ရန်ကုန်တွင် ခိုး ဆိုး လု နှိုက်များရန်မှ ကာကွယ်ရန်အဖွဲ့ ဖွဲ့စည်းထားဟုဆို

By မိုးသောက်
18 November 2022
ရန်ကုန်တွင် ခိုး ဆိုး လု နှိုက်များရန်မှ ကာကွယ်ရန်အဖွဲ့ ဖွဲ့စည်းထားဟုဆို

November 18

မဲဆောက်(မဇ္ဈိမ)။ ။ ရန်ကုန်မြို့တွင် နေ့စဉ်ရင်ဆိုင်နေရသည့်ပြဿနာဖြစ်သည့် ခိုး ဆိုး လု နှိုက်များရန်မှ ကာကွယ်ပေးရန်အတွက် Fright The Thieves(FTT)အဖွဲ့ကို ဖွဲ့စည်းထားကြောင်း သိရသည်။

အဆိုပါအဖွဲ့ကို ပြီးခဲ့သည့် အောက်တိုဘာလအတွင်းက ဖွဲ့စည်းထားပြီး လူငယ်များပါဝင်ကြောင်း အဖွဲ့တွင် ပါဝင်သူတစ်ဦးက မဇ္ဈိမသို့ပြောသည်။

“ အခုလိုနိုင်ထက် စီးနင်းအနိုင်ကျင့်နေတာ ကိုမကြည့်ရက်လို့ပါ။ အင်အားတော့အများကြီးတော့ မရှိပါဘူး။ သာမန်သူတွေပဲ ပါဝင်တာပါ” ဟု အဖွဲ့တွင်ပါဝင်နေသူတစ်ဦးက မဇ္ဈိမကိုပြောသည်။

အာဏာသိမ်းပြီး‌‌နောက် လက်နက်ကိုင်ဆောင်သည့် စစ်သားများနေရာတိုင်းတွင် အမြဲတစေရှိနေသည့် ရန်ကုန်မြို့သည် လက်ရှိအချိန်တွင် YBS ဘတ်စ်ကားများအပေါ်တွင် ခါးပိုက်နှိုက်အန္တရာယ်သည် နေ့စဉ်ကြုံတွေ့နေရသော ပြဿနာဖြစ်နေပြီး ခရီးသွားလာ ပြည်သူများအနေဖြင့် ဖုန်းပျောက်ခြင်း ပိုက်ဆံများအနှိုက်ခံရခြင်းကို နေ့စဉ်ကြုံတွေ့ကြရသည်။

“ဘေးကမြင်တဲ့သူကလည်း ခုကားတွေမှာ မသိချင်ယောင်ကို ဆောင်နေခဲ့ရတာ ကားစီးတာနဲ့ အကြောင်းတရားက ဘာလဲဆိုတော့ ဘယ်ချိန်ခါးပိုက်နှိုက်ခံရမလဲရယ်၊ အနုကြမ်းစီးခံရမလဲဆိုတာရယ်ပဲ တွေးနေတာ” ဟု နေ့စဉ်ဘတ်စ်ကားဖြင့် သင်တန်းအသွားအပြန်ပြုလုပ်နေသည့် အသက် ၂၅နှစ်အရွယ် အမျိုးသမီးတစ်ဦးက ဆိုသည်။

ထို့အပြင် ကားမှတ်တိုင်များတွင် လူအုပ်စုများဖြင့် လောင်းကစားဝိုင်းများ၊ ကစားနည်းများတွင် ပါဝင်စေပြီး အတင်းအကျပ် ငွေညှစ်သည့်ကိစ္စများလည်း ဖြစ်ပေါ်နေသည်။ အဆိုးရွားဆုံးအနေဖြင့် အများပြည်သူသုံး ကား များပေါ်တွင် ဓား၊ ဆန်ပိုက်ကဲ့သို့သော သေစေနိုင်သော အရာများဖြင့်ခြိမ်း‌ခြောက်ပြီး ဓားပြတိုက်မှု များလည်းဖြစ်ပေါ်သည်။

ပြီးခဲ့သည့် ဩဂုတ်လအတွင်းက သင်္ဃန်းကျွန်းမြို့နယ်တစ်နေရာတွင် သွားလာနေသည့် ကားတစ်စီးပေါ်သို့ အမျိုးသားလေးဦးတက်လာပြီး ဆန်ပိုက်ဖြင့်ထောက်ကာ ဓားပြတိုက်မှုတစ်ခုဖြစ်ပွားခဲ့သည်။

အဆိုပါဖြစ်စဉ်တွင် ပါဝင်ခဲ့သည့် ဆယ်ကျော်သက်အရွယ် အမျိုးသမီးငယ်တစ်ဦးက “ ညီမတို့ကားက မှတ်တိုင်ကျော်သွားတော့မှ နောက်ကနေပြေး လိုက်လာတာ လိုက်မယ်ဆိုပြီးတော့ ကားသမားကလည်း ရပ်ပေးလိုက်တယ်။ ကားထွက် ပြန်တဲ့အချိန်မှာ သူတို့ဘေးမှာရှိတဲ့ ညီမကို လက်မောင်းကနေဆွဲပြီး ဆန်ပိုက်နဲ့ ထောက်တယ်။ ကားသမားကို လည်းထောက်တယ်။ ကျန်တဲ့သူတွေကို မင်းတို့ပါတာ အကုန်ထုတ်ဆိုပြီးတော့ပြောတယ်။ အကုန်လုံးကတော့ ပစ္စည်းတွေ ထုတ်ပေးလိုက်ကြတယ်။” ဟု ဖြစ်စဉ်ကို ပြန်ပြောပြသည်။

ရန်ကုန်မြို့တွင် နေ့စဉ်ယာဥ်လိုင်းပေါင်း ၁၀၀ကျော်မှာ ယာဥ်စီးရေစုစုပေါင်း ၃,၀၀၀ကျော်ပြေးဆွဲနေပြီး နေ့စဉ်စီးနင်းသည့်ခရီးသည်မှာ ၁ ဒသမ၂သန်းကျော်ရှိနေကြောင်း ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှု ကော်မတီ(YRTC) မှနေ့စဉ်ထုတ်ပြန်သည့် သတင်းများအရ သိရှိရသည်။

ခိုးဆိုးလုနှိုက် ဖြစ်စဉ်များသည် ရန်ကုန်မြို့နေရာတိုင်းတွင် နေ့စဉ်ဖြစ်နေသော ဖြစ်ရပ်များဖြစ်သည့်အတွက် FTTအဖွဲ့သည် နေရာအချို့တွင်သာ လုပ်ဆောင်နိုင်သော အနေအထားရှိနေကာ နာမည်ကြီးနေသည့် နေရာအချို့တွင် စောင့်ကြည့်ခြင်းနှင့် YBSကားများပေါ်တွင် လိုက်ပါစီးနင်းခြင်းများပြုလုပ်၍ ဖမ်းဆီးမှုများပြုလုပ်ပေးရန် ကြိုးစားနေသည်ဟု သိရသည်။

အကယ်၍ ခိုးဆိုးနှိုက်များက ဖမ်းဆီးရမိသွားပါက သက်ဆိုင်ရာ စစ်ကောင်စီလက်အောက်ခံ ရဲစခန်းများသို့ အပ်နှံသွားမည်ဖြစ်ကြောင်း အဖွဲ့ဝင်ပါဝင်သူက ဆိုသည်။

စာတည်း - သန့်ဇော်(သန်လျင်)

ပုံစာ - FTTအဖွဲ့ဝင်အချို့

#mizzima

#ရန်ကုန်မြို့

#ခါးပိုက်နှိုက်အန္တရာယ်

#စစ်ကောင်စီလက်အောက်ခံ

#YRTC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly