မြန်မာနယ်စပ်အနီး ပစ်ခတ်မှု ဘင်္ဂလားဒေ့ရှ်အရာရှိနှင့် ရိုဟင်ဂျာအမျိုးသမီးတို့ သေဆုံး

မြန်မာနယ်စပ်အနီး ပစ်ခတ်မှု ဘင်္ဂလားဒေ့ရှ်အရာရှိနှင့် ရိုဟင်ဂျာအမျိုးသမီးတို့ သေဆုံး

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်အနီး ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းတွင် လုံခြုံရေးတပ်ဖွဲ့များနှင့် သံသယရှိ မူးယစ်ဆေးမှောင်ခိုကူးသူများအကြား ပစ်ခတ်မှု ဖြစ်ပွား၍ ဘင်္ဂလားဒေ့ရှ် စစ်ထောက်လှမ်းရေး အရာရှိတစ်ဦးနှင့် ရိုဟင်ဂျာ အမျိုးသမီးတစ်ဦးတို့ သေဆုံးသွားကြောင်း အာဏာပိုင်တို့က နိုဝင်ဘာ ၁၅ ရက်တွင် ပြောသည်။

ဘင်္ဂလားဒေ့ရှ် ထောက်လှမ်းရေးတပ်ဖွဲ့နှင့် အထူးစစ်ဆင်ရေးတပ်ဖွဲ့ (RAB) တို့မှ အဖွဲ့ဝင်များသည် နယ်စပ် ဧရိယာတစ်ခုတွင် မူးယစ်ဆေးဝါး နှိမ်နင်းရေး ပူးပေါင်း စစ်ဆင်ရေးတစ်ခု လုပ်ဆောင်ခဲ့စဉ် နိုဝင်ဘာ ၁၄ ရက် ညပိုင်းက အဆိုပါ ပစ်ခတ်မှု ဖြစ်စဉ် ဖြစ်ပွားခြင်း ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် စစ်တပ်၏ ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ISPR) က ထုတ်ပြန်သည်။

“မူးယစ်ဆေးမှောင်ခိုကူးသူတွေနဲ့ ထိပ်တိုက်တွေ့ ပစ်ခတ်မှုဖြစ်လို့ တာဝန်ကျ ဘင်္ဂလားဒေ့ရှ် လေတပ်အရာရှိတစ်ယောက် နိုင်ငံအတွက် အသက်ပေးသွားခဲ့ရသလို အထူးစစ်ဆင်ရေးတပ်ဖွဲ့ဝင်တစ်ယောက်လည်း ဒဏ်ရာရခဲ့ပါတယ်” ဟု ISPR က ပြောသည်။

ပစ်ခတ်မှုဖြစ်စဉ်အတွင်း ရိုဟင်ဂျာ အမျိုးသမီးတစ်ဦးလည်း သေဆုံးကြောင်း ဘန်ဒါဘန် ခရိုင် နိတ်ခေါင်ချာရီ ရဲစခန်းမှ တာဝန်ကျ ရဲအရာရှိ ဂျွိုင်းဒက်ဗ်က အတည်ပြုသည်။

မြန်မာဘက်မှ ဘင်္ဂလားဒေ့ရှ်ဘက်သို့ ထွက်ပြေးခဲ့ကြသော ရိုဟင်ဂျာ ထောင်နှင့်ချီတို့ အသုံးပြုသည့် ကူတူပါလောင် ဒုက္ခသည်စခန်းမှ ကီလိုမီတာ အနည်းငယ် အကွာတွင် တည်ရှိသည့် နယ်စပ် ဧရိယာတစ်ခုဖြစ်သော ဂမ်ဒမ် အနီးတွင် နိုဝင်ဘာ ၁၄ ရက် ည ၈ နာရီခန့်က အဆိုပါဖြစ်စဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

ဘင်္ဂလားဒေ့ရှ် လုံခြုံရေးတပ်ဖွဲ့များသည် နိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် မှုခင်းဖြစ်ပွားမှုများ မြင့်တက်နေစဉ် သံသယရှိ ရိုဟင်ဂျာပြစ်မှုကျူးလွန်သူများကို ဖြိုခွင်းနှိမ်နင်းမှုတစ်ရပ်ကို စတင်လုပ်ဆောင်ထားခဲ့ပြီး အောက်တိုဘာလကုန်ပိုင်းက ဒုက္ခသည် ၇၅ ဦးထက်မနည်းကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

နိုင်ငံအရှေ့တောင်ပိုင်း ကော့ဇ်ဘဇား ခရိုင်ရှိ ဒုက္ခသည်ကမ့်စခန်းတချို့၏ လုံခြုံရေးအတွက် တာဝန်ယူရသော လက်နက်ကိုင်ရဲတပ်ရင်းက “အမြစ်ဖြတ်ရှင်းလင်းရေး စစ်ဆင်ရေး” ဟု အမည်ပေးထားသည့် စစ်ဆင်ရေးတစ်ခုကို လုပ်ဆောင်ခဲ့သည်။

ပြီးခဲ့သည့်လများအတွင်း အမြင့်ဆုံးအဖြစ် အောက်တိုဘာလက ကမ့်စခန်းများတွင် ရိုဟင်ဂျာ ရှစ်ဦးထက်မနည်း အသတ်ခံရပြီးနောက် အဆိုပါ စစ်ဆင်ရေးကို လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

(ကိုလူအေး ဘာသာပြန်သည်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required