ကောလင်းမြို့တွင် မိုင်းမတော်တဆပေါက်ကွဲမှု ပကဖအဖွဲ့ဝင် ကျဆုံး

ကောလင်းမြို့တွင် မိုင်းမတော်တဆပေါက်ကွဲမှု ပကဖအဖွဲ့ဝင် ကျဆုံး

မဇ္ဈိမ။ ။စစ်ကိုင်းတိုင်း ၊ ကောလင်းခရိုင်၊ ကောလင်းမြို့တွင် နိုဝင်ဘာ ၁၅ရက်နေ့က မိုင်းပေါက်ကွဲမှုကြောင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့(KLPDF )မှ ရဲဘော် တစ်ဦးကျဆုံးကြောင်း ဒေသခံသတင်းရင်းမြစ်ထံမှ သိရသည်။

ယမန်နေ့ နိုင်ဝင်ဘာ ၁၅ ရက် နေ့လယ်၁၂ နာရီခန့်တွင် ကောလင်းမြို့မှ တာရွာဘက်သို့ ထွက်သည့်လမ်းပိုင်းတစ်နေရာတွင် မိုင်းမတော်တဆ ပေါက်ကွဲမှုကြောင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ရဲဘော်တစ်ဦး ကျဆုံးသွားကြောင်း ၎င်းက ဆိုသည်။

“နာမည်ပြောင်က ဒိုလေး(၂၂)နှစ်။ ကိုယ့်မိုင်းကို ထိတာပါ။ အတွဲလိုက် လက်ထဲတင် ကွဲတာ။ ဈာပနကိုတော့ ညပိုင်းမှာအပြီးလုပ်လိုက်ပါတယ်” ဟု ဒေသခံသတင်းရင်းမြစ်က မဇ္ဈိမကိုပြောသည်။

ယင်းနေ့တွင် ဗုံးပေါက်ကွဲပြီးနောက် ဗောဓိကုန်းကျောင်းတွင် တပ်စွဲထားသည့်စစ်ကောင်စီတပ်များမှ ကောလင်းမြို့ မြို့မဘောလုံးကွင်းအနီးတွင် ပြည်သူများအား တားဆီးစစ်ဆေးပြီး ဒူးထောက်လျက် နေပူထဲထိုင်ခိုင်းထားကြောင်း သိရသည်။

ကောလင်းမြို့ပေါ် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းတွင် စစ်သား ၅၀ကျော်တပ်စွဲထားသည့်အပြင် ဘူတာ နှင့် မြို့မဘောလုံးကွင်းများတွင်လည်း အထိုင်ချတပ်စွဲလျက်ရှိသည်ဟု ဆိုသည်။

ယမန်နေ့ ညနေပိုင်းတွင်လည်း အကြမ်းဖက်စစ်ကောင်စီတပ်သားများက စိတ္တူရွာဘက်မှ လူငယ်တစ်ဦးအား ကောလင်းမြို့ပေါ်သို့ ဖမ်းဆီးခေါ်ဆောင်ထားကြောင်း ကြားသိရပြီး အသေးစိတ်အချက်အလက်များကိုမူ မဇ္ဈိမ အနေဖြင့် ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

ယနေ့ နိုဝင်ဘာ ၁၆ရက်နေ့တွင်လည်း ကောလင်းမြို့နယ် ကောလင်း-ကျောက်တန်းလမ်းပေါ်ရှိ တဇူးရွာထဲကိုလည်း အင်အား ၄၀ကျော်ပါ စစ်ကောင်စီတပ်များမှ သေနတ်ပစ်ဖောက်ကာ ဝင်ရောက်လျက်ရှိကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required