“ဖြေးဖြေးနှေးနှေးအေးဆေးပဲလား” စာတန်းဖြင့် NUGကို မဲဆောက်ရောက် ပြည်သူများထောက်ပြ

“ဖြေးဖြေးနှေးနှေးအေးဆေးပဲလား” စာတန်းဖြင့် NUGကို မဲဆောက်ရောက် ပြည်သူများထောက်ပြ

မဲဆောက်(မဇ္ဈိမ)

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ တော်လှန်ရေးလုပ်ငန်းများ နှောင့်နေးကြန့်ကြာနေမှုအပေါ် ထိုင်းနိုင်ငံ မဲဆောက်တွင် ရောက်ရှိနေသည့် လူငယ်အချို့က ယနေ့နံနက်ပိုင်းတွင် ဝေဖန်ထောက်ပြသည့် လှုပ်ရှားမှုပြုလုပ်ကြသည်။

အမျိုးသားညီညွတ်ရေးအစိုးရမှ တာဝန်ရှိသူများ၊ တော်လှန်ရေးအင်အားစုများ ၊နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ ရှိနိုင်သည်ဟု ယူဆရသည့် နေရာများနှင့် မဲဆောက်ဈေးရုံကြီးတို့တွင် “ဖြေးဖြေးနှေးနှေးအေးဆေးပဲလား” ဟူသည့် စာသားများ ရေးသားပြီး ‌ထောက်ပြဝေဖန်ကြခြင်းဖြစ်သည်။

ထိုသို့ထောက်ပြဝေဖန်ရာတွင် ပါဝင်ခဲ့သူ တစ်ဦးဖြစ်သည့် ကိုသန့်စင်က ”ရွာတွေမှာ အိုးအိမ်တွေမီးရှို့ခံရတဲ့ အနေအထားမျိုးတွေ ဖြစ်နေတယ်။ အဲဒီအနေအထားမျိုးမှာ ကျနော်တို့ သူတို့အစည်းအဝေးတွေမှာ ဘာတွေ့ ရလဲဆိုတော့ သဘာဝနဲ့ သယံဇာတ ဝန်ကြီးဌာနမျိုးတွေ ၊စီးပွါးကူးသန်းလိုဌာနမျိုးတွေ၊ မလိုအပ်တဲ့ဌာနတွေမှာ ပိုက်ဆံအကုန်ခံပြီး အသုံးပြုနေပြီး‌တော့ အရေးကြီး တော်လှန်‌ရေးကဏ္ဍတွေမှာ ပိုက်ဆံမသုံးနိုင်ဘဲ ရှူးတိုးတိုးအဆင့်မှာပဲ ရပ်နေရတာလဲ” ဟု မဇ္ဈိမသို့ပြောသည်။

စစ်အာဏာသိမ်းပြီးနောက်တွင် ဖွဲ့စည်းခဲ့သည့်အမျိုးသားညီညွတ်ရေးအစိုးရသည် လက်ရှိချိန်တွင် ကာကွယ်ရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ စီမံကိန်း ဘဏ္ဍာရေးနှင့်ရင်းနှီးမြှပ်နှံမှု ဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ၊ ဖက်ဒရယ် ပြည်ထောင်စု‌ရေးရာဝန်ကြီးဌာန၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ၊အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ၊ လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးဌာန၊ အမျိုးသမီး၊လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန၊ အလုပ်သမားရေးဝန်ကြီးဌာန၊ တရားရေးဝန်ကြီးဌာန၊ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန၊လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနတို့ကို ဖွဲ့စည်းထားသည်ကိုတွေ့ရသည်။

တော်လှန်ရေးကာလအတွင်း ဝန်ကြီးဌာနအများ အပြားဖွဲ့စည်းနေခြင်းသည် ပိုက်ဆံများကို အလကားသုံးစွဲနေခြင်းဟု မြင်မိကြောင်း ဝေဖန်ထောက်ပြသူများက ရှူမြင်ကြသည်။

“တော်လှန်ရေးအတွက်ပဲ အလှူ‌ငွေတွေကို အသုံးပြုစေချင်တယ်။ ဥပမာတိုက်ခန်းဝယ်တာတွေ နိုင်ငံခြားမှာ ရုံးခန်းရှယ်ကြီးတွေဆောက်တာတွေ macbook ဝယ်တာမျိုးတွေ မလိုလားအပ်ဘဲနဲ့ ပိုက်ဆံသုံးတာကို မြင်တွေ့နေရတယ်။ ကြားသိနေရတယ်။ အဲဒီဟာမျိုးတွေကို ကျနော်တို့အနေနဲ့က ဝေဖန်ထောက်ပြတဲ့ ပုံစံမျိုးပြုလုပ်တာပါ” ဟု ကိုသန့်စင်က ဆိုသည်။

၎င်းတို့သည် ယခုကဲ့သို့ဝေဖန်ထောက်ပြရာတွင် ဒလန်ဟူသော စွပ်စွဲမှုများရရှိမည်ကို ကြိုတင်မျှော်လင့်ထားသော်လည်း NUGကို အစိုးရဟု သတ်မှတ်ထားသည့်အတွက် ယခုကဲ့သို့ ပြုလုပ်ရခြင်းဖြစ်ကြောင်း မဇ္ဈိမကိုပြောသည်။

စာတည်း။ ။ဖူးသိမ်ကျ

ဓာတ်ပုံ - ဟိန်းအောင် /ဖိုတိုဒါန

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required