နွေဦးတော်လှန်ရေး နေ့စဉ်မှတ်စု (၁၅ နိုဝင်ဘာ ၂၀၂၂) 

နွေဦးတော်လှန်ရေး နေ့စဉ်မှတ်စု (၁၅ နိုဝင်ဘာ ၂၀၂၂) 

နိုဝင်ဘာလ ၁၅ ရက်

 

အမျိုးသားညီညွတ်ရေး အစိုးရ 

  • အမျိုးသားညီညွတ်ရေးအစိုးရ၏ ၇၄ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းအဝေးကို ယနေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ပြီး အာဆီယံထိပ်သီး အစည်းအဝေးက NUG အတွက်ရော နွေဦးတော်လှန်ရေးအတွက်ပါ အပြုသဘောဆောင်သည့် ရလဒ်တချို့ ထွက်ပေါ်ခဲ့သည်ဟု ယာယီသမ္မတ ဒူဝါလရှီးလက ပြောသည်။ 

  • အီဂျစ်နိုင်ငံ၊ Sharm El-Sheikh မြို့မှာ နိုဝင်ဘာ (၆) ရက်ကနေ (၁၈) ရက်အထိ ကျင်းပလျက်ရှိသည့် ကုလသမဂ္ဂ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ မူဘောင် ကွန်ဗင်းရှင်း (UNFCCC) အဖွဲ့ဝင်နိုင်ငံများ၏ (၂၇) ကြိမ်မြောက် အစည်းအဝေး (COP27) သို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလက နိုဝင်ဘာ ၁၃ ရက် ရက်စွဲဖြင့် သဝဏ်လွှာ ပေးပို့ခဲ့သည်။ 

  • အကြမ်းဖက်စစ်ကောင်စီသည် ပြည်သူကို ကြောက်ရွံ့မှု သွတ်သွင်းပြီး ဒီမိုကရေစီ လှုပ်ရှားမှုကို ဖိနှိပ်ရန် ပြည်တွင်းဥပဒေများကို လက်နက်အဖြစ် အသုံးပြုနေသည်ဟု ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက နိုဝင်ဘာ ၁၁ ရက်က (၇၇) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေ ညီလာခံ၊ တတိယ ကော်မတီတွင် တင်သွင်းသည့် သေဒဏ်ပြစ်ဒဏ်ချမှတ်မှုကို တရားဝင်ဆိုင်းငံ့ခြင်း “ Moratorium on the use of the Death Penalty ” ဆိုင်ရာ အဆိုမူကြမ်းအား ထောက်ခံမဲပေးခြင်းနှင့် ပတ်သက်ပြီး မိန့်ခွန်း ပြောကြားရာတွင် ထည့်သွင်း ပြောကြားခဲ့သည်။ 

  • အမျိုးသားညီညွတ်ရေးအစိုးရ၊ စီမံကိန်း၊ ဘဏ္ဍာရေး နှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာနက လုပ်ဆောင် နေသည့် NUG Pay က ဈေးကွက်အတွင်း DMMK သန်းပေါင်း ၄၅၀၀ ဖြင့် လည်ပတ်နေသည်ဟု NUG Pay ၏ ပြည်သူ့ထံ အစီရင်ခံစာက အသိပေးလိုက်သည်။ 

  • အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကြားကာလ ဖက်ဒရယ် သူနာပြု နှင့် သားဖွား​ကောင်စီက လိုင်စင်လျှောက်ထားလာသည့် သူနာပြု နှင့် သားဖွားများအတွက် လိုင်စင်များ ထုတ်​ပေး​နေပြီ ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။ 

  • တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ် အတွင်း နိုဝင်ဘာ ၁၄ ရက်က အကြမ်းဖက် စစ်တပ်နှင့် ဒေသခံ ကာကွယ်ရေး တပ်များ တိုက်ပွဲ ၂ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်သား ၉ ဦးသေဆုံးခဲ့ကြောင်း ပြည်သူ့ ကာကွယ်ရေး တပ်မတော် မြိတ်ခရိုင်တပ်ရင်း ၂ ထံမှ သိရသည်။ 

 

တော်လှန်ရေး လှုပ်ရှားမှုများ 

  • အင်းစိန်ထောင်တွင် အကျဉ်းကျခံနေရသည့် ဒါရိုက်တာမင်းထင်ကိုကိုကြီး နှင့် အဆိုတော် စောဖိုးခွားတို့ နိုဝင်ဘာလ ၁၅ ရက်တွင် ပြန်လွတ်လာကြောင်း ဘီဘီစီမြန်မာပိုင်းသတင်းတွင် ဖော်ပြထားသည်။ 

  • တော်လှန်ပြည်သူတစ်ဦးမှ သန်လျင်မြို့နယ် တရားရုံး နှင့် သန်လျင်ခရိုင်တရားရုံးရှေ့တွင် ပျက်စီး နေသည့် တရားဥပဒေကို မီးမောင်းထိုးပြသည့် Failed Law လှုပ်ရှားမှု ပြုလုပ်ခဲ့ပြီး တောင်ကြီးမြို့ နှင့် ရန်ကုန်မြို့နေရာအချို့တွင်လည်း  ပြည်သူများနှင့် ကျောင်းသားလူငယ်များမှလည်း ပျက်စီးနေသည့် ပညာရေးစနစ် နှင့် တရားမျှတမှု ဆိတ်သုန်းနေမှုကို ဖော်ဆောင်သည့် Failed Law လှုပ်ရှားမှုတွင် ပါဝင်ခဲ့သည်။ 

  • ရန်ကုန်တွင် အကြမ်းဖက် စစ်တပ်က လုံခြုံရေး တင်းကြပ်ထားသော်လည်း တော်လှန်လူငယ် Demon မှ " ဥပဒေကိုစစ်ကျွန်ပြုထားသရွေ့ ဘယ်တော့မှတရားမျှတမှု ရှိမှာမဟုတ်ဘူး " စာတန်း ချိတ်ဆွဲကာ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုကို ယမန်နေ့က ပြုလုပ်ခဲ့ကြောင်း သိရသည်။ 

  • ဗမာ့လူငယ်ကွန်ရက် (ဗ.လ.က) အဖွဲ့ဝင်များက တရားဥပဒေ ယိုယွင်းပျက်စီးနေမှုကို မီးမောင်း ထိုးဖော်ပြသည့် "Failed Law" လှုပ်ရှားမှုကို ရန်ကုန်မြို့ရှိ အထင်ကရနေရာများတွင်ပြုလုပ်ကာ ပြည်သူလူထုကို စစ်ကောင်စီ၏မတရားသဖြင့်ကျင်းပမည့် ရွေးကောက်ပွဲအား ဆန့်ကျင် သပိတ်မှောက်ကြရန်  နှင့် တော်လှန်ရေး အသိ၊သတိ ရှိကြရန် စည်းရုံးလှုံ့ဆော်ခဲ့ကြသည်။ 

  • အကြမ်းဖက် စစ်အာဏာရှင် အမြစ်ဖြတ် ချေမှုန်းရေး စစ်ကိုင်းတိုင်း၊ ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံ သပိတ်စစ်ကြောင်းသည် " ကျောင်းသားထုအားဖြင့်စစ်ကျွန်ပညာရေးကို မြေမြှပ်ကြ "  ဘန်နာကိုင်ဆွဲကာ နိုဝင်ဘာ (၁၅) ရက်တွင် (၆၁၄) ရက်မြောက် အဖြစ် ချီတက်ဆန္ဒပြကြသည်။ 

  • စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်သို့ စစ်ကြောင်း ထိုးလာသော အကြမ်းဖက် စစ်ကောင်စီ စစ်ကြောင်းကို နိုဝင်ဘာ ၁၅ ရက်၊ နံနက် ၇ နာရီခန့်က ပြည်သူ့ကာကွယ်ရေး တပ်များက မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၇ ဦးသေဆုံးကြောင်း Lightning Guerrilla Revolution Force မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်ကို ကိုးကားပြီး ရန်ကုန်ခေတ်သစ်သတင်းဌာနတွင် ဖော်ပြထားသည်။ 

  • စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်တွင် နိုဝင်ဘာ ၁၃ ရက် နှင့် ၁၄ ရက်နေ့က အကြမ်းဖက် စစ်တပ် နှင့် KIA၊ KPDF ပူးပေါင်း တပ်ဖွဲ့တို့ ၂ ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်သား ၄ ဦးသေဆုံးကြောင်း Indaw Revolution-IR အဖွဲ့ထံမှ သိရသည်။ 

  • စစ်ကိုင်းတိုင်း၊ အရာတော် - မုံရွာလမ်းပိုင်းအား ယနေ့နံနက်ပိုင်းမှ စတင်ကာ ဖြတ်သန်းခွင့်ယာယီ ပိတ်ထားလိုက်ကြောင်း အရာတော်မြို့နယ် ပြည်သူ့ကာကွယ် ရေးအဖွဲ့က ထုတ်ပြန်ကြေညာသည်။ 

  • စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်အတွင်း လက်ရှိစစ်ရေးအခြေအနေများအရ ကလေး-တမူး လမ်းမကြီးအား ယခု ရက်သတ္တပတ်အတွင်း ဖြတ်သန်းသွားလာခြင်း လုံးဝမပြုကြရန် ကလေးနှင့် တမူး PDF အဖွဲ့ အသီးသီးက ထုတ်ပြန်ထားသည်။ 

  • စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေးကျေးရွာတွင် တပ်စွဲထားသောစစ်ကောင်စီတပ်နှင့် ပျူစောထီးပူးပေါင်းတပ်ဖွဲ့က နိုဝင်ဘာ ၁၅ ရက်၊ နံနက် ၅ နာရီခန့်တွင် နဘူးတောကျေးရွာကို ရုတ်တရက် ဝင်ရောက်စီးနင်းပြီး ကျောင်းသားအရွယ် လူငယ်လေးဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံတစ်ဦးက ပြောသည်။ 

  • စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့ပေါ်ရှိ စစ်ကောင်စီ တပ်စွဲထားသည့်  နေရာသုံးနေရာကို နိုဝင်ဘာ ၁၄ ရက်၊ ည ၇ နာရီ ၄၅ မိနစ်ခန့်က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း တွေ့ရာသင်္ချိုင်း ဓားမဆိုင်းပြောက်ကျား တပ်ဖွဲ့ထံမှ သိရသည်။ 

  • စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်၊ ကံကုန်းရွာအား  စစ်ကောင်စီတပ်မှ ယမန်နေ့ နိုင်ဝင်ဘာ ၁၄ ရက်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဂျက်ဖိုက်တာဖြင့် ဗုံးခုနစ်လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း Banmauk Revolution – BR မှ သတင်းထုတ်ပြန်ထားသည်။ 

  • စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တွင် နိုဝင်ဘာ ၁၄ ရက်၊ နံနက် ၅ နာရီခန့်က ပြည်သူများ၏ သီးနှံများကို သိမ်းယူနေသော အလယ်ကျွန်းရွာရှိ စစ်ကောင်စီတပ်သား နှင့် ပျူစောထီးများအား လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ကျောက်လုံးကြီး KLG PDF အဖွဲ့က သတင်းထုတ်ပြန်သည်။ 

  • စစ်ကိုင်းတိုင်း၊ ကန့်ဘလူ မြို့နယ်၊ ပင့်သာတိုက်နယ်ရှိ ကျေးရွာ ၄ ရွာကို နိုဝင်ဘာ ၁၀ ရက်မှ စတင်ကာ အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးမှု နေအိမ် ၁၂၈ လုံး ပြာကျခဲ့ကြောင်း ကန့်ဘလူ- ကျွန်းလှ တက်ကြွ လှုပ်ရှားသူများ အဖွဲ့ထံမှ သိရသည်။ 

  • စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ရန်အတွက် လက်နက်ကိုင်တော်လှန်ရေးအပြင် အတွေးအခေါ် တော်လှန်ရေး နှင့် စိတ်ဓာတ်တော်လှန်ရေးပါ လုပ်ကြရန် ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) ဥက္ကဋ္ဌက ပြောဆို တိုက်တွန်းလိုက်သည်။ 

  • မကွေးတိုင်း၊ ဆောမြို့နယ်၊ လက်ပန်းရွာကို နိုဝင်ဘာ ၁၅ ရက်၊ နံနက် ၁၁ နာရီခန့်မှ စတင်ကာ အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးနေပြီး ဆရာတော် တစ်ပါး အပါအဝင် ပြည်သူ ၅ ဦး ဖမ်းဆီးခံထားရကြောင်း ဒေသခံများထံမှ သိရသည်။ 

  • မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ကုက္ကိုစုပျူစောထီးကျေးရွာမှ ပတ်ကင်းထွက်လာသည့် စစ်ကောင်စီ တပ်နှင့်ပျူစောထီးအဖွဲ့ကို နိုဝင်ဘာ ၁၄ ရက်၊ နံနက်ပိုင်းက ကြိုတင်စောင့်ဆိုင်း တိုက်ခိုက်ခဲ့သည့်အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦး နှင့် ပျူစောထီး သုံးဦးသေဆုံးသွားကြောင်း  Anonymous Special Task Force- Pauk မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ 

  • မန္တလေး သပိတ်ခေါင်းဆောင် ဒေါက်တာတေဇာစန်း ကိုယ်တိုင် ပြည်သူများနှင့်အတူ လမ်းမပေါ်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ယမန်နေ့က  ချီတက် သပိတ်မှောက်ခဲ့ကြသည်။ 

  • မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ဘုရားမကုန်းရွာတွင် စစ်တပ်အတွက် သတင်းပေးနေသည့် ငကြူးကို ယနေ့ ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း မတ္တရာမြို့နယ် နတ်ဆိုးမြေအောက်တော်လှန်ရေးအဖွဲ့ထံမှ သိရသည်။ 

  • ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့တွင် အစစ်အဆေးများ များပြားနေသည့်ကြားမှ  "Failed Law" လှုပ်ရှားမှုတွင် ယနေ့ ပြည်သူများက ပါဝင်၍ လှုပ်ရှားကြသည်။ 

  • ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် အိုက်ကဒုံကျေးရွာအုပ်စု စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး မင်းနိုင် နှင့် မြစ်ကျိုးကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ကြီးမြင့်တို့ကို နိုဝင်ဘာ ၁၄ ရက်၊ ညနေ ၆ နာရီခန့်က သာယာဝတီဂဠုန်တပ်ဖွဲ့က သေနတ်ဖြင့် ပစ်ခတ်ရာ အုပ်ချုပ်ရေးမှူး မင်းနိုင် သေဆုံးပြီး အုပ်ချုပ်ရေးမှူး ကြီးမြင့်မှာ ဒဏ်ရာအပြင်းအထန်ရရှိကြောင်း သာယာဝတီဂဠုန်တပ်ဖွဲ့ထံမှ သိရသည်။ 

  • ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်အတွင်းရှိ အသက် ၁၈ နှစ်မပြည့်သေးသည့် အခြေခံ ပညာကျောင်းသားများ ရေးရာအဖွဲ့က ကိုးတန်း၊ ဆယ်တန်းအရွယ် ကျောင်းသား၊ ကျောင်းသူများကို စစ်ကောင်စီတပ်များ နှင့် ရဲများက ယခုရက်ပိုင်းအတွင်း လိုက်လံ ဖမ်းဆီးနေကြောင်း ဒေသခံများထံက သိရသည်။ 

  • တနင်္သာရီတိုင်း၊ ကော့သောင်းမြို့တွင် နိုဝင်ဘာ ၁၄ ရက်၊ ည ၈ နာရီခွဲခန့် ပိတောက်ရွှေဝါရပ်ကွက် မွန်စုလမ်း၌ စစ်ကောင်စီလက်အောက်ခံ တပ်ကြပ်ကြီးအဆင့်ရှိ ယာဉ်ထိန်းရဲတစ်ဦး သေနတ်ဖြင့် ငါးချက်အပစ်ခံရပြီး အခင်းဖြစ်ပွားသည့်နေရာ၌ ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ 

  • တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်ရှိ ဘုန်းတော်ကြီးကျောင်း တစ်ကျောင်းကို ယမန်နေ့ နိုဝင်ဘာ ၁၄ ရက်၊ နံနက် ၃ နာရီခန့်က စစ်ကောင်စီက အင်အားအလုံးအရင်းဖြင့် ဝင်ရောက် စီးနင်းခဲ့ရာ သံဃာတော် နှစ်ပါး အပါဝင် ငါးဦး ဖမ်းဆီးခြင်း ခံလိုက်ရကြောင်း ဒေသခံများထံမှ သိရသည်။ 

  • တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ကဒဲကျေးရွာကို နိုဝင်ဘာ ၁၄ ရက်၊ နံနက် ၁၁ နာရီခွဲခန့်က အကြမ်းဖက် စစ်ကောင်စီက ဒရုန်းဖြင့် ဗုံးချ ပစ်ခတ်မှုကြောင့် အရပ်သားနှစ်ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး တစ်ဦးမှာ စိုးရိမ်ရသည့် အခြေအနေရှိနေကြောင်း ပူရိယက္ခ ညီနောင်စစ်ကြောင်း အဖွဲ့ထံမှ သိရသည်။ 

  • မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ဇေယျာ ၃ နယ်မြေအတွင်း နိုဝင်ဘာ ၁၄ ရက်၊ ညနေ ၅ နာရီခွဲခန့်က ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုတွင် စစ်ကောင်စီလက်အောက်ခံ ရဲ ၁ဦး နှင့် အုပ်ချုပ်ရေးမှုးဖြစ်သူ၏ သား ၁ ဦး သေဆုံးခဲ့ရပြီး အမျိုးသမီး ၁ ဦး အပါအဝင် မိမိတို့ ရဲဘော် ၅ ဦး ဖမ်းဆီးခံခဲ့ရကြောင်း အထူးမြေအောက်လှုပ်ရှားမှုအင်အားစုက သတင်းထုတ်ပြန်ထားသည်။ 

  • ချင်းပြည်နယ်တော်လှန်ရေးအတွက် ဘဏ္ဍာငွေအားဖြည့်နိုင်ရန်ဖွင့်လှစ်ထားသည့် တူမီးထီ အပတ်စဉ်(၆)မှ ရရှိလာသောရန်ပုံငွေများအား ပြည်တွင်းနေရပ်စွန့်ခွာသူများနှင့် လူသားချင်းစာနာ ထောက်ထားရေးအကူအညီများအဖြစ် လွဲပြောင်းပေးအပ်ခဲ့ကြောင်း နိုဝင်ဘာ ၁၅ ရက်တွင် ထုတ်ပြန်ထားသည်။ 

  • ရုပ်ရှင် သရုပ်ဆောင် ဒါရိုက်တာ ကိုပေါက် ၏ “ မသောက်မိသော မိုးခါးရေ” ဇာတ်လမ်းရှင်ရှင်ကို Free Burma Action Committee-Northern California က ကြီးမှူး၍  အမေရိကန်ပြည်ထောင်စု၊ မြောက်ပိုင်းကာလီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စစ္စကိုပင်လယ်အော်ဒေသရှိ ဆန်လီရမ်ဒိုမြို့​၊ ပရိသတ် ၇၅၀ ခန့် Historic Bal Theater ရုပ်ရှင်ရုံကြီးတွင် ပြသခဲ့ရာ ၇၅ တန်၊ ၃၅ တန်လက်မှတ်များ အားလုံးကုန်သွားသည့်အပြင် ရုံပြည့်ရုံလျှံ လာရောက်အားပေးခဲ့ကြ​ကြောင်း သိရသည်။ 

  • စစ်ကောင်စီက လာမည့် ၂၀၂၃ ခုနှစ်တွင် ကျင်းပမည်ဟု ပြောထားသည့် ရွေးကောက်ပွဲကို မလေးရှားက ထောက်ခံအားပေးခြင်း မရှိကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဆိုင်ဖူဒင် အဗ္ဗဒူလာ၏ ပြောကြားချက်ကို ကိုးကားပြီး MalayMail သတင်းဌာနတွင် ဖော်ပြထားသည်။ 

  • အာဆီယံ နှင့် UN က စစ်ကောင်စီကို ပိုမိုဖိအားပေးရန် မြန်မာအထူးအကြံပေးအဖွဲ့က နိုဝင်ဘာ ၁၄ ရက်စွဲဖြင့် တောင်းဆိုထုတ်ပြန်လိုက်သည်။ 

 

တိုင်းရင်းသား လက်နက်ကိုင်များ 

  • မကွေးတိုင်း၊ မကွေးမြို့ပေါ်ရှိ လေတပ်စစ်ဌာနချုပ်ကို  KNLA နှင့် EPDF မဟာမိတ်အဖွဲ့၊ ရွှေလင်းယုန် အဖွဲ့ (Golden Eagle) ၊ ဘီလူးစစ်ဆင်းရေးတပ်ဖွဲ့တို့က ယနေ့ နံနက်ပိုင်းက ရှော့တိုက်ဒုန်း ၃ လုံးဖြင့် ပစ်ခတ်ခဲ့ကြောင်း မဟာမိတ်ပူးပေါင်းတပ်များထံက သိရသည်။ 

  • ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ လွတ်ရှမ်းကျေးရွာအနီးတွင် နိုဝင်ဘာ ၁၅ ရက်၊ နံနက် ၅ နာရီခန့်မှ စတင်၍ စစ်ကောင်စီတပ် နှင့် KNLA ၊ PDF ပူးပေါင်းတပ်များအကြား တိုက်ပွဲများ ပြင်းထန်နေပြီး စစ်တပ်ဘက်က လက်နက်ကြီး ပစ်ကူအပြင် လေကြောင်းတိုက်ခိုက်မှုများကိုပါ အသုံးပြုနေကြောင်း ဒေသခံများက ဆိုသည်။   

  • ပဲခူတိုင်း၊ ရွှေကျင် နှင့် ကျောက်ကြီးမြို့နယ်များရှိ စစ်ကောင်စီ တပ်စခန်းသုံးခုကို KNLA နှင့် မဟာမိတ် ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် စစ်ကောင်စီတပ်က အင်အားဖြည့် တင်းမှုများလုပ်ဆောင်နေခြင်းကြောင့် ဒေသခံ ၁၅,၀၀၀ ကျော်မှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင် နေရကြောင်း ဒေသခံများက ပြောသည်။ 

  • ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ကွန်းတောင်ရထားဘူတာတွင် စစ်ကောင်စီတပ်စွဲထားသည့် စခန်းကို ရက္ခိုင့်တပ်တော် AA က ယနေ့ နိုဝင်ဘာ ၁၅ ရက်၊ နံနက်ပိုင်းက ဝင်ရောက်တိုက်ခိုက်ခဲ့၍ နှစ်ဖက်အပြန်အလှန် တိုက်ပွဲဖြစ်ပွားမှု ရှိခဲ့ကြောင်း ဒေသသတင်းရင်းမြစ်များက ပြောသည်။ 

  • ချင်းပြည်နယ် ၊ ဟွားလ်ငိုးလ်ရမ်းဒေသအတွင်းရှိ ပြည်သူများအတွက် “LIANDO HOSPITAL” နာမည်ဖြင့် ဆေးရုံတစ်ရုံဖွင့်လှစ်ခဲ့ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ (ဟွားလ်ငိုးရမ်း) CDF – Hualngoram က နိုဝင်ဘာ ၁၄ ရက်တွင် သတင်းထုတ်ပြန်သည်။ 

  • NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များနှင့်တွေ့ဆုံပြီးမှသာ သူမ၏နိုင်ငံရေးသဘောထားကို ထုတ်ပြောနိုင်မည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၏ သတင်းစကားကို ထောက်ခံကြောင်း NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်မှု ကော်မတီ PPST က နိုဝင်ဘာ ၁၄ ရက်က ထုတ်ပြန်သည်။ 

 

စစ်ကောင်စီ 

  • အားကစား မြှင့်တင်ခြင်းသည် နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်ခြင်း ဖြစ်သည်ဟု စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်က နိုဝင်ဘာ ၁၄ ရက်က နေပြည်တော်ရှိ ဇေယျာသီရိ တပ်မတော် အားကစားကွင်း၌ ကျင်းပသည့် ၂၀၂၂ ခုနှစ်၊ တပ်မတော်(ကြည်း၊ရေ၊လေ) အားကစားပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားတွင် ပြောသည်။ 

  • စစ်ကောင်စီက စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး နှင့် ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးရွှေလေး တို့ကို တာဝန်မှ အနားယူခွင့်ပြုလိုက်ကြောင်း ယမန်နေ့ ညပိုင်းက အမိန့်ထုတ်ပြန်ခဲ့သည်။ 

  • သမဝါယမ နှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးကို စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး တာဝန် ပူးတွဲ ခန့်အပ် တာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီက ယမန်နေ့ ရက်စွဲဖြင့် အမိန့် ထုတ်ပြန်ခဲ့သည်။ 

  • ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး အဖြစ် ဦးမျိုးသန့်ကို ခန့်အပ် တာဝန်ပေး လိုက်ကြောင်း စစ်ကောင်စီက အမိန့်ထုတ်ပြန်ခဲ့သည်။ 

  • ကိုဗစ်-၁၉ ရောဂါကုသရေးတွင် အသုံးပြုရန် ဆေးခါးကြီး ပါဝင်သည့် ဝိသမအဖျားပျောက်ဆေးကို တိုင်းရင်းဆေးဝါးအဖြစ် ထုတ်လုပ်သွားမည် ဖြစ်သည်ဟု စစ်ကောင်စီ လက်အောက်ခံ ကျန်းမာရေး ဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်းက ပြောသည်။ 

  • ဥပဒေ၊ ညွှန်ကြားချက်များ လိုက်နာရန် ပျက်ကွက်သည်ဆိုပြီး ကုမ္ပဏီနှင့် အဖွဲ့အစည်းအချို့ သက်ဆိုင်ရာ ဝန်ကြီးဌာန၊ အစိုးရအဖွဲ့များ၏ အမည်ပျက်စာရင်းကြေညာခြင်း ခံနေရသည်ဟု စစ်ကောင်စီ လက်အောက်ခံ ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနက အသိပေး ထုတ်ပြန်ထားသည်။ 

  • ရန်ကုန်မြို့က အင်းစိန်ဗဟို အကျဉ်းထောင်တွင် အောက်တိုဘာ ၁၉ ရက်က ဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှု နှင့် ပတ်သက်ပြီး ကျူးလွန်သည်ဟုဆိုသူ နှစ်ဦးကို ဖမ်းဆီးရမိပြီး ဖြစ်သည်ဟု  စစ်ကောင်စီက ယမန်နေ့ ညပိုင်းက သတင်းထုတ်ပြန်သည်။ 

  • ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့် တိုးချဲ့ ၁ ရပ်ကွက်အတွင်းရှိ အိမ်ခြေ ၁၄၁၀ လုံးခန့်ကို စစ်ကောင်စီက ကျူးကျော်ဟုဆိုကာ ဖျက်ဆီးဖယ်ရှားရန် စနစ်တကျ လုံခြုံရေး ပြင်ဆင်နေကြောင်း ရဲတပ်ဖွဲ့၏ လျှို့ဝှက်ကြေးနန်းအရ သိရသည်။ 

  • ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ နယ်ခြားစောင့်တပ်ဖွဲ့ခွဲ နခခ (၈) တပ်ဖွဲ့ဝင် တစ်ဦးသည် နိုဝင်ဘာ ၁၄ ရက်၊ နံနက် ၁၀ နာရီခန့်က မိမိကိုယ်ကိုလက်ပစ်ဗုံးဖောက်ပြီး သတ်သေသွားခဲ့ကြောင်း ရဲတပ်ရင်းနှင့်နီးစပ်သူများထံက သိရသည်။ 

 

နိုဝင်ဘာ ၁၅ ရက် သုံးသပ်ချက် 

  • တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ အညာဒေသနှင့် ပဲခူးအရှေ့ခြမ်းရောက်သည်ကို ကြည့်ခြင်း အားဖြင့် စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်သည့် ခုခံတော်လှန်စစ်သည် တဖြည်းဖြည်း ကျယ်ပြန့် လာသည်ဟု ယူဆရဖွယ်ရှိနေသည်။ 

  • ရခိုင်ပြည်နယ်တွင်လည်း ရက္ခိုင့်တပ်တော်နှင့်အကြမ်းဖက်စစ်တပ်ကြား တိုက်ပွဲများပြင်းထန်စွာ ဖြစ်ပွား နေပြီး အရပ်သားပြည်သူများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်သည့် စစ်တပ်ကို လက်စားချေမည်ဟု ဆိုထားသည့်အတွက် တိုက်ပွဲကြီးများဖြစ်လာနိုင်သည်။ 

  • အညာဒေသတွင် စစ်ကောင်စီက နေ့စဉ်မီးရှို့မှုများပြုနေခြင်းကြောင့် ဒေသခံများ ထောင်နှင့်ချီကာ နေရပ်စွန့်ခွာထွက်ပြေးနေရပြီး အရေးပေါ်ကူညီမှုများလိုအပ်နေသည်။ 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly