တရုတ်နှင့်အီရန်က အမေရိကန်ရောက် အတိုက်အခံများကို လျှို့ဝှက်ထောက်လှမ်းရန်နှင့်ဖိနှိပ်ရန် အလွတ်စုံထောက်များကို အသုံးချ

တရုတ်နှင့်အီရန်က အမေရိကန်ရောက် အတိုက်အခံများကို လျှို့ဝှက်ထောက်လှမ်းရန်နှင့်ဖိနှိပ်ရန် အလွတ်စုံထောက်များကို အသုံးချ

အီရန်နှင့် တရုတ်ကဲ့သို့သော အာဏာရှင်အစိုးရများသည် အမေရိကန်ကဲ့သို့ အနောက်ဒီမိုကရေစီနိုင်ငံများရှိ ပြည်ပတွင်နေထိုင်သော အတိုက်အခံများကို လျှို့ဝှက်ထောက်လှမ်းရန် အလွတ်စုံထောက်များငှားရမ်းကာ နည်းလမ်းသစ်ကို အသုံးပြုကြသည်။

အီရန်နှင့်တရုတ်တို့သည် တစ်ကမ္ဘာလုံးသို့ လက်လှမ်းမီရန် အလွတ်စုံထောက်များကို အသုံးချကာ ၎င်းတို့ကို ဆန့်ကျင်သော အတိုက်အခံများအား ထောက်လှမ်းနေပုံကို The New York Times က ပထမဆုံးဖော်ပြခဲ့ကာ သတင်းများစွာတွင်လည်း တွေ့ရှိရသည်။

တရုတ်နှင့်အီရန်တို့သည် အမေရိကန်တွင် သူလျှိုကွန်ရက်များထူထောင်သည့် သမိုင်းကြောင်းရှိပြီး နိုင်ငံတော်လုံခြုံရေးပစ်မှတ်များနှင့် အတိုက်အခံတစ်ဦးချင်းစီကို အထူးပစ်မှတ်ထားသည်။

တရုတ်သည် အထူးသဖြင့် အမေရိကန်နည်းပညာကို ရယူရန်နှင့် အမေရိကန်ရှိ တရုတ်အကျိုးစီးပွားကို မြှင့်တင်ရန် ကြိုးပမ်းနေသည်ဟု စွပ်စွဲခံနေရသည်။

ထို့ပြင် အမေရိကန်ရှိ အတိုက်အခံများ၏အသံကို နှုတ်ဆိတ်သွားစေရန် သိသာထင်ရှားသော ကြိုးပမ်းအားထုတ်မှုလည်း ရှိသည်။

ဥပမာတစ်ခုမှာ ၂၀၂၂ ခုနှစ် ဇူလိုင်လက ပြည်တွင်းလုံခြုံရေးဌာန (DHS) ဝန်ထမ်း ခရေ့ဂျ်မစ်လာနှင့် အလွတ်စုံထောက်ဖြစ်လာသော အငြိမ်းစား DHS အေးဂျင့်ဟောင်း ဒဲရစ်တေလာတို့သည် အတိုက်အခံများကို နှုတ်ဆိတ်ရန် တရုတ်၏ နိုင်ငံဖြတ်ကျော်ဖိနှိပ်မှုတွင် ပါဝင်မှုအတွက် အမေရိကန်တရားရေးဌာန၏ ဖမ်းဆီး တရားစွဲဆိုမှုကို ခံခဲ့ရသည်။

အမှန်တကယ်တွင်မူ ယင်းလုပ်ရပ်သည် အဝေးရောက်တရုတ်အတိုက်အခံများကို ပစ်မှတ်ထားကာ တရုတ်သို့ပြန်လာအောင်အတင်းအကျပ်လုပ်ဆောင်သည့် အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေး အသွင် ဆောင်ထားသော တရုတ်၏ Operation Fox Hunt စီမံကိန်း၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး ထိုသို့ လုပ်ဆောင်နေသည်မှာ ၇ နှစ်နီးပါး ကြာပြီဟု ဆိုကြသည်။

နောက်ထပ်ဖြစ်ရပ်တစ်ခုမှာ ၂၀၂၁ ခုနှစ် ဇူလိုင်လက ဘရွတ်ကလင်းတွင် နေထိုင်သော အီရန်လူမျိုးအတိုက်အခံ ဂျာနယ်လစ် လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ မာဆီအလီနီဂျက်ကို ပြန်ပေးစွဲရန်ကြိုးစားမှုဖြင့် အီရန်နိုင်ငံသား များကို စွဲချက်တင်ခဲ့သည်။ ထိုဖြစ်စဉ်မှာလည်း ပြန်ပေးဆွဲမှုအတွက် လိုအပ်သည့် အချက်အလက်များကို စုဆောင်း ပေးသော အလွတ်စုံထောက်များ၏အကူအညီဖြင့် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly