တရုတ်သူလျှိူဟု စွပ်စွဲခံထားရသူကို အမေရိကန်က ထောင်ဒဏ် ၂၀ နှစ်ချမှတ်

တရုတ်သူလျှိူဟု စွပ်စွဲခံထားရသူကို အမေရိကန်က ထောင်ဒဏ် ၂၀ နှစ်ချမှတ်

အမေရိကန်နိုင်ငံ စင်စင်နာတီမြို့ရှိ တရားရုံးက တရုတ်အမျိုးသားတစ်ဦးကို အမေရိကန်လေကြောင်းနှင့် အာကာသယာဉ်ကုမ္ပဏီများထံမှ ကုန်သွယ်မှုလျှို့ဝှက်ချက်များအား ယမန်နှစ်က ခိုးယူမှုဖြင့် ထောင်ဒဏ်နှစ် ၂၀ ချမှတ်လိုက်သည်။

အမေရိကန်သို့ လွှဲပြောင်းခံရသည့် ပထမဆုံးသော တရုတ်သူလျှို ရှုယန်ကျန်ကို စီးပွားရေး သူလျှိုမှုနှင့် ကုန်သွယ်ရေးလျှို့ဝှက်ချက်ခိုးယူရန် ကြံစည်မှုနှင့် ကျူးလွန်ရန် ကြိုးပမ်းမှု စွဲချက်များဖြင့် ၂၀၂၁ ခုနှစ် နိုဝင်ဘာလတွင် ဖက်ဒရယ် ဂျူရီအဖွဲ့က စီရင်ချက်ချခဲ့သည်။

တရုတ် နိုင်ငံတော်လုံခြုံရေးဝန်ကြီးဌာန၏ ထောက်လှမ်းရေးအရာရှိအဖြစ် စွပ်စွဲခံထားရသော အသက် ၄၂ နှစ်အရွယ် ရှုယန်ကျန်သည် ဖက်ဒရယ်စုံစမ်းစစ်ဆေးရေးဗျူရို၏ စုံစမ်းစစ်ဆေးမှုအပြီး ၂၀၁၈ ခုနှစ်တွင် ဘယ်လ်ဂျီယံ၌ ထိန်းသိမ်းခံခဲ့ရသည်။

သူသည် General Electric Co (GE.N) ၏ အခွဲဖြစ်သော GE Aviation အပါအဝင် အမေရိကန်လေကြောင်းနှင့် အာကာသယာဉ်ကုမ္ပဏီများစွာကို ပစ်မှတ်ထားရန် ၂၀၁၃ နှင့် ၂၀၁၈ ခုနှစ်အကြားတွင် နာမည်တုများနှင့် ဟန်ပြကုမ္ပဏီများကို အသုံးပြုခဲ့သည်ဟု စွပ်စွဲခံခဲ့ရသည်။

ယမန်နှစ်က တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနသည် ရှုယန်ကျန်အပေါ် စွဲဆိုထားသည့် စွဲချက်များအား လုပ်ကြံ ဖန်တီးမှုသက်သက်ဟု တံဆိပ်ကပ်ခဲ့သည်။

တရုတ်အစိုးရသည် အမေရိကန်စီးပွားရေးနှင့် နိုင်ငံတော်လုံခြုံရေးအတွက် အကြီးမားဆုံးသော ရေရှည်ခြိမ်းခြောက်မှုအဖြစ် ရှိနေပြီး အမေရိကန်စီးပွားရေးလုပ်ငန်းများနှင့် သုတေသီများထံမှ အရေးပါသော နည်းပညာများကို ခိုးယူရန် မကြုံစဖူး ကြိုးပမ်းမှုများ လုပ်ဆောင်လျက်ရှိသည်ဟု အမေရိကန် တာဝန်ရှိသူများက ပြောသည်။

FBI ဒါရိုက်တာ ခရစ္စတိုဖာရေးက ၎င်းအေဂျင်စီသည် တရုတ်နိုင်ငံနှင့် ပတ်သက်သည့် တန်ပြန်ထောက်လှမ်းရေး အမှုတွဲသစ်ကို တစ်နေ့လျှင် နှစ်ခု ဖွင့်လှစ်ကြောင်း ပြောသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly