အိန္ဒိယ-မြန်မာနယ်စပ် နှစ်နိုင်ငံသွားလာခွင့်ကို မဏိပူအစိုးရက ၃ လ ပိတ်ပင်

အိန္ဒိယ-မြန်မာနယ်စပ် နှစ်နိုင်ငံသွားလာခွင့်ကို မဏိပူအစိုးရက ၃ လ ပိတ်ပင်

မဇ္စျိမ။ ။အိန္ဒိယ-မြန်မာနယ်စပ်တွင် နှစ်ဖက်နိုင်ငံသားများသွားလာခွင့်ကို သုံးလပိတ်ပင်လိုက်ကြောင်း မဏိပူပြည်နယ်အစိုးရ ပြည်ထဲရေးဝန်ကြီးဌာန Deputy Secretary Peter Salam က နိုဝင်ဘာလ ၁၁ ရက်နေ့တွင်အမိန့် ထုတ်ပြန်လိုက်သည်။

နိုဝင်ဘာလ ၁၅ ရက်တွင်အသက်ဝင်မည့် ထိုအမိန့်ကြေညာချက်တွင် မြန်မာနိုင်ငံအတွင်း လက်ရှိဖြစ် ပျက်နေသော တရားဥပဒေစိုးမိုးရေးအခြေအနေများကြောင့် အနာဂါတ်တွင် အိန္ဒိယနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာမည့် မြန်မာနိုင်ငံသားဦးရေ တိုးပွားလာနိုင်ခြင်းကြောင့်ဖြစ်ကြောင်း ဆိုသည်။

မြန်မာနိုင်ငံနှင့်သဘောတူညီထားသည့် နှစ်နိုင်ငံလွတ်လပ်စွာသွားလာခွင့် သဘောတူညီချက် Free Movement Regime (FMR) အား သုံးလအထိ (သို့မဟုတ်) အိန္ဒိယ-မြန်မာနယ်စပ်ဂိတ်များ တရားဝင် ဖွင့် လှစ်ပြီးသည့်အချိန်ထိ သက်တမ်းတိုးမြှင့်လိုက်ကြောင်း ဖော်ပြထားသည်။

“အခုလို အမိန့်ထုတ်ပြန်လုပ်လိုက်တာက စစ်ဘေးရှောင်တွေအပါအဝင် နှစ်နိုင်ငံမှာနေထိုင်ကြတဲ့ အခြေခံ လူတန်းစားတွေအကုန်လုံးကို ထိခိုက်မှာဖြစ်တယ်။ အိန္ဒိယနိုင်ငံက ပါးစပ်နဲ့အပြောကသာ လူသားချင်း စာနာသယောင်ပြောဆိုနေပေမဲ့ အခုလုပ်ရပ်က ဒုက္ခရောက်နေတဲ့သူတွေကို လုံးဝထွက်ပေါက်မရှိအောင် လုပ်လိုက်တာပဲ။ ဒီမိုကရေစီနိုင်ငံကြီးလို့ပြောတဲ့နိုင်ငံက အခုလိုထုတ်ပြန်လိုက်တာ အရမ်းကိုရှက်စရာ ကောင်းတဲ့လုပ်ရပ်တစ်ခုလို့ ကျမပြောချင်တယ်။ နိုင်ငံတကာအနေနဲ့လည်း အိန္ဒိယရဲ့လုပ်ရပ်တွေအပေါ် ဖိအားပေးတောင်းဆိုကြဖို့ပြောချင်ပါတယ်” ဟု စစ်ဘေးရှောင်များကို အကူအညီပေးနေသော Boinu က မဇ္စျိမကိုပြောသည်။

ယင်းအမိန်ကြေညာချက်ထုတ်ပြန်ပြီးနောက် တမူးမြို့တွင် စက်သုံးဆီများ အဆမတန် ဈေးမြှင့်တက်သွား ကြောင်း ယခင်က ဆီတလီတာ ကျပ် ၁၀၀၀ ၊ ၁၅၀၀ အများဆုံး ၂၀၀၀ ဖြင့်ဝယ်ယူရခဲ့သော်လည်း ယခု တလီတာ ကျပ် ၈၀၀၀ ဈေးဖြင့်ဝယ်ယူရကြောင်း သိရသည်။

ကုန်စည်စီးဆင်းမှုများရပ်ဆိုင်းသွားနိုင်ပြီး အိန္ဒိယနိုင်ငံမိုးရေးမှ တင်ပို့နေသည့် စားကုန် အခြောက်အခြမ်း များနှင့် မြန်မာဘက်မှလာရောင်းနေသော ကုန်စိမ်းအပါအဝင် နေ့စဉ်လိုအပ်သည့် စားသောက်ကုန်များ ရောင်းချအသက်မွေးဝမ်းကြောင်းပြုနေသူများ အခက်အခဲများနှင့် ကြုံတွေ့ရနိုင်ကြောင်း သိရသည်။

အထူးသဖြင့် ယခင်ကတည်းက အခက်အခဲဒုက္ခများနှင့် ရင်ဆိုင်ကြုံတွေ့နေရသည့် စစ်ဘေးရှောင်များနှင့် နှစ်နိုင်ငံ အခြေခံလူတန်းစားများအပေါ်သက်ရောက်မှုကြီးမားနိုင်ကြောင်း ပြောဆိုကြသည်။

ထို့ပြင် ယင်းအမိန့်ကြေညာစာထွက်ပြီးနောက် အိန္ဒိယနိုင်ငံ၊ မိုးရေးမြို့တွင် မြန်မာနိုင်ငံသား (နိုင်ငံခြား သား)များကို အိမ်ငှားထားသည့်အိမ်ရှင်များအား တရားမဝင်ခိုလှုံလာသူများကို အာဏာပိုင်များထံသတင်း ပို့ကြရန်နှင့် ပျက်ကွက်ပါက အိမ်ရှင်၊ အိမ်ငှား ပြစ်ဒဏ်အတူကျခံရမည်ဟု ဖိအားပေးပြောဆိုခြင်းများရှိ ကြောင်း သိရသည်။

စစ်ဘေးရှောင်များနှင့် ခိုလှုံလာသူများမှာ မြန်မာနိုင်ငံတွင် နိုင်ငံရေးမတည်ငြိမ်မှုကြောင့် အသက် အန္တရာယ်အတွက် ခိုလှုံလာခြင်းဖြစ်ပြီး သမာအာဇီဝကျသောအလုပ်အကိုင်များဖြင့် အသက်မွေးဝမ်း ကြောင်းနေမှုအပေါ် အိန္ဒိယအစိုးရမှ ယခုကဲ့သို့တားမြစ်ပိတ်ပင်ကြုံလာနိုင်မည့်အရေးနှင့်ပါတ်သက်ပြီး နိုင်ငံတကာမှလည်း အိန္ဒိယအစိုးရကို ဖိအားပေး ဝိုင်းဝန်းတောင်းဆိုပေးကြရန် Boinu က မေတ္တာရပ်ခံ ကြောင်းပြောဆိုခဲ့သည်။

မြန်မာနိုင်ငံတွင် စစ်တပ်မှအာဏာသိမ်းပြီးနောက် စစ်ဘေးရှောင်များမှာ အိန္ဒိယနိုင်ငံနှင့်နယ်နိမိတ်ချင်း ထိစပ်နေသည့် မီဇိုရမ်၊ မဏိပူ၊ နာဂလဲန်းနှင့် နယူးဒေလီမြို့တွင် အများအပြားခိုလှုံလျက်ရှိကြောင်း ဒေသတွင်းသတင်းရင်းမြစ်များမှ သိရသည်။

စာတည်း။ ။စောဖေ

စာမူတည်းဖြတ်။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required