ခင်ဦးမြို့နယ် အနောက်တောင်ခြမ်းမှကျေးရွာများအား စစ်ကောင်စီတပ် ၀င်စီး၊ ဆယ်တန်းကျောင်းသား အပါအဝင် ၃ ဦးကို လူသားဒိုင်းအဖြစ် ဖမ်းခေါ်သွား

ခင်ဦးမြို့နယ် အနောက်တောင်ခြမ်းမှကျေးရွာများအား စစ်ကောင်စီတပ် ၀င်စီး၊ ဆယ်တန်းကျောင်းသား အပါအဝင် ၃ ဦးကို လူသားဒိုင်းအဖြစ် ဖမ်းခေါ်သွား

နိုဝင်ဘာ ၁၈

မဇ္ဈိမ။ ။စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် ကုန်းသာကျေးရွာမှ ဆယ်တန်းကျောင်းသားတစ်ဦးအပါအ၀င် ဒေသခံ သုံးဦးကို စစ်ကောင်စီတပ် က လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

နို၀င်ဘာလ ၁၇ ရက်နေ့ နံနက်အစောပိုင်းက ရေဦးမြို့မှထွက်လာသော အင်အား ၇၀ ခန့်ရှိ စစ်ကောင်စီ တပ်သည် ညောင်ပင်ခြံ၊ ဆည်ကြီး၊ ကုန်းသာစသည့် ခင်ဦးမြို့နယ်အနောက်တောင်ခြမ်းမှကျေးရွာများ အား စစ်ကြောင်းထိုး၀င်ရောက်ခဲ့သည်။

ကုန်းသာကျေးရွာ၌နေအိမ်ငါးလုံးခန့်အား လုယက်ဖျက်ဆီးကာ အသက်(၁၇)နှစ်အရွယ် ဆယ်တန်း ကျောင်းသားတစ်ဦးအပါအ၀င် ဒေသခံသုံးဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ် သည်။

“ဖမ်းခေါ်သွားတဲ့ကလေးက အသက်(၁၇)နှစ်လောက်ပဲရှိသေးတာ၊ ဆယ်တန်းကျောင်းသားလေး။ အဲဒါ မနေ့မနက်ကစစ်ကြောင်းထိုး၀င်လာတဲ့ စကစတပ်တွေက အပြန်မှာလူသားဒိုင်းလုပ်ပြီး ဖမ်းခေါ်သွား တယ်။ အားလုံးပေါင်း သုံးယောက်ပါ” ဟု ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်သည် စစ်ကြောင်းထိုး၀င်လာစဉ်ကလည်း လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်လာ ခြင်းကြောင့် ဒေသခံ ၁၀,၀၀၀ ကျော် ထွက်ပြေးနေရကြောင်း သိရသည်။

အဆိုပါ စစ်ကောင်စီတပ်သည် နို၀င်ဘာလ ၁၆ ရက်နေ့ကလည်း ခင်ဦးမြို့နယ် ယာတော်ကျေးရွာမှ အသက်(၂၅)နှစ်ခန့်အမျိုးသားတစ်ဦးကို ဓားဖြင့်မွှမ်းကာသေနတ်ဖြင့်ပစ်သတ်ပြီး အလောင်းကိုစွန့်ပစ် ထားခဲ့ကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးကဆိုသည်။

ပုံစာ- ကုန်းသာကျေးရွာမှ စစ်ဘေးရှောင်ပြည်သူများ (Photo- ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး)

စာတည်း။ ။စောဖေ

စာမူတည်းဖြတ်။ ။စောဖေ

#စစ်ကိုင်းတိုင်း

#ခင်ဦးမြို့နယ်

#စစ်ဘေးရှောင်

#လူသားဒိုင်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly