အာဖဂန်တွင် မိန်းကလေးအလယ်တန်းကျောင်းများ ပြန်ဖွင့်ရေး တာလီဘန်ကို လူမှုမီဒီယာလှုပ်ရှားမှုဖြင့် တောင်းဆို

အာဖဂန်တွင် မိန်းကလေးအလယ်တန်းကျောင်းများ ပြန်ဖွင့်ရေး တာလီဘန်ကို လူမှုမီဒီယာလှုပ်ရှားမှုဖြင့် တောင်းဆို

အာဖဂန်နစ္စတန်နိုင်ငံတွင် တာလီဘန်တို့က အမျိုးသမီးများနှင့် မိန်းကလေးများ၏ အခြေခံ အခွင့်အရေးများကို ဆက်လက် ပိတ်ပင်ထားစဉ် အဆိုပါနိုင်ငံ၌ မိန်းကလေးများအတွက် အလယ်တန်းကျောင်းများ ပြန်ဖွင့်ပေးရေး တာလီဘန်တို့ကို တောင်းဆိုသည့် လူမှုမီဒီယာ လှုပ်ရှားမှုတစ်ခု ထွက်ပေါ်လာသည်။

“အာဖဂန် မိန်းကလေးတွေကို ပညာသင်ယူခွင့်ပြုကြစို့” ဟု ခေါ်သည့် အဆိုပါ လူမှုမီဒီယာ လှုပ်ရှားမှုက နိုင်ငံတစ်ဝန်း သတင်းစကား ပျံ့နှံ့စေပြီး မိန်းကလေးများအတွက် အလယ်တန်းနှင့် အထက်တန်းကျောင်းများ အမြန်ဆုံး ပြန်ဖွင့်ရေး တာလီဘန်တို့ကို တောင်းဆိုခြင်းဖြစ်ကြောင်း TOLOnews က ဖော်ပြသည်။

ယခု ကမ်ပိန်းသည် အာဖဂန်မိန်းကလေးများအတွက် အလယ်တန်းကျောင်းများ ပြန်ဖွင့်ပေးရန် တာလီဘန်တို့ကို တောင်းဆိုခြင်း ဖြစ်ပြီး နိုင်ငံရေးနှင့် မသက်ဆိုင်သည့် လှုပ်ရှားမှုတစ်ခု ဖြစ်ကြောင်း၊ တက္ကသိုလ်အဆင့် ဝင်ခွင့်စာမေးပွဲတစ်ခုဖြစ်သည့် လာမည့် Kankor စာမေးပွဲအတွက် မိန်းကလေးများ ဝင်ခွင့်ရနိုင်စေရန် ယခုကဲ့သို့ တောင်းဆိုခြင်း ဖြစ်ကြောင်း၊ လက်ရှိတွင် စာသင်ကျောင်းများ ပိတ်ထားခြင်းကြောင့် ကဘူးလ်ရှိ မိန်းကလေးများ တက်ရောက်သင်ကြားနိုင်ခြင်း မရှိကြောင်း ကမ်ပိန်း၏ အစီအစဉ်မှူးဖြစ်သည့် အိုဘိုင်ဒူလာ ဘာဟ်ရာက ပြောသည်။

“ဒါက နိုင်ငံရေးနဲ့ မသက်ဆိုင်တဲ့ ကမ်ပိန်းတစ်ခုပါ။ ဒီကမ်ပိန်းရဲ့ ရည်ရွယ်ချက်ကတော့ သီတင်းပတ်တစ်ပတ်ကြာ မတူညီတဲ့ ဧည့်သည်တွေကို ဖိတ်ခေါ်ဖို့ဖြစ်တယ်။ အာဖဂန်ပြည်တွင်းက ပုဂ္ဂိုလ်တွေရော၊ နိုင်ငံခြားသားတွေအပြင် နှံ့စပ်သိမြင်တဲ့ ပါမောက္ခတွေနဲ့ အခြားပုဂ္ဂိုလ်တွေကို ဖိတ်ခေါ်ပြီး စာသင်ကျောင်းတွေ ပြန်ဖွင့်ဖို့ကိစ္စ ဆွေးနွေးစေဖို့ ဖြစ်ပါတယ်” ဟု အိုဘိုင်ဒူလာက ပြောကြောင်း TOLOnews က ကိုးကားဖော်ပြသည်။

ကမ်ပိန်းရည်ရွယ်ချက်က အာဖဂန်မိန်းကလေးများအတွက် စာသင်ကျောင်းများကို တတ်နိုင်သမျှ အမြန်ဆုံး ပြန်ဖွင့်စေရေး တောင်းဆိုရန် ဖြစ်သော်လည်း နိုင်ငံတွင် တာလီဘန်တို့ အာဏာပြန်ရပြီးနောက်ပိုင်း အာဖဂန်အမျိုးသမီးများနှင့် မိန်းကလေးငယ်များ၏ ပညာရေး ရည်မှန်းချက်များ ထိခိုက်ခဲ့ရကြောင်း ကမ်ပိန်းစီစဉ်သူများက ပြောသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly