရဟတ်ယာဉ် စီစဉ်ဆောင်ရွက်ပေးရန် တောင်းဆိုထားသည်ကို တွေ့ရသည်။

ဝန်ကြီးချုပ် ဦးဝုန်ဆွန်းထန်သည် ၂၀၂၂ခုနှစ်၊ နိုင်ဝင်ဘာလ (တတိယ) အပတ်မှစတင်၍ ဟားခါး-တီးတိန်-ဖလမ်း-ကလေးမြို့(အခြေပြု)၊ ကလေးမြို့-တွန်းဇံမြို့-ကျီခါးမြို့- ကလေးမြို့ ( အခြေပြု)၊ ကလေးမြို့-မုံရွာမြို့- ပလက်ဝမြို့(အခြေပြု) ၊ မတူပီမြို့- ပလက်ဝမြို့- မင်းတပ်မြို့- ပခုက္ကူမြို့- မုံရွာမြို့ ( အခြေပြု) ၊ မုံရွာမြို့-ကလေးမြို့- ဟားခါးမြို့-(အခြေပြု) ခရီးစဉ်များအတွက် တပ်မတော်မှ ရဟတ်ယာဉ်စီစဉ်ပေးရန် တောင်းဆိုထားသည်။

ချင်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်နှင့်အဖွဲ့သည် ပြီးခဲ့သည့် နိုဝင်ဘာလ ၁၆ ရက်နေ့တွင် တီးတိန်မြို့သို့ လာရောက်ကာ တီးတိန်မြို့ အမှတ်( ၂၆၉) ခြေလျင်တပ်ရင်း၌ ရပ်မိရပ်ဖများနှင့်တွေ့ဆုံခဲ့ကြောင်း မြို့နေဒေသခံများထံမှသိရသည်။

အဆိုပါတီးတိန်မြို့ ရပ်မိရပ်ဖများနှင့်တွေ့ဆုံမှုတွင် ချင်းပြည်နယ် ဝန်ကြီးချုပ်ဒေါက်တာဝုန်ဆွန်းထန်နှင့်အတူ အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်မျိုးထွဋ်လှိုင်၊ တီးတိန်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦး အောင်ချမ်းငြိမ်းတို့မှ အမှာစကားပြောကြားခဲ့ပြီး ရပ်မိရပ်ဖပြည်သူများမှ လိုအပ်တာများအား တင်ပြခဲ့ကြောင်းသိရသည်။

ယမန်နေ့ နိုဝင်ဘာ ၁၇ ရက်၊ တန်ဆောင်မုန်း လပြည့်ကျော် ၁၀ ရက်တွင် ကျရောက်သည့် အမျိုးသားနေ့ အထိမ်းအမှတ်အနေဖြင့် နိုင်ငံတော်တာဝန်ကို ထမ်းဆောင်သည့် ပုဂ္ဂိုလ်များအတွက် ဘွဲ့တံဆိပ်များချီးမြှင့်သည့်အထဲတွင် ဒေါက်တာဝုန်ဆွန်းထန်ကို သီရိပျံချီဘွဲ့ ပေးအပ်သည်။

ဒေါက်တာ ဝုန်ဆွန်းထန်သည် တီးတိန်မြို့နယ်၊ ငင်းနုန်းရွာဇာတိဖြစ်ပြီး စစ်တပ်တွင် စိတ်ပါရဂူ ဒုတိယဗိုလ်မှူးကြီး တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required