အမေရိကန် ဒုသမ္မတ၏ အာရှခရီးစဉ်အတွင်း မြန်မာ့အရေး ဆွေးနွေးမည်

အမေရိကန် ဒုသမ္မတ၏ အာရှခရီးစဉ်အတွင်း မြန်မာ့အရေး ဆွေးနွေးမည်

နိုဝင်ဘာ ၁၆

အမေရိကန် ဒုသမ္မတ ကာမလာ ဟားရစ်သည် ယခုသီတင်းပတ်တွင် စတင်မည့် အာရှခရီးစဉ်အတွင်း မြန်မာ့အရေး၊ ဒေသ လုံခြုံရေး၊ စီးပွားရေး ဆက်ဆံမှုနှင့် ရာသီဥတု အကျပ်အတည်း ကိစ္စများကို ဆွေးနွေးသွားမည် ဖြစ်ကြောင်း အမေရိကန်အစိုးရ အကြီးတန်းအရာရှိတစ်ဦးက ပြောသည်။

ဒုသမ္မတ ဟားရစ်သည် နိုဝင်ဘာ ၁၉ ရက်တွင် ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာနှင့် ဘန်ကောက်တွင် တွေ့ဆုံဖွယ် ရှိပြီး နိုဝင်ဘာ ၂၁ ရက်တွင် ဖိလစ်ပိုင်နိုင်ငံ၌ သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာနှင့် တွေ့ဆုံလိမ့်မည် ဖြစ်ကြောင်း အမေရိကန်အရာရှိက နိုဝင်ဘာ ၁၅ ရက်တွင် ပြောသည်။

ထို့ပြင် အမေရိကန် ဒုသမ္မတသည် အငြင်းပွား တောင်တရုတ်ပင်လယ် အစွန်းအဖျားရှိ ဖိလစ်ပိုင်၏ ပါလာဝမ်ကျွန်းသို့လည်း သွားရောက်မည် ဖြစ်ကြောင်း သိရသည်။

နိုဝင်ဘာ ၂၂ ရက်တွင် သွားရောက်မည့် ဟားရစ်၏ ထိုခရီးစဉ်က အငြင်းပွား စပရက်တလေကျွန်းစုနှင့် ကပ်လျက်တွင် တည်ရှိသည့် ပါလာဝမ်ကျွန်းစုသို့ အဆင့်အမြင့်ဆုံး အမေရိကန်အရာရှိ လာရောက်သည့် ခရီးစဉ် ဖြစ်မည် ဖြစ်သည်။ တရုတ်သည် စပရက်တလေ ကျွန်းစုတွင် ဆိပ်ကမ်းများ၊ လေယာဉ်ဆင်းကွင်းများ တည်ဆောက်ရန် ပင်လယ်ကြမ်းပြင်တွင် သောင်တူးမှုများ လုပ်ဆောင်ထားသည်။ ဘရူနိုင်း၊ မလေးရှား၊ ဖိလစ်ပိုင်၊ ထိုင်ဝမ်နှင့် ဗီယက်နမ်တို့ကလည်း စပရက်တလေ ကျွန်း၏ အစိတ်အပိုင်းတချို့ကို ပိုင်ဆိုင်ကြောင်း ထုတ်ဖော်ထားသည်။

တရုတ်သည် တောင်တရုတ်ပင်လယ်ရှိ ဧရိယာအများအပြားနှင့် ပါလာဝမ်ကျွန်း မလှမ်းမကမ်း ရေပြင်ရှိ နယ်နိမိတ်တချို့ကို ပိုင်ဆိုင်ကြောင်း ပြည်တွင်းသမိုင်းမြေပုံများကို ကိုးကားလျက် ထုတ်ဖော်ခဲ့သည်။ သို့သော် တရုတ်၏ အရေးဆိုမှုက တရားဝင်သည့် အခြေခံအကြောင်းရင်း မရှိဟု ၂၀၁၆ ခုနှစ်က နိုင်ငံတကာ ခုံသမာဓိရုံးတစ်ခုက ဆုံးဖြတ်ခဲ့ရာ ဖိလစ်ပိုင်အတွက် အောင်ပွဲတစ်ခုဖြစ်စေခဲ့သည်။

တင်းမာမှုများ လျော့ကျစေရန် ရည်ရွယ်ပြီး အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ သုံးနာရီကြာ မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် ရက်ပိုင်းအကြာ ယခု အမေရိကန်ဒုသမ္မတ ဟားရစ်၏ ခရီးစဉ်ကြောင့် တရုတ်ကို အမျက်ထွက်စေနိုင်ဖွယ် ရှိသည်။

 

(ကိုလူအေး ဘာသာပြန်သည်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly