စစ်ကောင်စီတပ်မှ လက်နက်အင်အား လူအင်အားအများအပြားသုံးပြီး သေ့ဘော့ဘိုးကျေးရွာကို ကျူးကျော်လာသော်လည်း အထိနာပြီး ဆုတ်ခွာထွက်ပြေးခဲ့ရ

စစ်ကောင်စီတပ်မှ လက်နက်အင်အား လူအင်အားအများအပြားသုံးပြီး သေ့ဘော့ဘိုးကျေးရွာကို ကျူးကျော်လာသော်လည်း အထိနာပြီး ဆုတ်ခွာထွက်ပြေးခဲ့ရ

နိုဝင်ဘာလ ၁၅ ရက်

ကရင်ပြည်နယ်၊ KNUတပ်မဟာ(၆)နယ်မြေ မြဝတီမြို့နယ် တောင်ဘက်ခြမ်းရှိ မြဝတီ-ဝေါလေကားလမ်းမဘေး သေ့ဘော့ဘိုးကျေးရွာကို စစ်ကောင်စီတပ်မှ ယမန်နေ့ နိုဝင်ဘာ ၁၄ရက်နေ့ ညနေ ၃နာရီခွဲအချိန်ခန့်က စစ်အင်အားအများအပြားအသုံးပြု ကျူးကျော်ခဲ့ခြင်းကြောင့် နယ်မြေခံ KNLAတပ်ရင်း(၂၇)လက်အောက်ခံ Cobra စစ်ကြောင်းနှင့် ပူးပေါင်းတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။

စစ်ကောင်စီတပ်မှ မြဝတီ - ဝေါ်လေ ကားလမ်းပေါ်ရှိ မြွေသုံးကောင် ဘုရားအနီးတွင် နည်းဗျူဟာ (၄၄၁) အခြေစိုက်ကာ အမြောက်တပ်ဖွဲ့ အမတ(၄၀၂)၊ ဒရုန်းတပ်ရင်း ဒတရ (၆၀၈) တို့က (၁၂၀) မမ လက်နက်ကြီးများ၊ (၁၂၂) မမ အလုံး ၄၀အတွဲလိုက်ပစ် MLRS ဒုံးကျည်များဖြင့် အဆက်မပြတ် ပစ်ကူပေး ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ပူးပေါင်းတပ်ဖွဲ့များမှ KNLA တပ်ရင်း (၂၇) ကော်ဘရာပူးပေါင်းစစ်ကြောင်း၊ ကျားသစ်နက်စစ်ကြောင်း၊ တပ်မဟာ လုံခြုံရေးစစ်ကြောင်း၏ တပ်ခွဲ(၂)၊ Federal Wings Drone အဖွဲ့၊ ရောင်နီတပ်ခွဲ ဒရုန်းအဖွဲ့ တို့က ပြန်လည်ခုခံကာကွယ်ခဲ့သည်။

ယင်းတိုက်ပွဲသည် တိုက်ပွဲချိန် သုံးနာရီခွဲကျော်ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်၊ သေဆုံး များပြားစွာဖြင့် ဆုတ်ခွာ ထွက်ပြေးခဲ့ကြရကြောင်း Cobra စစ်ကြောင်းမှ နိုဝင်ဝင်ဘာလ ၁၅ရက်နေ့ ရက်စွဲဖြင့် သတင်းထုတ်ပြန်ထားသည်။

ဆုတ်ခွာထွက်ပြေးသွားသည့် စစ်ကောင်စီတပ်များကို ပူးပေါင်းတပ်ဖွဲ့များက နယ်မြေရှင်းလင်းရေး လုပ်ဆောင်ခဲ့ပြီး ၅.၅၆ (ကပစ)ကျည်ဆန် ၃၇၀တောင့်၊ ၄၀မမ ဗုံးသီး ရှစ်လုံး၊ RPG ဗုံးသီး သုံးတောင့်၊ ၎င်းပို့ယမ်းတောင့် သုံးတောင့်၊ (၅.၅၆)ကျည်ဘောက် ရှစ်ခု၊ MA - 2 ကျည်ဘောက် တစ်ခု၊ လက်ပစ်ဗုံး တစ်လုံး၊ နင်းမိုင်း နှစ်လုံး၊ စစ်သုံးမြေပုံ တစ်ချပ်၊ ကျည်ကာ ဦးထုပ် တစ်လုံး၊ စစ်သုံး လွယ်အိတ် တစ်လုံး၊ စာရွက်စာတမ်းများ၊ ပုခတ် တစ်လုံး၊ ပေါက်တူး တစ်လက်၊ စက်အားသွင်းခုံ တစ်ခု၊ ရေဘူး တစ်လုံး၊ ကိုယ်ရေးကိုယ်တာ ဓာတ်ပုံ နှစ်ပုံတို့အား သိမ်းဆည်း ရမိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ကောင်စီတပ်မှ အရာရှိ တစ်ဦးအပါအဝင် လေးဦး သေဆုံးပြီး အခြား အရာရှိနှင့် အခြားအဆင့်များ ၁၀ဦး ထက်မနည်း ပြင်းထန်စွာ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး သေဆုံး၊ ထိခိုက်အရေအတွက် အတိအကျအား အတည်ပြုနိုင်ရန် ဆက်လက်စုံစမ်း‌နေဆဲဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ထို့အပြင် လေ့ကေ့ကော်မြို့သစ်အနီး လုံ‌ခြုံရေးတာဝန်ယူထားသော ကော်ဘရာစစ်ကြောင်း၏ လက်ဖြောင့်စနိုက်ပါ တပ်ဖွဲ့ဝင်များ၏ လက်ချက်ဖြင့် ယမန်နေ့ နိုဝင်ဘာ ၁၄ရက်နေ့ နေ့လယ်ပိုင်းတွင် လေ့ကေ့ကော် ရေကန်ကုန်းစခန်းရှိ အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ဝင် အနည်းဆုံး တစ်ဦး သေဆုံးခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီဘက်မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသန်းပစ်ခတ်ခဲ့ကာ Cobra စစ်ကြောင်းဘက်မှ ထိခိုက်မှု တစ်စုံတစ်ရာမရရှိခဲ့ကြောင်း သိရသည်။

နိုဝင်ဘာ ၁၃ရက်နေ့ကလည်း လူခို့၊ ညောင်ချောင်းဒေသတွင် တပ်မ (၄၄)၏ နည်းဗျူဟာ (၄၄၁) လက်အောက်ခံ တပ်များနှင့် ‌ပူးပေါင်းတပ်ဖွဲ့များအကြား ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ တစ်ဦး သေဆုံးပြီး IO အရာရှိအပါအဝင် လေးဦး အပြင်းအထန်ဒဏ်ရာ ရရှိခဲ့သည်။

ယနေ့ နိုဝင်ဘာ ၁၅ရက်နေ့ နေ့လယ် ၁၁နာရီခွဲခန့်မှ စတင်၍ နာရီဝက်ကျော်ကြာ လူခို့၊ ညောင်ချောင်းအနီးတွင် စစ်ကောင်စီနှင့် ပူးပေါင်းတပ်ဖွဲ့များအကြား နှစ်ဖက်ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ပူးပေါင်းတပ်ဖွဲ့များဘက်မှ ထိခိုက်မှု မရှိခဲ့ပါ။

စစ်ကောင်စီတပ်သည် မြဝတီ-ဝေါလေကားလမ်းမကို ထိန်းချုပ်နိုင်ရန် ဗျူဟာ လေးဗျူဟာထက်မနည်း စစ်သည်အင်အားအများအပြား၊ လက်နက်ကြီးပစ်ကူများနှင့် လေကြောင်းပစ်ကူများ၊ အများအပြားအသုံးပြုကာ လေးလကျော်ကြာ တိုက်ခိုက်နေသော်လည်း ပူးပေါင်းတပ်ဖွဲ့

များမှ ပြင်းထန်စွာခုခံကာကွယ်နေသည့်အတွက် ကျူးကျော်ခွင့်မရခဲ့ပေ။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly