စစ်ကောင်စီက လွှတ်ပေးသူများစာရင်းတွင် ချင်းပြည်နယ်မှ ဖမ်းဆီးခံထားရသူများ မပါဝင်

စစ်ကောင်စီက လွှတ်ပေးသူများစာရင်းတွင် ချင်းပြည်နယ်မှ ဖမ်းဆီးခံထားရသူများ မပါဝင်

နိုဝင်ဘာလ ၁၇ ရက်

ချင်းပြည်နယ်၊ မတူပီ၊ မင်းတပ်နှင့် ကန်ပက်လက်မြို့နယ်တို့မှ ပုဒ်မ ၅၀၅ အပါအဝင်အခြားပြစ်မှုများဖြင့် ဖမ်းဆီးထောင်ချခံထားရပြီး ပခုက္ကူအကျဉ်းထောင်ထဲ တွင်ရောက်ရှိသူများ စစ်ကောင်စီ၏ လွတ်ငြိမ်း စာရင်းတွင် ပါဝင်လာခြင်း မရှိကြောင်း သိရသည်။

စစ်တပ် အာဏာသိမ်းပြီးနောက် ချင်းပြည်နယ်အတွင်း အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံထားရသည့်သူများကို စစ်ကောင်စီက ပခုက္ကူအကျဉ်းထောင်၊ မကွေးအကျဉ်း ထောင်နှင့် ကလေးမြို့ အကျဉ်းထောင်များသို့ပို့ ဆောင်ခဲ့ခြင်းဖြစ်သည်။

''အကျဉ်းကျနေတဲ့သူတွေလွတ်ပေးတယ်ဆိုတော့ အိမ်ကသားများ ပါလာမလားဆိုပြီး ပခုက္ကူအကျဉ်းထောင်ဝမှာသွားစောင့်နေတာ။ တစ်နေသာကုန်သွားတယ်ပါမလာဘူး။ ၃၄ ယောက်တော့လွှတ်ပေးတယ်။ နိုင်ငံရေးသမားတွေ လူငယ်တွေပါမလာဘဲ တခြား ပြစ်မှုနဲ့ကျတဲ့သူတွေပဲလွှတ်ပေးတာ''ဟု ကန်ပက်လက်မြို့နယ်တွင် ဖမ်းဆီးခံခဲ့ ရသည့် လူငယ်တစ်ဦး၏မိခင်ကပြောသည်။

အဆိုပါ လူငယ်သည် ကန်ပက်လက်မြို့နယ်အတွင်း ဆိုင်ကယ်စီးနင်းရာတွင် ဓါးပလိုင်း လွယ်သည့်အတွက် စစ်ကောင်စီက ဖမ်းဆီးကာ ပခုက္ကူထောင်သို့ ပို့ဆောင်ခဲ့ခြင်း ဖြစ်သည်။

ယနေ့တွင် စစ်ကောင်စီ၏ လွတ်ငြိမ်းဖြင့် ချင်းလူမျိုးအများအပြား အကျဉ်းကျနေသည့် ပခုက္ကူထောင်မှ ၃၄ ဦးနှင့် စစ်ကိုင်းတိုင်း၊ ကလေးမြို့ အကျဉ်းထောင်မှ ၂၇ ဦး ပြန်လည်လွတ်မြောက်လာသော်လည်း ချင်းလူမျိုးများ ပါဝင်ခဲ့ခြင်း မရှိကြောင်း သိရသည်။

စစ်ကောင်စီသည် အမျိုးသားနေ့အောင်ပွဲအထိမ်းအမှတ်ဖြင့် နိုင်ငံတဝှမ်းရှိ အကျဉ်းသား ၅,၇၇၄ ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပြုကြောင်း ကြေညာခဲ့သော်လည်း လွတ်ရက်စေ့ခါနီး နိုင်ငံရေး အကျဉ်းသား အနည်းအငယ်သာ ပြန်လွှတ်ပေးခဲ့ခြင်းဖြစ်သည်။

ပုံစာ- ၂၀၂၀ ခုနှစ်ဧပြီလအတွင်းက ပခုက္ကူထောင်အတွင်းမှ လွတ်ငြိမ်းဖြင့် လွှတ်ပေးခဲ့သည့်ပုံ

စာတည်း။ ။မောင်ကောင်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly