ကော့သောင်းတွင် စစ်ကောင်စီတပ်နှင့်ရဲတပ်ဖွဲ့က တစ်မြို့လုံးကို စစ်ဆေးမှုတင်းကြပ်စွာပြုလုပ်၊ မြို့ခံ ၉ ဦး ဖမ်းဆီးခံရ

By ကိုရွှေမြိတ်
16 November 2022
ကော့သောင်းတွင် စစ်ကောင်စီတပ်နှင့်ရဲတပ်ဖွဲ့က တစ်မြို့လုံးကို စစ်ဆေးမှုတင်းကြပ်စွာပြုလုပ်၊ မြို့ခံ ၉ ဦး ဖမ်းဆီးခံရ

နိုဝင်ဘာ ၁၆

မဇ္ဈိမ။ ။တနင်္သာရီတိုင်း ကော့သောင်းမြို့တွင် နိုဝင်ဘာလ ၁၅ ရက်နေ့ညပိုင်းက စစ်ကောင်စီတပ်နှင့် ရဲတပ်ဖွဲ့ဝင်များက မြို့ပေါ်ရပ်ကွက်အများစုကို ကင်းလှည့်စစ်ဆေးမှုများပြုလုပ်ပြီးနောက် မြို့ခံကိုးဦး ဖမ်းဆီးခံခဲ့ရကြောင်း ဒေသခံများထံမှသိရသည်။

နိုဝင်ဘာလ ၁၄ ရက်နေ့ ညပိုင်းက ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင် တပ်ကြပ်ကြီးတစ်ဦးကို ပြည်သူ့ကာကွယ်ရေး အဖွဲ့မှပစ်ခတ်မှုဖြစ်ပွားခဲ့ရာမှ မြို့အတွင်း PDF အဖွဲ့များရှိနိုင်သည်ဟုယူဆကာ လိုက်လံစစ်ဆေးရှာဖွေ မှုများပြုလုပ်ပြီးနောက် ယခုကဲ့သို့ ဒေသခံကိုးဦးကိုဖမ်းဆီးခံရခြင်းဖြစ်သည်ဟု မြို့ခံတစ်ဦးကပြောသည်။

ကော့သောင်းမြို့ ရွှေဇင်ယော်ရပ်ကွက်နေဒေသခံတစ်ဦးက “ဟိုနေ့က ယာဉ်ထိန်းရဲတစ်ဦးပစ်သတ်ခံရ တာနဲ့ပတ်သက်ပြီး ဆက်စပ်တဲ့လူတွေကိုလိုက်လံရှာဖွေရာက မဆိုင်တဲ့ဒေသခံတွေဖမ်းဆီးခံရတာ”ဟု ပြောသည်။

စစ်ကောင်စီအဖွဲ့ကဖမ်းဆီးခေါ်ဆောင်သွားသူများထဲတွင် အများစုမှာအမျိုးသားများဖြစ်ပြီး နေရာစုံသို့ လိုက်လံစစ်ဆေးမှုပြုလုပ်ရာမှ ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် စစ်ကောင်စီတပ်ဖွဲ့က ကော့သောင်းမြို့နယ်အတွင်းရောက်ရှိနေသည့် PDF အဖွဲ့စည်းများကို တွေ့ရှိပါက သတင်းပေးနိုင်သူကို ဆုကြေးငွေ ၁၅ သိန်းကျပ်ချီးမြှင့်မည်ဟုလည်း နိုဝင်ဘာလ ၁၅ ရက်နေ့ ညပိုင်းက စစ်ကောင်စီလက်အောက်ခံအဖွဲ့စည်းများမှ မြို့အနှံ့ လိုက်လံကြေညာခဲ့ကြောင်း မြို့ခံများ၏ ပြောဆိုချက်အရ သိရသည်။

စာတည်း။ ။စောဖေ

စာမူတည်းဖြတ်။ ။စောဖေ

#ကော့သောင်းမြို့နယ်

#စစ်ဆေးမှုတင်းကြပ်

#ဖမ်းဆီး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly