ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ပေါင်ဒေသတွင် လူနေအိမ်ပေါ်သို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ပေါင်ဒေသတွင် လူနေအိမ်ပေါ်သို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ

နိုဝင်ဘာ ၁၆

မဇ္ဈိမ။ ။ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ် နမ့်ပေါင်ကျေးရွာတွင် ယနေ့ နိုဝင်ဘာလ ၁၆ ရက်နေ့ နံနက်ပိုင်းက လူနေအိမ်ပေါ်သို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲကာ ထိခိုက်ပျက်စီးမှုများဖြစ် ပေါ်ခဲ့ကြောင်း သိရသည်။

နမ့်ပေါင်ကျေးရွာတွင် တိုက်ပွဲများဖြစ်ပွားခြင်းမရှိဘဲ နံနက် ၃ နာရီခန့်က လက်နက်ကြီးကျည်တစ်လုံး ရုတ်တရက် ကျရောက်ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။

ဒေသခံတစ်ဦးကမူ ပစ်ခတ်သူများမှာ ရဲစခန်းကိုပစ်ခတ်ဟန်တူကြောင်းနှင့် လက်နက်ကြီးမှာ ရဲစခန်းအား မမှန်ဘဲ လူနေအိမ်ကိုထိသွားခြင်းဖြစ်သည်ဟု သုံးသပ်ပြောဆိုသည်။

“မနက်သုံးနာရီလောက် ဘာတိုက်ပွဲမှမရှိဘဲ ရုတ်တရက်ကြီးဆိုတော့ တရွာလုံးလန့်တာ။ ပြီးတော့မှ အိမ် ကိုလက်နက်ကြီးထိမှန်းသိတာ။ သိရသလောက်ကတော့ အဲဒီနားကရဲစခန်းကိုပစ်တာ ရဲစခန်းမထိဘဲ အိမ် လာထိတာ” ဟု ပြောသည်။

လာရောက်ပစ်ခတ်သည့်အဖွဲ့မှာ မြောက်ပိုင်းမဟာမိတ်အဖွဲ့ဟု ဒေသခံများကပြောဆိုနေသော်လည်း မဇ္ဈိမအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

ပေါက်ကွဲမှုကြောင့် လူထိခိုက်ဒဏ်ရာရမှုမရှိကြောင်းသိရပြီး နမ့်ပေါင်ကျေးရွာသည် SSPP/SSA နှင့် မတ်ကျန်းပြည်သူ့စစ်တို့ လှုပ်ရှားရာဒေသဖြစ်ပြီး မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့များလည်း တခါတရံ ရောက်ရှိလာတတ်သည်။

ဓာတ်ပုံ- ဒေသခံ

စာတည်း။ ။စောဖေ

စာမူတည်းဖြတ်။ ။စောဖေ

#ရှမ်းပြည်နယ်မြောက်ပိုင်း

#နမ့်ပေါင်ကျေးရွာ

#လက်နက်ကြီး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly