ရုရှက ယူကရိန်းကို ဒုံးကျည်အစင်း ၁၀၀ ခန့် ပစ်ခတ်ခဲ့

ရုရှက ယူကရိန်းကို ဒုံးကျည်အစင်း ၁၀၀ ခန့် ပစ်ခတ်ခဲ့
Photo - REUTERS

နိုဝင်ဘာ ၁၆

ရုရှတပ်ဖွဲ့များသည် ယမန်နေ့ နိုဝင်ဘာ ၁၅ ရက်က ယူကရိန်းကို ဒုံးကျည်အစင်း ၁၀၀ ခန့် ပစ်ခတ်ခဲ့ကြောင်း ယူကရိန်းတာဝန်ရှိသူများက ပြောသည်။

ယင်းတိုက်ခိုက်မှုက ယူကရိန်း၏ စွမ်းအင် အခြေခံအဆောက်အအုံများကို ပစ်မှတ်ထားပြီး ရုရှဘက်က ထပ်မံလုပ်ဆောင်လာသော ဒုံးကျည်ဖြင့် တရစပ် ပစ်ခတ်တိုက်ခိုက်မှု ဖြစ်သည်။ အဆိုပါ ဒုံးကျည်ဖြင့် တိုက်ခိုက်ခံရမှုကြောင့် ယူကရိန်း၌ ဓာတ်အားပြတ်တောက်မှုများနှင့် မဖြစ်မနေ ပိတ်ထားရမှုတို့ကို ဖြစ်စေခဲ့သည်။

“ဒုံးကျည်အစင်း ၁၀၀ လောက်နဲ့ ထပ်ပြီး ပစ်ခတ်ခံခဲ့ရပြန်ပါတယ်။ ဒါဟာ ကျူးကျော်သူတွေ (ရုရှ) ဘက်က ပြီးခဲ့တဲ့ အောက်တိုဘာ ၁၀ ရက်တုန်းက ပစ်ခတ်ခဲ့တဲ့ ဒုံးကျည် ၈၄ စင်းထက် ပိုများတဲ့ အရေအတွက် ဖြစ်တယ်” ဟု ယူကရိန်း လေတပ်မှ ပြောရေးဆိုခွင့်ရှိသူ ယူရီ အီဂနတ်က ယူကရိန်းရုပ်သံကို ပြောသည်။

“မဖြစ်မနေ အရေးကြီးတဲ့ အခြေခံအဆောက်အအုံတွေဟာ သူတို့ (ရုရှ) ရဲ့ အဓိက ပစ်မှတ် ဖြစ်ပါတယ်။ ဒုံးကျည်တချို့ကိုတော့ ပစ်ချနိုင်ခဲ့ပါတယ်။ ဒါပေမယ့် အဲဒါနဲ့ပတ်သက်လို့ သတင်းအချက်အလက်တွေ ထပ်ပြီးအတည်ပြုဖို့ လိုပါတယ်” ဟု ၎င်းက ပြောသည်။

တစ်ချိန်တည်းမှာပင် ယူကရိန်းအရပ်သားများအပေါ် ရုရှ၏ ပစ်မှတ်ထား တိုက်ခိုက်မှုက ရိုင်းစိုင်းသည့် လုပ်ရပ်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က နိုဝင်ဘာ ၁၆ ရက်တွင် ပြစ်တင် ပြောကြားလိုက်သည်။

“သူတို့ လုပ်နေတာတွေက လွန်လွန်းတယ်” ဟု ဘိုင်ဒင်က ဘာလီကျွန်းရှိ ဂျီ ၂၀ ထိပ်သီးအစည်းအဝေးပြင်ပ၌ ဗြိတိန်ဝန်ကြီးချုပ် ရစ်ရှီ ဆူနက်ခ်နှင့် သီးခြားတွေ့ဆုံစဉ် ပြောသည်။

ထိုမတိုင်မီ ပိုလန်နိုင်ငံ နယ်နိမိတ်ထဲ ဒုံးကျည်ကျရောက်မှုကိစ္စ ဖြစ်ပေါ်ခဲ့ပြီး လက်ရှိအချိန်တွင် အဆိုပါ ဒုံးကျည်ကျရောက်မှု၏ နောက်ကွယ်မှ အကြောင်းရင်းကို ရှင်းရှင်းလင်းလင်း မသိရသေးဘဲ ဆက်လက်စုံစမ်းစိစစ်နေဆဲဖြစ်သည်။

 

(ကိုလူအေး ဘာသာပြန်သည်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly