ပိုလန်ဆီ ရုရှဒုံးကျည်များ ကျရောက်သည်ဆိုသော သတင်းကြောင့် နေတိုးအဖွဲ့အတွင်း စိုးရိမ်မှုမြင့်တက်

ပိုလန်ဆီ ရုရှဒုံးကျည်များ ကျရောက်သည်ဆိုသော သတင်းကြောင့် နေတိုးအဖွဲ့အတွင်း စိုးရိမ်မှုမြင့်တက်

လမ်းချော်ကျရောက်သော ရုရှဒုံးကျည်များကြောင့် နေတိုးအဖွဲ့ဝင် ပိုလန်တွင် ပေါက်ကွဲတစ်ရပ် ဖြစ်ပွားသည်ဆိုသော သတင်းနှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးနေသော်လည်း အတည်မပြုနိုင်ကြောင်း အမေရိကန်နှင့် အနောက်အုပ်စုမဟာမိတ်များက ပြောပြီး ရုရှကာကွယ်ရေးဝန်ကြီးဌာနကမူ ယင်းကို ငြင်းဆန်ထားသည်။

ယူကရိန်းနယ်စပ်မှ ခြောက်ကီလိုမီတာ အကွာအဝေးက ပိုလန်အရှေ့ပိုင်း ပါဇီဝိုဒိုးကျေးရွာတွင် ပေါက်ကွဲမှုဖြစ်၍ လူ နှစ်ဦး သေဆုံးကြောင်း မီးသတ်တပ်ဖွဲ့က ဆိုသည်။ တိုက်ခိုက်မှုသည် ဂျုံအခြောက်ခံစက်ရုံကို ထိမှန်ခြင်းဖြစ်သည်ဟု မီဒီယာသတင်းများက ဆိုသည်။

မြောက်အတ္တလန္တိတ် သဘောတူစာချုပ်အဖွဲ့ နေတိုးအဖွဲ့ဝင်များက စုပေါင်းကာကွယ်ရေးကို ကတိကဝတ်ပြုထားကြခြင်းကြောင့် ရုရှက ပိုလန်အား တိုက်ခိုက်မှုသည် ဖေဖော်ဝါရီလအတွင်းက စတင်သော ရုရှ၏ ယူကရိန်းအား ကျူးကျော်စစ်ကြောင့် ဖြစ်ပွားသည့် ရုရှနှင့် ယူကရိန်းကြားက ပဋိပက္ခကို ပိုမိုကျယ်ပြန့်သွားစေမည့် ဘေးအန္တရာယ်များ ဖြစ်ထွန်းစေနိုင်သည်။  

ယခုသတင်းနှင့် ပတ်သက်ပြီး မဟာမိတ်အဖွဲ့သည် စုံစမ်းစစ်ဆေးနေပြီး ပိုလန်နှင့် အနီးကပ် ပူးပေါင်းဆောင်ရွက်လျက် ရှိသည်ဟု နေတိုးတာဝန်ရှိသူတစ်ဦးက ပြောသည်။

ပိုလန်သည် အချို့တပ်ရင်းများ စစ်ရေးအသင့်ရှိမှုကို တိုးမြှင့်ထားပြီး နေတိုးသဘောတူညီချက် ပိုဒ်ခွဲ ၄ အရ မဟာမိတ်များနှင့် ညှိနှိုင်းတိုင်ပင်မှုကို တောင်းဆိုမလား မတောင်းဆိုဘူးလားဆိုသည်ကို စဉ်းစားသုံးသပ်လျက် ရှိကြော်ငး ပြောခွင့်ရသူ ပီအိုတာ မူလာက ပြောသည်။ ပိုလန်သမ္မတ အန်ဒါးဇက် ဒူဒါနှင့် အမေရိကန်သမ္မတ ဂျိုး ဘိုင်ဒင်တို့လည်း ပြောဆိုဆွေးနွေးကြကြောင်း တာဝန်ရှိသူများက ပြောသည်။

ပိုလန်ကျေးရွာက ပေါက်ကွဲမှုသည် ရုရှဒုံးကျည်များ ပိုလန်ထဲသို့ ကျရောက်ခြင်းကြောင့် ဖြစ်ကြောင်း အမေရိကန်ထောက်လှမ်းရေး အကြီးတန်းတာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး အေပီသတင်းဌာနက အစောပိုင်း၌ ဖော်ပြခဲ့သည်။

လမ်းချော်လာသော ဒုံးကျည်နှစ်စင်းကြောင့် ပေါက်ကွဲမှု ဖြစ်သည်ဟု ပိုလန်ရေဒီယို ZET က မှတ်ချက်ချသော်လည်း အသေးစိတ် ဖော်ပြခြင်း မရှိပေ။

သို့သော် အမေရိကန်၌ ယင်း သတင်းအပေါ် အတည်ပြုနိုင်ခြင်း မရှိကြောင်း ပင်တဂွန်၊ အိမ်ဖြူတော်နှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနတို့က ပြောကြပြီး သတင်းအချက်အလက်များ ပိုမိုရရှိရေးအတွက် ပိုလန်အစိုးရနှင့်အတူ ပူးပေါင်းဆောင်ရွက်နေသည်ဟု ဆိုသည်။ ယခု သတင်းသည် “အလွန်တရာ စိုးရိမ်စရာ” ဖြစ်သည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောခဲ့သည်။

(မိုးသဲ ဘာသာပြန်သည်။)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly