ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်နဲ့ ရဲမှူးချုပ်ဇော်မိုးသန်းမဟုတ် စကစတို့ရဲ့ ဇာတ်တူသားစား ဇာတ်လမ်း

ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်နဲ့ ရဲမှူးချုပ်ဇော်မိုးသန်းမဟုတ် စကစတို့ရဲ့ ဇာတ်တူသားစား ဇာတ်လမ်း

နိုဝင်ဘာလ ၁၅ ရက်

ရဲတပ်ဖွဲ့ထိပ်ပိုင်းမှာ အမြင့်ဆုံးရာထူးကြီးတခုနဲ့ ဘုန်းမီးနေလတောက်ခဲ့ပေမယ့် အခုအခါ လူတောမတိုးရဲတော့ဘဲ ဘယ်အရပ် ဘယ်ဒေသမှာ ဇာတ်မြုပ်နေမှန်းမသိရတော့တဲ့ ရဲအရာရှိကြီးတယောက်အကြောင်းက ရဲတပ်ဖွဲ့အသိုင်းအဝိုင်းမှာ ပြောစမှတ် တွင်နေဆဲပါပဲ။

အဲဒီရဲအရာရှိကြီးဟာ စစ်တပ်ကနေ မိုးကျ‌ရွှေကိုယ်အနေနဲ့ ရဲတပ်ဖွဲ့ဆီ ပြောင်းရွှေ့လာခဲ့သူပါ။ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ ထိပ်ပိုင်းရာထူးကြီးတခုမှာ နန်းစံနေဆဲမှာပဲ ရုတ်တရက် နန်းချခံလိုက်ရရုံသာမက ထောင်သွင်းအကျဉ်းချခံလိုက်ရသူပါ။ ထောင်ကနေ သူပြန်လွတ်ပြီလို့လို့ သတင်းသဲ့သဲ့ကြားပေမယ့် လူ့အသိုင်းအဝိုင်းထဲကို လုံးဝပြန်ပေါ်မလာတော့ပါဘူး။

တာဝန်ထမ်းဆဲ ရဲအရာရှိကြီးတွေနဲ့ အငြိမ်းစားရဲအရာရှိကြီးတချို့ ဧည့်ခံပွဲတွေမှာ ဆုံကြတိုင်း သို့မဟုတ် ဂေါက်ကွင်းတွေမှာ အလျဉ်းသင့်သလိုဆုံတိုင်း ပျောက်ချင်းမလှပျောက်နေတဲ့ အဲဒီ ရဲအရာရှိကြီးအကြောင်း တဦးနဲ့တဦး တီးတိုးမေးလေ့ရှိပါတယ်။

"ရဲမှုးချုပ် ဇော်မိုးသန်း ဘယ်ရောက်သွားလဲ"

"ကိုဇော်မိုးသန်း အခု ဘယ်မှာလဲ"

အဲဒီမေးခွန်းတွေဟာ ရဲတပ်ဖွဲ့ ထိပ်ပိုင်းအရာရှိတွေနဲ့ အငြိမ်းစားအရာရှိတွေကြားထဲမှာ တအုံ့နွေးနွေးဖြစ်နေဆဲ အဖြေမထွက်သေးတဲ့ ပဟေဠိ မေးခွန်းတွေပါ။ ရဲတပ်ဖွဲ့ ထိပ်ပိုင်းရာထူးထဲကမှ လုပ်ပိုင်ခွင့်နဲ့ ဟိတ်ဟန်ကြီးလွန်းတဲ့ ရဲရာထူးခန့်ချုပ်ဆိုတဲ့ ရာထူးပိုင်ရှင် ရဲမှုးချုပ် ဇော်မိုးသန်းတယောက် ပျောက်ချင်းမလှ ပျောက်သွားတာဟာ မရိုးရှင်းဘူးလို့ ရဲတပ်ဖွဲ့အသိုင်းအဝိုင်းထဲမှာ ယူဆကြနေပါတယ်။ သူတို့ရဲ့ လုပ်ဖော်ကိုင်ဘက် ရဲမှုးချုပ်ဇော်မိုးသန်းတယောက် ကြုံခဲ့ရတဲ့ အဖြစ်ဆိုးကို မိတ်ဆွေအသိုင်းအဝိုင်းကြား ပြန်ပြောင်းပြောဆိုကြတိုင်းမှာလည်း ဒီနေ့ စစ်ကောင်စီခေါင်းဆောင်ရဲ့ လူယုံ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်အကြောင်းက မပါမဖြစ်ဘဲလို့ ရဲအရာရှိကြီးအချို့က ဖွင့်ဟပြောဆိုလာပါတယ်။

"အဖြစ်အပျက်တွေကတော့ ကြာခဲ့ပါပြီဗျာ။ ဒါပေမယ့် ကောက်ကျစ်ရက်စက်မှုတွေ၊ အငြိုးအတေးတွေကို လယ်ပြင်မှာ ဆင်သွားသလို ရှင်းကနဲ့ မြင်ရတဲ့ပွဲဗျ" လို့ အငြိမ်းစားရဲအရာရှိကြီးတဦးက ဖွင့်ဟ ပြောဆိုပါတယ်။

ရဲတပ်ဖွဲ့အသိုင်းအဝိုင်းထဲမှာ ငရဲမီးဟပ်သလို အထိန့်တလန့်ဖြစ်စေခဲ့တဲ့ အဲဒီဖြစ်ရပ်ကတော့ နိုင်ငံတော်သမ္မတဦးဝင်းမြင့်လက်ထက် ၂၀၂၀ နှစ်လည်လောက်က ဖြစ်ခဲ့တာပါ။ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်က ရဲရာထူးခန့်ချုပ် ရဲမှုးချုပ် ဇော်မိုးသန်းကို အညိုးတကြီး လက်စားချေလိုက်တဲ့ဖြစ်ရပ်လို့လည်း ရဲတပ်ဖွဲ့အသိုင်းအဝိုင်းမှာ လူပြောများပါတယ်။

ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်က ရဲမှုးချုပ် ဇော်မိုးသန်းကို ဘာကြောင့် လက်စားချေခဲ့တာပါလဲ ... ဒီမေးခွန်းအတွက် အဖြေကို ပြောပြမယ့် အငြိမ်းစားရဲအရာရှိကြီးဟာ တစုံတရာကို စိုးရိမ်မကင်းဟန်ပေါ်နေပါတယ်။ နယ်မြို့လေးတမြို့က သူ့အိမ်ထဲကနေ ခပ်မှိုင်းမှိုင်း မြင်နေရတဲ့ တောင်တန်းကို တချက်လှမ်းငေးရင်း အိမ်ပြတင်းတံခါးကိုလည်း စေ့လိုက်ပါသေးတယ်။ သူပြောတာကို တခြားတယောက်ယောက် ကြားသွားလေမလားဆိုတဲ့ စိုးရိမ်စိတ်ကို လှစ်ခနဲ ပြလိုက်တာပါပဲ။

အဲဒီနောက်မှာမှ ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်နဲ့ ရဲမှုးချုပ် ဇော်မိုးသန်းတို့ကြား သူတို့ ထိပ်ပိုင်းရဲအရာရှိကြီးတွေ သိထားတဲ့ ပြဿနာအရင်းအမြစ်ကို ပြောပြပါတယ်။

"ဟိုး ကာလတခုကပေါ့ဗျာ။ ကိုဇော်မိုးသန်းအဖေက တပ်မမှုး၊ ကိုစိုးထွဋ်အဖေက ဗျူဟာမှူး။ အဲဒီတုန်းက တပ်မမှုးက ဗျူဟာမှုးကို နှိပ်ကွပ်ဖူးတယ်ဆိုတော့ စိုးထွဋ်က ဇော်မိုးသန်းကို ပြန် နှိပ်ကွပ်တာတွေပါတယ်"

ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်ရဲ့အဖေဟာ စစ်အစိုးရလက်ထက် ၂၀၀၁ ခုနှစ်က ရဟတ်ယာဉ်ပျက်ကျတဲ့ ဖြစ်ရပ်မှာ အတွင်းရေးမှူး (၂) ဗိုလ်ချုပ်ကြီးတင်ဦးနဲ့အတူ သေဆုံးတဲ့အထဲပါသွားခဲ့တဲ့ ဗိုလ်မှူးချုပ်လွန်းမောင်ဖြစ်ပါတယ်။ ရဲမှုးချုပ် ဇော်မိုးသန်းရဲ့အဖေကတော့ ၈၈ အရေးအခင်းကာလက ရှမ်းပြည်နယ်မြောက်ပိုင်း၊ တာမိုးညဲဒေသမှာဖြစ်ခဲ့တဲ့ နာမည်ကျော် ကုန်းဆာတိုက်ပွဲမှာ အဓိကတာဝန်ရှိသူ တပ်မ (၉၉) တပ်မမှုး ဗိုလ်မှုးကြီးဝင်းဇော်ညွန့်ဖြစ်တယ်လို့ ရဲအရာရှိကြီးကပြောပါတယ်။

ဗကပနဲ့စစ်တပ် အပြင်းအထန် တိုက်ခိုက်ခဲ့ကြတဲ့ ကုန်းဆာတိုက်ပွဲဟာ ၁၉၈၈-၈၉ မှာ ဖြစ်ခဲ့တာပါ။ စစ်တပ်အထိနာခဲ့တဲ့တိုက်ပွဲအဖြစ်လည်း သမိုင်းမှတ်တမ်းများကဆိုပါတယ်။ ဗိုလ်မှုးကြီးဝင်းဇော်ညွန့် တပ်မမှုးအဖြစ် အုပ်ချုပ်နေတဲ့ တပ်မ (၉၉) လက်အောက်ခံ ခလရ (၁၀၃) နဲ့ ခမရ (၁၀၉) တို့ ပူးပေါင်းပြီး တိုက်ခဲ့တာမှာ ဗကပကို မယှဉ်နိုင်ဘဲ အထိနာခဲ့တဲ့ တိုက်ပွဲလို့ တိုင်းရင်းသားဒေသ တိုက်ပွဲသမိုင်းမှတ်တမ်းများမှာ ဖော်ပြထားပါတယ်။ တိုက်ပွဲမှာ ခလရ (၁၀၃) တပ်ရင်းတရင်းလုံး ကုန်းဆာတောင်ကြောပေါ်ပိတ်မိခဲ့ပြီး စုစုပေါင်း ၁၀၆ ဦး သေဆုံးခဲ့တယ်။ ၁၅ ဦး ဖမ်းဆီးခံရပြီး ၂၀ ဦးထက်မနည်း ထွက်ပြေးရတဲ့အထိ အထိနာခဲ့တယ်လို့ ကုန်းဆာတိုက်ပွဲဖြစ်စဉ်တွေပါဝင်တဲ့ ကချင်တိုင်းရင်းသားလက်နက်ကိုင်စစ်သည်များ၏ ကောက်ကြောင်းသမိုင်းမှတ်တမ်းမှာ ဖော်ပြထားပါတယ်။ အဲဒီတိုက်ပွဲအရှုံးကြောင့် တပ်မ (၉၉) တပ်မမှုး ဗိုလ်မှုးကြီးဝင်းဇော်ညွန့်ဟာ အရပ်ဘက်ကို ပြောင်းရွှေ့ခံလိုက်ရပါတယ်။

ကုန်းဆာတိုက်ပွဲမတိုင်မီ ၁၉၈၆-၈၇ ခုနှစ်တုန်းက ဗိုလ်မှုးချုပ်လွန်းမောင်ဟာ တပ်မ (၉၉) မှာပဲ ဗျူဟာမှုးအနေနဲ့ တပ်မမှုး ဗိုလ်မှုးကြီးဝင်းဇော်ညွန့်လက်အောက်မှာ တာဝန်ထမ်းဆောင်ခဲ့ရပါတယ်။ အဲဒီတုန်းက တပ်မမှုး ဗိုလ်မှုးကြီးဝင်းဇော်ညွန့်နဲ့ ဗျူဟာမှုး ဗိုလ်မှုးကြီးလွန်းမောင်တို့အကြား တင်းမာမှုတွေ မကြာခဏရှိခဲ့ပြီး ဗျူဟာမှုး ဗိုလ်မှုးကြီးလွန်းမောင်ဟာ အကြိမ်ကြိမ် နှိမ့်ချဆက်ဆံခံခဲ့ရတဲ့ သမိုင်းကြောင်းတွေ ရှိခဲ့တယ်လို့ အတွင်းသိ အငြိမ်းစားအရာရှိကြီးအချို့ကဆိုပါတယ်။ ဒီအတွက် သားဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်က အငြိုးအတေးထားခဲ့ပြီး သူ ပြည်ထဲရေးဝန်ကြီးဖြစ်လာချိန်မှာတော့ အဖေအတွက် ဂလဲ့စားချေခဲ့တာပဲဖြစ်တယ်လို့ သူတို့က ဆိုပါတယ်။

"သူ့အဖေကို ပညာပြခဲ့တယ်ဆိုပြီး သူ ပြည်ထဲရေးဝန်ကြီးဖြစ်လာတဲ့အချိန်မှာ ပြန်ပြီး ပညာပြတာဗျ။ ဒါကို အတွင်းစည်းကလူတွေ တော်တော်များများသိကြတယ်" လို့ အငြိမ်းစားရဲအရာရှိကြီးကပြောပါတယ်။

ဗိုလ်မှုးကြီးဝင်းဇော်ညွန့်ဟာ ကုန်းဆာတိုက်ပွဲအပြီး ၁၉၈၈-၈၉ ဝန်းကျင်မှာ မြန်မာ့ကြွေထည်မြေထည်လုပ်ငန်းရဲ့ ဦးဆောင်ညွှန်ကြားရေးမှုးအနေနဲ့ ပြောင်းရွှေ့ခံခဲ့ရပြီးနောက်ပိုင်း စစ်တပ်နဲ့ ပြဒါးတလမ်း သံတလမ်းဖြစ်သွားပါတယ်။ ဗိုလ်မှုးကြီးလွန်းမောင်ကတော့ ၈၈ အရေးအခင်းအလွန် စစ်အစိုးရက စစ်ဒေသတွေခွဲပြီး အုပ်ချုပ်တဲ့အခါ ရန်ကုန်မှာ စစ်ဒေ‌သမှုးဖြစ်လာခဲ့ပါတယ်။

"လွန်းမောင်က ၈၇ နှစ်ဆန်းမှာမှ ဗျူဟာမှုးဖြစ်တာ။ အဲ့ဒီကနေ ၈၈ အရေးအခင်းအပြီးမှာ ရန်ကုန်မှာ စစ်ဒေသမှုးဖြစ်တယ်။ နောက်တော့ ဗိုလ်မှုးချုပ်ဖြစ်လာတယ်။ ဗိုလ်မှုးကြီးဝင်းဇော်ညွန့်ကတော့ နောက်ထပ်ဘာမှ ဖြစ်မလာတော့ဘူး။ ဗိုလ်မှုးချုပ်လွန်းမောင်ကတော့ ရဟတ်ယာဉ်ပျက်ကျတဲ့အထဲ ပါသွားပြီး ဇာတ်သိမ်းသွားတယ်" လို့ အငြိမ်းစား စစ်တပ်အရာရှိကြီးတဦးကပြောပါတယ်။

နောင် ဆယ်စုနှစ်နှစ်ခု အကြာမှာတော့ ဗိုလ်မှုးချုပ်လွန်းမောင်ရဲ့သားက ပြည်ထဲရေးဝန်ကြီး ဖြစ်လာပြီး ဗိုလ်မှုးကြီးဝင်းဇော်ညွန့်ရဲ့သားက ရဲရာထူးခန့်ချုပ်ဖြစ်လာတော့တာပါ။ တနည်းအားဖြင့် ဗိုလ်မှုးကြီးဝင်းဇော်ညွန့်ရဲ့သားက ဗိုလ်မှုးချုပ်လွန်းမောင်ရဲ့သား လက်အောက်မှာ ကံကြမ္မာတပတ်လည်ပြီး တာဝန်ပြန်ထမ်းဆောင်ရတာပဲဖြစ်ပါတယ်။

သံသရာတပတ်လည်ပုံက ဒီလိုပါ။

ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်ဟာ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) အမှတ် (၆) စစ်ဆင်ရေးအထူးအဖွဲ့မှူးနဲ့ တပ်မတော်စစ်ဘက်ရေးရာလုံခြုံရေး (စရဖ) အရာရှိချုပ်အဖြစ် ၂၀၁၆ ခုနှစ်ကနေ ၂၀၂၀ နှစ်စပိုင်းအထိ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ အဲဒီအချိန် ပြည်ထဲရေးဝန်ကြီးက ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေပါ။ ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေဟာ နိုင်ငံတော်အတိုင်ပင်ခံနဲ့ နီးစပ်တဲ့ ဆက်ဆံရေးရှိပြီး အဲဒီအပေါ် စစ်တပ်ခေါင်းဆောင် ‌ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်က မျက်စိစပါးမွှေး စူးခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ဖူးပါတယ်။ အဲဒီနောက်မှာတော့ ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေရဲ့ ပြည်ထဲရေးဝန်ကြီးနေရာကို ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလမှာ ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်နဲ့ အစားထိုးခန့်အပ်လိုက်တော့တာပါပဲ။

ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်ရဲ့ လူရင်း၊ လူယုံတယောက်ဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်ဟာ ရဲတပ်ဖွဲ့၊ ထွေအုပ်အပါ အဝင် နိုင်ငံတော်အုပ်ချုပ်ရေးယန္တရားမှာ အရေးပါတဲ့ဌာနတွေရဲ့ ခေါင်ချုပ်ဖြစ်တဲ့ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ဝန်ကြီးဖြစ်လာချိန်မှာ ရဲမှုးချုပ်ဇော်မိုးသန်းက ရဲရာထူးခန့်ချုပ် ဖြစ်နေတာပါ။

ပြည်ထဲရေးဝန်ကြီးဖြစ်ဖြစ်ချင်းမှာပဲ ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်က ရဲတပ်ဖွဲ့ ထိပ်ပိုင်းခေါင်းဆောင်အချို့ကို အမှုတွဲတွေနဲ့အတူ အရေးယူပါတော့တယ်။ ရဲမှုးချုပ်ဇော်မိုးသန်း၊ ရထားရဲတပ်ဖွဲ့မှုး ယာယီရဲမှုးချုပ် မိုးသန်းအောင်၊ ရဲထောက်ချုပ် ရဲမှုးချုပ်ဇော်ခင်အောင်တို့ကို ပြစ်ချက်အသီးသီးနဲ့ အရေးယူပါတယ်။ ထိချက်အပြင်းဆုံး ကိုင်တွယ်ခံလိုက်ရသူကတော့ ရဲမှုးချုပ်ဇော်မိုးသန်းဖြစ်ပါတယ်။ ရဲမှူးချုပ်ဇော်မိုးသန်းဟာ ရဲမေအချို့ကို ရာထူးတိုးပေးမယ်ဆိုတဲ့ မက်လုံးပေးပြီး လိင်ပိုင်းဆိုင်ရာ မတော်မတရား ပြုကျင့်ခဲ့တယ်လို့ တိုင်ကြားခံရပါတယ်။ အဲဒီတိုင်ကြားချက်ကြောင့်ပဲ ရဲမှူးချုပ်ဇော်မိုးသန်းတယောက် ရာထူးကနေ ဖြုတ်ချခံရပြီး ထောင်ဒဏ် (၃) နှစ် ချမှတ်ခံလိုက်ရပါတော့တယ်။

ဒီအရေးယူမှုဟာ ဟိုတချိန်က ဖခင်နှိပ်ကွပ်ခံခဲ့ရတဲ့အပေါ် ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်က ပြန်ပြီး လက်စားချေတာပဲဖြစ်တယ်လို့ ရဲမှုးချုပ်ဇော်မိုးသန်းရဲ့ မိတ်ဆွေနဲ့ တပည့်တွေက ယုံကြည်ထားကြပါတယ်။

"ကိုဇော်မိုးသန်းကိုသာ နှိပ်ကွပ်တာ။ မိန်းမနှစ်ယောက် ပေါ်တင်ယူထားတဲ့ ရဲမှုးကြီးသွင်ကိုကိုကျ ဘာမှမလုပ်ဘူးဗျ။ အဲဒီလိုရှိတယ်ဗျ ဟားဟား"

ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်က ကျောသားရင်သားခွဲခြားပြီး အငြိုးအတေးနဲ့ အရေးယူခဲ့ပုံကို အတွင်းသိ ရဲအရာရှိကြီးတယောက်က မွေးခွန်းထုတ်ရင်း လှောင်ရယ်တာပါ။

အခုအခါမှာ ရဲအတတ်သင်ကျောင်း (လှော်ကား) ကျောင်းအုပ်ကြီးဖြစ်နေတဲ့ ရဲမှုးကြီးသွင်ကိုကိုဟာ ရဲတပ်ဖွဲ့အသိုင်းအဝိုင်းမှာတော့ မြာပွေသူအဖြစ် လူသိများပါတယ်။ တချိန်တည်းမှာ မိန်းမနှစ်ယောက် ယူထားလို့လည်း နာမည်ကြီးတာလို့ ရဲအရာရှိကြီးအချို့ကပြောပါတယ်။ မိန်းမကိစ္စနဲ့ အရေးယူကြကြေးဆိုရင် ရဲမှုးကြီးသွင်ကိုကိုကိုကျ မသိကျိုးကျွံပြုနေပြီး ရဲမှုးချုပ်ဇော်မိုးသန်းကိုကျတော့ တဘဝစာ ခေါင်းမဖော်ရဲအောင် ဘာကြောင့်လုပ်ခဲ့တာပါလဲ။ ဒါဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်နှစ်ခုစာအချိန်တုန်းက နှိပ်ကွပ်ခံခဲ့ရတဲ့ဖခင်အတွက် ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ် ဂလဲ့စားချေတာပဲလို့ အတွင်းသိ အစင်းသိ အငြိမ်းစားရဲအရာရှိကြီးအချို့ကပြောပါတယ်။

ရဲမှုးကြီးသွင်ကိုကိုဟာ မိန်းမလေးဦးထက်မနည်း ယူထားတာလို့လည်း ရဲတပ်ဖွဲ့အသိုင်းအဝိုင်းက စိတ်လိုလက်ရ ဖောက်သည်ချပါတယ်။ လက်ရှိ လှော်ကားရဲအတတ်သင် သင်တန်းကျောင်းမှာ သူ့ရဲ့ စတုတ္ထမြောက်မိန်းမကို ခေါ်ယူပေါင်းသင်းနေတာလို့ ရဲတပ်ဖွဲ့ဝင်တဦးကပြောပါတယ်။၂၀၁၂ ခုနှစ်တုန်းက စစ်ကိုင်းတိုင်းရဲတပ်ဖွဲ့မှာ ဒုတိယတပ်ဖွဲ့မှုးတာဝန်ကျခဲ့ဖူးပြီး အဲဒီအချိန် ဒေသခံလူထု ဦးဆောင်ပါဝင်ခဲ့တဲ့ လက်ပတောင်းတောင်စီမံကိန်း ဆန့်ကျင်ရေးသပိတ်ကို ဓာတုဗုံးသုံးပြီး အကြမ်းဖက်ခဲ့တဲ့ တရားခံအနေနဲ့လည်း လူသိများပါတယ်။ အာဏာရှင်အလိုကျ မိုက်ရူးရဲဆန်တဲ့ ရဲမှုးကြီးသွင်ကိုကိုဟာ အခုအခါမှာတော့ လှော်ကားရဲအတတ်သင်ကျောင်းမှာ လေးယောက်မြောက်မယားနဲ့အတူ စည်းစိမ်ယစ်နေဆဲလို့ ရဲတပ်ဖွဲ့အသိုင်းအဝိုင်းကဆိုပါတယ်။

"အာဏာကို ကိုင်ထားပြီး ဇာတ်တူသားချင်းစားပစ်တာ။ သိပ်ကြောက်ဖို့ကောင်းတယ်ဗျ" လို့ အငြိမ်းစားရဲမှုးကြီးတဦးကကောက်ချက်ချပါတယ်။

အခုအခါမှာတော့ ရဲမှူးချုပ်ဇော်မိုးသန်း ဘယ်ရောက်နေလဲ၊ ဘာလုပ်နေလဲဆိုတာ ဘယ်သူမှ မသိကြတော့ပါဘူး။ မိသားစုဝင်တွေ အရှက်တကွဲဖြစ်ခဲ့ရပြီး ပြည်တွင်းမှာ မနေရဲတော့ဘဲ‌ ပြည်ပနိုင်ငံတခုမှာ ဇာတ်မြုပ်နေကြတယ်လို့လည်း ရဲအသိုင်းအဝိုင်းကဆိုပါတယ်။

ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်ကတော့ အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့ လက်ရုံးတဆူအနေနဲ့ ပိုပြီး တန်ခိုးထွားလာနေပါတယ်။ စစ်ကောင်စီလက်ထက်မှာ ပြည်ထဲရေးဝန်ကြီးရာထူးအပြင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ်လည်း ခန့်အပ်ခံထားရပါတယ်။ နိုင်ငံတော်အာဏာကိုသိမ်းယူပြီး ပြည်သူလူထုကို သတ်ဖြတ်နေတဲ့ စစ်ကောင်စီရဲ့ အပြစ်တွေအတွက် တာဝန်ခံရမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ တော်လှန်ရေးအင်အားစုတွေက သတိပေးထားတဲ့ စစ်ကောင်စီထိပ်တန်းအရာရှိ‌တွေထဲမှာ စစ်ခေါင်းဆောင်နဲ့အတူ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်လည်းပါနေပါတယ်။

အငြိုးအတေးကြီးပြီး ဇာတ်တူသားချင်းစားခဲ့တဲ့ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်တယောက် တနေ့မှာ ဘယ်လိုဇာတ်သိမ်းမလဲဆိုတာ ရဲအသိုင်းအဝိုင်းကလည်း အထူးစိတ်ဝင်တစား စောင့်ကြည့်နေကြပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly