မော်လမြိုင်ပစ်ခတ်မှုတွင် စစ်ကောင်စီဘက်မှ ၁ဦး၊ ဒလန်သတင်းပေး ၁ဦး သေဆုံးပြီး PDF ၅ ဦး ဖမ်းဆီးခံရ

မော်လမြိုင်ပစ်ခတ်မှုတွင် စစ်ကောင်စီဘက်မှ ၁ဦး၊ ဒလန်သတင်းပေး ၁ဦး သေဆုံးပြီး PDF ၅ ဦး ဖမ်းဆီးခံရ

နိုဝင်ဘာလ ၁၅ ရက်

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ဇေယျာသီရိ (၃)ရပ်ကွက်အတွင်း ယမန်နေ့ နိုဝင်ဘာလ ၁၄ရက် ညပိုင်းပစ်ခတ်မှုတွင် စစ်ကောင်စီဘက်မှ တစ်ဦး၊ ဒလန်သတင်းပေး တစ်ဦး သေဆုံးပြီး၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ငါးဦး ဖမ်းဆီးခံရကြောင်း သိရသည်။

ယမန်နေ့ညပိုင်းက စစ်ကောင်စီမှ အင်အား ၃၀၀ ဝန်းကျင်ခန့်ဖြင့် ဇေယျာ (၃) ရပ်ကွက်အား ပိတ်ဆို့ပြီး စစ်ကောင်စီဘက်မှ ရဲတစ်ဦးနှင့် အုပ်ချုပ်ရေးမှူးသား ဒလန် တစ်ဦးသေဆုံးခဲ့ပြီး၊ Special Underground Movement Force Mawlamyine မှ တော်လှန်ရေးရဲဘော် ကျား လေးဦး၊ မ တစ်ဦး စုစုပေါင်း ငါးဦး လက်နက်ငယ် သုံးလက်နှင့်အတူ အရှင်ဖမ်းဆီးခံခဲ့ရကြောင်း အဆိုပါအဖွဲ့မှ ထုတ်ပြန်ထားသည်။

အဆိုပါပစ်ခတ်မှုအတွင်း စစ်ကောင်စီမှအင်အားအလွန်အကျွံသုံးခဲ့သည့်အပြင် လက်နက်ကြီးများဖြင့်ပါ ပစ်ခတ်ခဲ့မှုကြောင့် အမျိုးသမီးတစ်ဦးအပါအဝင် ငါးဦးမှာ လက်နက်ငယ် သုံးလက်အတူအဖမ်းခံခဲ့ရခြင်းဖြစ်ကြောင်းသိရသည်။

" မနေ့ညက ပစ်ခတ်မှုမှာ ငါးဦးသာရှိတဲ့ လူနည်းစုကိုလာဖမ်းဆီးတာ စကစဘက်က လူအင်အား ၃၀၀ နီးပါးသုံးပြီး လာဖမ်းတဲ့အပြင် လက်နက်ကြီးတွေနဲ့ပါထုတာ။ လက်ရှိအချိန်ထိ ဇေယျာ (၃)ရပ်ကွက်ထဲမှာ စကစတွေ အစစ်အဆေးရှိနေသေးတယ်။ တချို့ဆို ရပ်ကွက်ထဲပြန်ဝင်လို့မရသေးဘူး" ဟု ယနေ့ နိုဝင်ဘာလ ၁၅ရက်ညပိုင်း အခြေအနေနှင့် ပတ်သက်ပြီး ဒေသခံတစ်ဦးက ဆိုသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly