ရဟတ်ယာဉ် အဂတိအမှုအတွက် နိုင်ငံတော်သမ္မတဦးဝင်းမြင့် သက်သေထွက်ဆို

ရဟတ်ယာဉ် အဂတိအမှုအတွက် နိုင်ငံတော်သမ္မတဦးဝင်းမြင့် သက်သေထွက်ဆို

နိုဝင်ဘာလ ၁၅ ရက်

သဘာဝဘေးအန္တရာယ်ကာကွယ်ရေးအတွက် ရဟတ်ယာဉ် ငှားရမ်း၊ ဝယ်ယူရာတွင် အဂတိလိုက်စားသည်ဟုဆိုကာ စွပ်စွဲထားသည့်အမှုအတွက် နိုင်ငံတော်သမ္မတဦးဝင်းမြင့်က ယနေ့ နိုဝင်ဘာလ ၁၅ရက်နေ့ ရုံးချိန်းတွင် သက်သေထွက်ဆိုခဲ့ကြောင်း သိရသည်။

သမ္မတဦးဝင်းမြင့်က ၎င်းအား စွပ်စွဲထားချက်နှင့် ပတ်သက်ပြီး အပြစ်မရှိကြောင်းကို ဥပဒေအကိုးအကားများဖြင့် ပြောဆိုသွားသည်ဟု တရားရုံးနှင့် နီးစပ်သည့်အသိုင်းအဝိုင်းက ပြောသည်။

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ရဟတ်ယာဉ်ငှားရမ်းခြင်း၊ နိုင်ငံတော်ပိုင် ရဟတ်ယာဉ်တစ်စီး ဝယ်ယူခြင်းတို့နှင့် ပတ်သက်ပြီး စစ်ကောင်စီလက်အောက်ခံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ အရာရှိနှစ်ဦးက တရားလိုအဖြစ် ပြုလုပ်ကာ စွပ်စွဲခံရသူများကို စုစု​ပေါင်း အမှု ငါးမှုဖြင့် တရားစွဲဆိုထားခြင်း ဖြစ်သည်။

ယနေ့ရုံးချိန်းတွင် သမ္မတဦးဝင်းမြင့်က ၎င်းအားစွပ်စွဲထားသည့် အမှုများထဲမှ အမှုနံပါတ် (၄၆) အတွက် သက်သေထွက်ဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နေပြည်​တော်အချုပ်​​ထောင်အတွင်းရှိ အထူးတရားရုံးတွင် ​နောက်ဆုံးစစ်​ဆေးရန် ကျန်ရှိသည့် အဆိုပါ အမှု ငါးမှုကို အပတ်စဉ် တနင်္လာနေ့နှင့် အင်္ဂါနေ့တိုင်း စစ်ဆေးနေခြင်းဖြစ်ကာ လာမည့်ရုံးချိန်းများတွင် ကျန်ရှိသည့်အမှု​ လေးမှုအတွက် သမ္မတဦးဝင်းမြင့်ကိုပင် ဆက်လက်စစ်ဆေးသွားမည်ဖြစ်ကြောင်း တရားရုံးနှင့် နီးစပ်သူတစ်ဦးက ​ပြောသည်။

အမှု ငါးမှုစလုံးအတွက် သမ္မတဦးဝင်းမြင့်ကို စစ်ဆေးပြီးပါက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဆက်လက်စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံ​တော်အတိုင်ပင်ခံပုဂ္ဂိုလ်​ဒေါ်​အောင်ဆန်းစုကြည်အ​နေဖြင့် လက်ရှိတွင် အမှု ၁၄ မှုအတွက် ​​​ထောင်ဒဏ် ၂၆နှစ်ချမှတ်ခံထားရပြီး သမ္မတဦးဝင်းမြင့်အ​နေဖြင့် အမှု သုံးမှုအတွက် ​ထောင်ဒဏ် ငါးနှစ် ချမှတ်ခံထားရသည်။

စာတည်း။ ။ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly