စစ်ကိုင်းနယ်နှင့် ဝက်လက်နယ်ရှိ ကျေးရွာများမီးရှို့ဖျက်ဆီးခံရ၊ ဒေသခံများကို စစ်တပ်က သတ်ဖြတ်

စစ်ကိုင်းနယ်နှင့် ဝက်လက်နယ်ရှိ ကျေးရွာများမီးရှို့ဖျက်ဆီးခံရ၊ ဒေသခံများကို စစ်တပ်က သတ်ဖြတ်

နိုဝင်ဘာလ ၁၄ ရက်

စစ်ကိုင်းမြို့နယ်၊ ကျောင်းဖြူကျေးရွာကို စစ်တပ်က ယနေ့နံနက်ပိုင်းတွင် ဝင်ရောက်မီးရှို့ဖျက်ဆီးသွားပြီး ဒေသခံတချို့ကို ဖမ်းဆီးသွားကြောင်း ဒေသခံများထံက သိရသည်။

ယမန်နေ့ နိုဝင်ဘာလ၁၃ရက်နေ့က ဝက်လက်မြို့နယ်နှင့် စစ်ကိုင်းမြို့နယ်စပ်ရှိ ထန်းကြီးကျေးရွာကို စစ်အုပ်စုကဝင်ရောက်မီးရှို့ရာ ဒေသခံတစ်ဦးကိုလည်း နေအိမ်အတွင်းထည့်ကာ အလောင်းဖျောက်မီးရှို့ခဲ့ကြောင်းဒေသခံတစ်ဦးက ပြောသည်။

"ဒေသခံလေးဦးအသတ်ခံရတယ်။၊ အိမ်တွေကလည်း ကုန်သလောက်ပဲ။သက်သက်မဲ့ဝင်ရှို့သွားတာ။"ဟု ဒေသခံတစ်ဦးက ပြောသည်။

ထန်းကြီးကျေးရွာသည် အိမ်ခြေ ၄၀၀ကျော်ခန့်ရှိပြီး ၃၀၀ကျော်မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း ဒေသခံများထံက သိရသည်။

အဆိုပါ စစ်တပ်သည် ယမန့်နေ့ညနေပိုင်းက ဒေသခံကာကွယ်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ရာစစ်သား ငါးဦးထက်မနည်း သေဆုံးခဲ့ကြောင်း တောကြီးမြွေ​ပွေး အဖွဲ့က သတင်းထုတ်ပြန်ထားသည်။

အဆိုပါ စစ်ကြောင်းတိုက်ခိုက်ခံရပြီးနောက် စစ်ကိုင်းနယ်ဘက်ရှိ ကျောင်းဖြူကျေးရွာကို မီးဝင်ရှို့ခဲ့ကာ ခရိုင်ချင်းဆက်လမ်းမှတစ်ဆင့် ပြည်သူ လေးဦးကိုပါ ဖမ်းဆီး၍ ဆက်လက်စစ်ကြောင်းထိုးနေကြောင်း သိရသည်။

ဝက်လက်နယ်အရှေ့ပိုင်းကို စစ်တပ်က စစ်ကြောင်း သုံးကြောင်းဖြင့် ထိုးစစ်ဆင်နေပြီး ကျေးရွာ ၁၀ရွာခန့် မီးရှို့ဖျက်ဆီးခံထားရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly