ပါကစ္စတန် ပန်ဂျပ်နှင့် ခိုင်ဘာ ပက်ခ်တွန်ခဝါတို့တွင် ငြိမ်းချမ်းရေးထိန်းသိမ်းရန် အစိုးရ သတိပေး

ပါကစ္စတန် ပန်ဂျပ်နှင့် ခိုင်ဘာ ပက်ခ်တွန်ခဝါတို့တွင် ငြိမ်းချမ်းရေးထိန်းသိမ်းရန် အစိုးရ သတိပေး

ပါကစ္စတန်နိုင်ငံတွင် ဖြုတ်ချခံ ဝန်ကြီးချုပ်ဟောင်း အီမရန် ခန်းကို လုပ်ကြံရန် ကြိုးပမ်းမှုဖြစ်စဉ် ဖြစ်ပေါ်ပြီး နောက် ဆန္ဒပြပွဲများ ပေါ်ပေါက်လာခဲ့စဉ် ပန်ဂျပ်နှင့် ခိုင်ဘာ ပက်ခ်တွန်ခဝါ ပြည်နယ်တို့၌ တရားဥပဒေ စိုးမိုး ရေးကို မထိန်းသိမ်းနိုင်ပါက ကြီးလေးသော အကျိုးဆက်များနှင့် ရင်ဆိုင်ရလိမ့်မည် ဖြစ်ကြောင်း အဆိုပါပြည်နယ် များမှ အစိုးရများကို ဗဟိုအစိုးရက သတိပေးလိုက်သည်။

ပါကစ္စတန်ဗဟိုအစိုးရသည် ပန်ဂျပ်နှင့် ခိုင်ဘာ ပက်ခ်တွန်ခဝါ ပြည်နယ်တို့မှ အစိုးရများထံ ပေးပို့သည့် စာထဲတွင် သက်ဆိုင်ရာ ပြည်နယ်ဒေသများ၌ ငြိမ်းချမ်းရေးနှင့် ဥပဒေစိုးမိုးရေးကို ထိန်းသိမ်းရန် တောင်းဆိုထားကြောင်း Geo News က ဖော်ပြသည်။

ဝန်ကြီးချုပ်ဟောင်း အီမရန် ခန်းသည် ပြီးခဲ့သည့် နိုဝင်ဘာ ၃ ရက်က ပါတီ၏ ခရီးဝေးချီတက်မှုအတွင်း ဝါဇီရာ ဘတ်မြို့၌ သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရပြီး ခြေထောက်၌ ကျည်ထိမှန်ဒဏ်ရာများ ရခဲ့သည်။ သေနတ်ဒဏ်ရာ ရပြီးနောက် ၎င်းကို ဆေးရုံသို့ ပို့ဆောင်ခဲ့ရသည်။

အီမရန် ခန်းသည် မြို့တော် အစ္စလမ်မာဘတ်သို့ ဦးတည်သည့် ပါကစ္စတန် တေရက်-အီ-အင်ဆက်ဖ် (PTI) ပါတီ၏ ခရီးဝေးချီတက်မှုကို ဦးဆောင်ခဲ့စဉ် ဝါဇီရာဘတ်အရောက်တွင် တိုက်ခိုက်ခံခဲ့ရခြင်း ဖြစ်သည်။ အဆိုပါ တိုက်ခိုက်မှုဖြစ်စဉ်ကြောင့် လူ ၁ ဦး သေဆုံးပြီး ၁၃ ဦး ဒဏ်ရာရကြောင်း Geo News က ဖော်ပြသည်။

လက်ရှိအချိန်တွင် ပန်ဂျပ်နှင့် ခိုင်ဘာ ပက်ခ်တွန်ခဝါ ပြည်နယ်တို့ရှိ ဒေသခံပြည်သူအားလုံး၏ အသက်အိုးအိမ်နှင့် လွတ်လပ်ခွင့်ကို ကာကွယ်စောင့်ရှောက်ရန် ပြည်နယ်အစိုးရများကို ဗဟိုအစိုးရက တိုက်တွန်းထားသည်။ ယင်းက ပြည်နယ်အစိုးရများ၏ အဓိကတာဝန်ဖြစ်ကြောင်း ဗဟိုအစိုးရက ပြောသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required