ကနေဒါလျှပ်စစ်ကုမ္ပဏီမှ ဝန်ထမ်းကို တရုတ်နိုင်ငံအတွက်သူလျှိုလုပ်မှုဖြင့် တရားစွဲ

ကနေဒါလျှပ်စစ်ကုမ္ပဏီမှ ဝန်ထမ်းကို တရုတ်နိုင်ငံအတွက်သူလျှိုလုပ်မှုဖြင့် တရားစွဲ

ကနေဒါရဲတပ်ဖွဲ့သည် Hydro-Quebec လျှပ်စစ်ကုမ္ပဏီမှ ဝန်ထမ်းတစ်ဦးကို တရုတ်နိုင်ငံသို့ ကုန်သွယ်မှု လျှို့ဝှက်ချက်များ ပေးပို့သည့်အတွက် သူလျှိုလုပ်မှုဖြင့် နိုဝင်ဘာ ၁၄ ရက်တွင် တရားစွဲလိုက်သည်။

အသက် ၃၅ နှစ်အရွယ်ရှိ ယွေ့ရှန်းဝမ်သည် တရားဝင်ခွင့်ပြုချက်မရဘဲ ကွန်ပျူတာကိုအသုံးပြုကာ ကုန်သွယ်မှုလျှို့ဝှက်ရယူမှုနှင့် ပြည်သူ့အရာရှိတစ်ဦးအနေဖြင့် လိမ်လည်မှုနှင့် ယုံကြည်မှုကို အလွဲသုံးစားလုပ်မှုတို့ဖြင့် ကွေ့ဘတ်ပြည်နယ် လောင်ဂေးမြို့ တရားရုံးတွင် နိုဝင်ဘာ ၁၅ ရက်က ရုံးတင်စစ်ဆေးခံရသည်။

ကနေဒါရဲတပ်ဖွဲ့ (RCMP) သည် Hydro-Quebec ကုမ္ပဏီ၏ လုံခြုံရေးဌာနခွဲမှ တိုင်ကြားချက်ကို လက်ခံ ရရှိပြီးနောက် သြဂုတ်လတွင် စုံစမ်းစစ်ဆေးမှု စတင်ခဲ့သည်။

ဝမ်သည် Hydro-Québec ကုမ္ပဏီတွင် အလုပ်လုပ်စဉ် တရုတ်တက္ကသိုလ်နှင့် အခြားတရုတ် သုတေသနစင်တာများ အတွက် သုတေသနပြုလုပ်ရန် ၎င်းရာထူးကို အသုံးချခဲ့သည်ဟု စွပ်စွဲခံထားရပြီး သိပ္ပံဆောင်းပါးများ ရေးသားထုတ်ဝေကာ Hydro-Quebec နှင့် မဟုတ်ဘဲ ပြည်ပရှိကုမ္ပဏီများနှင့်ချိတ်ဆက်၍ မူပိုင်ခွင့်မှတ်ပုံတင်ကြောင်း ရဲအုပ်ဒေးဗစ်ဘိုဒွမ်က ပြောသည်။

"သူဟာ တရုတ်ပြည်သူ့သမ္မတနိုင်ငံကို အကျိုးပြုဖို့ ဒီအချက်အလက်တွေကို ရယူခဲ့ပြီး ကနေဒါရဲ့ အကျိုးစီးပွားကို ထိခိုက်စေခဲ့ပါတယ်” ဟု ဘိုဒွမ်က ပြောကြားခဲ့သည်။

ဝမ်သည် အလုပ်ရှင်ထံမှ ကြိုတင်ခွင့်ပြုချက်မတောင်းခံဘဲ အချက်အလက်များကို အသုံးပြုခဲ့ပြီး ထိုပြစ်မှုများသည် ၂၀၁၈ ခုနှစ်မှ ၂၀၂၂ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

မွန်ထရီရယ်တောင်ဘက်ရှိ ကွေ့ဘတ်ပြည်နယ် ကန်ဒီယက်မြို့တွင်နေထိုင်သူ ဝမ်သည် ပြည်နယ်အဆင့် လျှပ်စစ်ကုမ္ပဏီတွင် သူ၏အလုပ်တစ်စိတ်တစ်ပိုင်းအနေဖြင့် သက်ဆိုင်ရာအချက်အလက်များကိုရယူကြောင်း စွပ်စွဲခံထားရသည်ဟု ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။

Hydro-Quebec သည် ကနေဒါနိုင်ငံ ကွေ့ဘတ်ပြည်နယ်ရှိ လျှပ်စစ်ထုတ်လုပ်ခြင်း၊ ပို့လွှတ်ခြင်းနှင့် ဖြန့်ဖြူးခြင်းတို့ကို စီမံခန့်ခွဲသည့် အများပိုင်ကုမ္ပဏီတစ်ခုဖြစ်ပြီး အမေရိကန်အရှေ့မြောက်ဘက်ခြမ်းသို့ လျှပ်စစ်ဓာတ်အား တင်ပို့ပေးသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required