စစ်ရှောင်ပြည်သူ ၇၀၀ ကျော် အခက်အခဲကြုံနေသည့် မင်းကင်းမြို့နယ်က ကျောက်ခဲတတ်ရွာ

By လွှမ်းမိုး
16 November 2022
စစ်ရှောင်ပြည်သူ ၇၀၀ ကျော် အခက်အခဲကြုံနေသည့် မင်းကင်းမြို့နယ်က ကျောက်ခဲတတ်ရွာ

နိုဝင်ဘာ ၁၆

မဇ္ဈိမ။ ။ စစ်ကိုင်းတိုင်း ၊ မင်းကင်းမြို့နယ် မြစ်ရိုးအောက်ပိုင်းရှိ ကျောက်ခဲတတ်ရွာသည် အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်ကို ထောက်ခံသည့် သူများနှင့် ဆန့်ကျင်သည့်သူများဟူ၍ နှစ်ပိုင်း ကွဲသွားသည့် ကျေးရွာကြီးတစ်ရွာ ဖြစ်သည်။

ထိုကျေးရွာတွင် စစ်ကောင်စီတပ်ကို ထောက်ခံသည့် သူများက စစ်အာဏာရှင် အလ်ိုမရှိကြောင်း ဆန္ဒပြ ထုတ်ဖော်နေသည့် ပြည်သူများကို ဖမ်းဆီးအရေးယူရန် စစ်ကောင်စီတပ်ကို ကျောက်ခဲတတ်ကျေးရွာသ်ို့ ဖိတ်ခေါ်ခဲ့ကြသည်။

ထို့နောက် ၂၀၂၁ မေလ ၂၄ ရက်နေ့တွင် ကနီဘက်မှ စစ်ကြောင်းထိုးလာသည့် တပ်မ(၉၉)သည် ကျောက်ခဲတတ်ကျေးရွာသို့ ရောက်ရှိပြီး စခန်းချတပ်စွဲလျက်ရှိသည်။

ကျောက်ခဲတတ် ကျေးရွာတွင် တပ်စွဲပြီးနောက် စစ်ကောင်စီတပ်ကို ဆန့်ကျင်သည့် ဒေသခံပြည်သူ ၈၀၀ ခန့်သည် အိုးအိမ် နေရပ်ကို စွန့်၍ စစ်တပ်ရန်မှ ရှောင်နေရခြင်းဖြစ်သည်။ ထိုအချိန်မှစ၍ ကျောက်ခဲတတ်ကျေးရွာသည် စစ်တပ်နှင့်ပျူစောထီးများ ပူးပေါင်းနေထိုင်သည့် ပျူစောထီး ကျေးရွာ ဖြစ်လာခဲ့သည်။

ကျောက်ခဲတတ်ကျေးရွာမှ စစ်ရှောင်ဦးရေ ၇၃၄ ဦးသည် ကနီမြို့နယ်အတွင်းသို့ ပြောင်းရွှေ့ စစ်ရှောင်နေရသည်မှာ တစ်နှစ်ကျော်ခန့် ရှိနေပြီဖြစ်ပြီး အခက်အခဲများ ရှိနေကြောင်း စစ်ရှောင်တစ်ဦးက ပြောသည်။

“အန်တီတို့ ကိုယ့်အိမ်ကိုယ့်ယာကိုစွန့်ပြီး စစ်တပ်ရန်ကနေ ထွက်ပြေးလာတာ အခုဆိုရင် တစ်နှစ်ခွဲ ကျော်ခဲ့ပါပြီ ။ တောထဲတောင်ထဲမှာ ဖြစ်သလိုနေ ဖြစ်သလိုစား ချေး(ဂျီး)များနေလို့လည်း မရဘူးလေ။ အိမ်က ထွက်လာတော့လည်း အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ပါပဲ။ ဘာမှကို ယူချိန်မရ လိုက်ပါဘူး ။ ဆောင်းတွင်းရောက်လာတော့လည်း တောထဲတောင်ထဲ စိမ့်ရေစမ်းရေနဲ့ဆိုတော့ မတရား အေးလာတယ် ။ ခြုံစရာတောင် ကောင်းကောင်းမရှိပါဘူး ။ နေရေး ထိုင်ရေး ၊ စားသောက်ရေး ၊ ကျန်းမာရေး အခက်အခဲတွေနဲ့ ကြိုးစား နေထိုင်နေရတာ “ ဟု လုံခြုံရေး အရ အမည်မဖော်လိုတဲ့ စစ်ရှောင်တစ်ဦးက ဆိုသည်။

အဆိုပါ စစ်ရှောင်ပြည်သူများထဲတွင် အသက် နှစ်နှစ်အောက် ကလေး ၃၁ ဦး ၊ အသက် (၆၅)နှစ် အထက် အရွယ် ၂၇ ဦး ၊ ကိုယ်ဝန်ဆောင်မိခင် ၁၁ ဦး ၊ နို့တိုက်မိခင် ၃၁ ဦး ၊ ကိုယ်လက်အင်္ဂါ မသန်စွမ်း ချို့တဲ့သူ ၂၅ ဦး နှင့် နာတာရှည် ရောဂါ ခံစားနေရသူ ၃၉ အထိ ရှိနေကြောင်း Township Medical Department (Kani) မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“စစ်ရှောင်တွေထဲမှာဆိုရင် ကိုယ်ဝန်ဆောင်တွေ မီးဖွားတာကအစ ကျနော်တို့ ကျန်းမာရေး စောင့်ရှောက်မှုတွေ ပေးနေတာ ဖြစ်ပါတယ်။ ကျနော်တို့ ဘက်မှာက ဖုန်းလိုင်း ၊ အင်တာနက်လိုင်းကအစ ပိတ်ခံထားရတာ ဖြစ်တဲ့အတွက် စစ်ရှောင်တွေရဲ့ နေရေးထိုင်ရေး ဒုက္ခတွေကို သိပ်ပြီး မသိကြတာ ဖြစ်မယ်။ ဆောင်းပိုင်း ရောက်လာတော့ ဝတ်စရာ ၊ ခြုံစရာကအစ အခက်အခဲတွေ ရှိနေတာ ဖြစ်ပါတယ်။ ကျန်းမာရေး စောင့်ရှောက်မှုတွေကိုတော့ ကျနော်တို့ တတ်နိုင်သမျှ ကောင်းအောင်ကြိုးစားပေးနေပါတယ်။ အချိန်ကြာလာတာနဲ့ ကျနော်တို့မှာလည်း ဆေးဝါး လိုအပ်ချက်တွေ ရှိနေပါတယ်“ ဟု Township Medical Department (Kani) မှ တာဝန်ရှိ ဆရာဝန် တစ်ဦးက ဆိုသည်။

ကနီမြို့နယ် အတွင်းတွင် နေရပ်စွန့်ခွာ၍ အချိန်ကြာမြင့်စွာ စစ်ရှောင်နေသည့် စစ်ရှောင်ဦးရေ ၁,၀၀၀ ကျော်ခန့် ရှိနေပြီး စားဝတ်နေရေး အခက်အခဲများ ရှိနေကြောင်း သိရသည်။

စာတည်း။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)

#စစ်ကိုင်းတိုင်း

#မင်းကင်းမြို့နယ်

#ကျောက်ခဲတတ်ရွာ

#စစ်ဘေးရှောင်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required