"နောက်ကားမှာ ပါမယ်"

"နောက်ကားမှာ ပါမယ်"

နိုဝင်ဘာလ ၁၇ ရက်

 "နောက်ကားမှာ ပါမယ်" အင်းစိန်ထောင်ဗူးဝမှ ထွက်လာသည့် ကားအဝါ ပေါ်တွင် စီးနင်းလိုက်ပါလာသူများက ထောင်ပေါက်ဝတွင် ရှိနေသည့် လူအုပ်ကြီး၏ မေးမြန်းမှုကို ပြန်လည်အော်ဟစ်ဖြေကြားနေခြင်း ဖြစ်သည်။

ယနေ့ နိုဝင်ဘာလ ၁၇ ရက်နေ့တွင် ကျရောက်သည့် အမျိုးသားနေ့ အထိမ်းအမှတ်အဖြစ် အာဏာသိမ်းစစ်ကောင်စီက န်ိုင်ငံရေးအကျဉ်းသားများ အပါအဝင် အကျဉ်းသား ၅,၇၇၄ ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးကြောင်း ကြေညာခဲ့သည်။

ထိုကြောင့် ရန်ကုန်မြို့ အင်းစိန်မြို့နယ်ရှိ နာမည်ကြီး အင်းစိန်ထောင်ရှေ့တွင် ယနေ့ မနက် ၆ နာရီခွဲမှစတင်ကာ အကျဉ်းကျခံနေသူများ၏ မိသားစုဝင်များက လာရောက်စောင့်ဆိုင်းနေခဲ့ကြသည်။

အင်းစိန်ထောင်ရှေ့ရှိ အကာအရံအတားအဆီးများကို ကျော်ကာ လှမ်းမြင်ရသည့် ထောင်ဗူးဝကို မျှော်လင့်ခြင်း မျက်ဝန်းများဖြင့် လှမ်းမျှော်ကြည့်နေသူ လူအုပ်ကြီးသည် မနက် ၉ နာရီအချိန်တွင် ဟိုတစ်စဒီတစ်စ ပိုမို စုရုံးမိလာကြသည်။

ထောင်တံခါးဝနှင့် ထောင် တစ်ဝိုက်တွင်လည်း စစ်ကောင်စီတပ်က လုံခြုံရေးအင်အားများဖြင့် စောင့်ကြည့် စစ်ဆေးမှုများ ပြုလုပ်နေသည်။

မနက် ၁၁ နာရီအချိန်တွင်တော့ အင်းစိန်ထောင်အတွင်းသို့ mini bus အဝါရောင်ကားများ ဝင်ရောက်သွားခဲ့ပြီး YBS ကားကြီး အချို့လည်း CID အပေါက်က ဝင်ရောက်မှုများ စတင်ပြုလုပ်ခဲ့သည်။

အင်းစိန်ထောင်အတွင်း ကားများ ဝင်ရောက်မှုများကြောင့် စောင့်ဆိုင်းနေရသည့် လူအုပ်ကြီးမှာလည်း လှုပ်လှုပ်ရှားရှားဖြစ်သွားခဲ့ကြသည်။

မွန်းလွဲ ၂ နာရီခွဲအချိန်တွင်တော့ အင်းစိန်ထောင်ဗူးဝမှ ကားအဝါ တစ်စီးနှင့် တစ်စီး အချိန်အနည်းငယ်ခြားကာ ထောင်တံခါး၀ ဆီသို့ ဦးတည်မောင်းနှင်လာခဲ့သည်။

ထိုသို့ မောင်းနှင်ထွက်ခွာလာသည့် ကားများထဲမှ ပထမဆုံးအစီးပေါ်တွင် ပုဒ်မ ၅၀၅ (က)ဖြင့် ဖမ်းဆီးထောင်ချခံထားရသည့် နာမည်ကြီး န်ိုင်ငံရေး ပုဂ္ဂိုလ်အချို့သာ ပါဝင်ခဲ့သည်။

အင်းစိန်ထောင်အတွင်းမှ လွတ်မြောက်လာသူများတွင် NLD ပြောခွင့်ရ ဒေါက်တာမျိုးညွန့်၊ ၈၈ ငြိမ်းပွင့်ခေါင်းဆောင် ကိုမြအေး၊ NLD ပါတီဗဟို ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေ ဥိီးကျော်ဟိုး၊ စာရေးဆရာမောင်သာချို၊ ရန်ကုန်တိုင်းလွှတ်တော် ဒုက္ကဋ္ဌ ဦးလင်းနိုင်မြင့်နှင့် ရွှေညဝါ ဆရာတော်တို့ ပါဝင်ခဲ့သည်ကို တွေ့မြင်ရသည်။

အကျဉ်းထောင်အတွင်းမှ ပြန်လည်လွတ်မြောက်လာခဲ့သည့် ၈၈ ငြိမ်းပွင့် ခေါင်းဆောင် ကိုမြအေးက " မြန်မာပြည်သူတွေနဲ့ အတူတူ ရှိပါတယ်။ အမြဲတမ်း အတူတူရှိပါတယ်" ဟု ၎င်းအား ဝန်းရံ ကြိုဆိုကြသူများကို ပြောကြားခဲ့သည်။

ထို့အပြင် NLD ပြောခွင့်ရ ဒေါက်တာမျိုးညွန့်ကလည်း " ကျွန်တော့်အတွက်တော့ ကောင်းတယ်ဗျာ။ နိုင်ငံအတွက်လည်း ကောင်းစေချင်သေးတယ်" ဟု ထောင်အတွင်းမှ ၎င်းစီးနင်းလိုက်ပါလာသည့် ကားအဝါပေါ်မှ တစ်ဆင့် ပြောကြားခဲ့သည်။

ပထမဆုံး အသုတ်အနေဖြင့် ထွက်ခွာလာသည့် ကားအဝါ ဆယ်စီးပေါ်တွင် လွတ်ရက်စေ့ခါနီးနေပြီ ဖြစ်သည့် န်ိုင်ငံရေးအကျဉ်းသား အချို့သာ ပါဝင်ပြီး အများစုမှာ တခြားအမှုများဖြင့် ဖမ်းဆီးခံထားရသူများ ဖြစ်ကြောင်း သိရသည်။

ပြန်လည်လွတ်မြောက်လာသူများအား ထောင်အတွင်းတွင် နိုင်ငံရေးအကျဉ်းသားများအား ပြန်လွတ်ပေးရန် ကျန်သေးလားဟု စောင့်ဆိုင်းနေသည့် မိသားစုဝင်များ၏ မေးမြန်းမှုကို " နောက်ကားတွေမှာ ပါတယ်" ဟုသာ ပြောကြားသွားခဲ့သည်။

မွန်းလွဲ ၂ နာရီ ၃၀ မိနစ်အချိန်မှ စတင်ကာ အင်းစိန်ထောင်အတွင်းမှ ကားအဝါ ဆယ်စီးခန့် ထွက်ခွာလာခဲ့ပြီးသည့်နောက် ညနေ ၄ နာရီအချိန်တွင် အကျဉ်းသား လွတ်ပေးမှုကို ခေတ္တရပ်နားထားခဲ့သည်။

" လွတ်ငြိမ်းဆိုပြီး လွတ်ပေးလိုက်တဲ့ သူတွေထဲမှာလည်း နာမည်ကြီးတွေပဲ ပါတာ။ အဲ့ဒါလည်း ခုနစ်ယောက်လောက်ပဲ။ သူတို့တွေကလည်း လွတ်ရက်စေ့ခါနီးတွေ။ အဲ့တော့ ကျေးဇူးတင်စရာမရှိပါဘူး။ ကျွန်မ ယောက်ျားက မပါမှန်းသိတယ်။ ကိုယ့်လူတွေနဲ့ ရဲဘော်ရဲဘက်တွေကို လာအားပေးတာ" ဟု ဦးနိုင်ငံလင်း၏အမျိုးသမီးဖြစ်သူက အကျဉ်းထောင်ရှေ့တွင် ပြောကြားသည်။

ထောင်အတွင်းတွင် ကား ငါးစီး ကျန်ရှိနေသေးကြောင်း ပြန်လည်လွတ်မြောက်လာသူများထံမှ သိရသော်လည်း ထပ်မံလွတ်မြောက်လာမည့် စာရင်းထဲတွင် ၅၀၅ များ မကျန်တော့ကြောင်း သတင်းများ ထွက်ပေါ်နေခဲ့သည်။

ထို့နောက် ညနေ ၄ နာရီ ၃၀ မိနစ်မှ ညနေ ၆ နာရီ ၃၀ မိနစ်အချိန်အတွင်း ကားအဝါသုံးစီး ထောင်ဗူး၀မှ ထပ်မံ ထွက်ခွာလာခဲ့သော်လည်း န်ိုင်ငံရေး အကျဉ်းသားများ ပါဝင်လာခြင်း မရှိတော့ချေ။

နေ့လယ်ပိုင်းက မိုးရွာသွန်းမှုများ ရှိခဲ့သည့် အင်းစိန်ထောင်အရှေ့တွင် ၎င်းတို့၏ မိသားစုဝင်များ “ နောက်ကားမှာ ပါမလား” ဟူသော မျှော်လင့်ချက်ဖြင့် စောင့်ဆိုင်းနေသည့် လူအုပ်ကြီးကတော့ ညနေပိုင်းအချိန်အထိ အများအပြားရှိနေဆဲပင် ဖြစ်သည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly