နွေဦးတော်လှန်ရေး နေ့စဉ်မှတ်စု (၁၄ နိုဝင်ဘာ ၂၀၂၂) 

နွေဦးတော်လှန်ရေး နေ့စဉ်မှတ်စု (၁၄ နိုဝင်ဘာ ၂၀၂၂) 

နိုဝင်ဘာလ ၁၄ ရက်
 

အမျိုးသားညီညွတ်ရေး အစိုးရ 

  • တော်လှန်ရေးအရှိန်မြင့်လာသည်နှင့်အမျှ အထူးသတိပြုပြီး အဘက်ဘက်က ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီအဖွဲ့ဝင် လူသားချင်း စာနာထောက်ထား ရေး နှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ‌ဝင်းမြတ်အေး‌က ယမန်နေ့က ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီ နှင့် အထူးအုပ်ချုပ်ရေးဒေသ ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့များ တွေ့ဆုံဆွေးနွေး ပွဲတွင် ပြောသည်။ 

  • စစ်ကောင်စီ၏ အကြမ်းဖက်မှုလုပ်ရပ်များ နှင့် လက်နက်ကိုင်အစုအဖွဲ့များကြောင့် ထိခိုက်နစ်နာမှုများ နှင့် ဆုံးရှုံးမှုများကို မှတ်တမ်း အထောက်အထားများနှင့် ပေးပို့အကြောင်းကြားရန် အမျိုးသားညီညွတ်ရေး အစိုးရ၊ တရား ရေးဝန်ကြီးဌာန၊ တရားဥပဒေစိုးမိုးရေးနှင့်အသွင်ကူးပြောင်းရေး ကာလတရားမျှတမှု ဆိုင်ရာ ဦးစီးဌာနက နိုဝင်ဘာ ၁၃ ရက်တွင် ထုတ်ပြန်တိုက်တွန်းခဲ့သည်။ 

  • ထိုင်းနိုင်ငံအတွင်း ကားတိမ်းမှောက်မှုတွင် သေဆုံးသွားသည့် အထောက်အထားမဲ့ မြန်မာလုပ်သား နှစ်ဦးအတွက် ကျန်ရစ်သူမိသားစုများကို အာမခံ အကျိုးခံစားခွင့် ဘတ် နှစ်သန်းကျော် ရရှိအောင် အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) အလုပ်သမားဝန်ကြီးဌာန နှင့် ကိုရဲမင်း (AAC) အဖွဲ့တို့က ကူညီဆောင်ရွက်ပေးနိုင်ခဲ့သည်ဟု သိရသည်။ 

  • အမျိုးသားနေ့လှုပ်ရှားမှုအတွက် "စစ်ရေးကဏ္ဍ လူထုတွေ့ဆုံဆွေးနွေးပွဲ" ကို "ပြည်သူတွေ ပါဝင် တိုက်နေတဲ့ အဆုံးအဖြတ် ခေါ်မယ့် တွန်းလှန်စစ်ပွဲ" ခေါင်းစဉ်ဖြင့် ယနေ့ မြန်မာစံတော်ချိန် ည ၇ နာရီကနေ ၉ နာရီထိ ကျင်းပ ပြုလုပ်မည် ဖြစ်ပြီး  ဆွေးနွေးပွဲတွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က အဖွင့်မိန့်ခွန်း ပြောကြားမည် ဖြစ်သည်။ 

  • အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေ နှင့် ပတ်သက်သည့် လေ့လာသုံးသပ်မှုစာတမ်းကို ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) တွင် ရှင်းလင်းတင်ပြမှုကို နိုဝင်ဘာ ၁၁ ရက်၊ ည ၇ နာရီခန့်က ဗီဒီယိုကွန်ဖရင့်က တစ်ဆင့် ပြုလုပ်ခဲ့ကြောင်း သိရသည်။ 

 

တော်လှန်ရေး လှုပ်ရှားမှုများ 

  • အကြမ်းဖက်စစ်ကောင်စီ ပြုလုပ်မည့် ၂၀၂၃ ရွေးကောက်ပွဲကို ပြည်သူအားလုံး သပိတ်မှောက်ကြရန် တော်လှန်လူငယ်များက နှိုးဆော် ဆန္ဒပြခဲ့ကြောင်း သိရသည်။ 

  • ရန်ကုန်တိုင်း၊ လှိုင်မြိုနယ်၊ (၇) ရပ်ကွက်၊ ဗဟိုလမ်း၊ ကမာရွတ်ဘူတာရုံ အနီးတွင် နိုဝင်ဘာ ၁၃ ရက်၊ ည ၇ နာရီခွဲခန့်က စစ်ကောင်စီ လှည့်ကင်းယာဉ်ရောက်လာစဉ်  လမ်းဘေးထောင်ထားသည့် ဗုံးပေါက်ကွဲ ခဲ့ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် နှစ်ဦး နဲ့ အရပ်သားတစ်ဦးတို့ ဒဏ်ရာရခဲ့သည်ဟု အခင်းဖြစ် နေထိုင်သူများ က ပြောသည်။ 

  • ရန်ကုန်ရှိ မြို့နယ်အများစုတွင် ကျောင်းသား လူငယ်များ ဦးဆောင်သည့် Failed Law လှုပ်ရှားမှုများကို ဆက်လက် လုပ်ဆောင်ခဲ့ကြောင်း သိရသည်။ 

  • စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တွင် ဒေသခံ ပြည်သူများ ဦးဆောင်ကာနိုဝင်ဘာ ၁၄ ရက်တွင် ဖက်ဆစ် စစ်တပ်အမြစ်ပြတ် ချေမှုန်းရေး ချီတက်ဆန္ဒပြခဲ့ကြောင်း သိရသည်။ 

  • မုံရွာမြို့ပေါ်၌ တော်လှန်ရေး ရဲဘော်များက ထဘီ နှင့် ပုဆိုးများပေါ်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး စာသားများ ရေးသားကာ ဆန္ဒပြခဲ့ကြောင်း သိရသည်။ 

  • Black Wolf Army PDF တည်ထောင်ပြီး တစ်နှစ်တာ ကာလအတွင်း စစ်ကောင်စီတပ်ကို တိုက်ခိုက်မှု စစ်ဆင်ရေး ၁၆ ခုကို လုပ်ဆောင်ခဲ့ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် နှင့် ပျူစောထီး စုစုပေါင်း ၅၀ ကျော်ခန့်ကို ရှင်းလင်းနိုင်ခဲ့ကြောင်း တပ်ဖွဲ့ တာဝန်ခံက ပြောသည်။ 

  • စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် အခြေစိုက် လှုပ်ရှားသည့် ဒေါင်းလုလင် LPDF မှ တာဝေးပစ် ရှော့တိုက်ဒုံးများ ဆက်လက်ထုတ်လုပ်နေပြီး မဟာမိတ်တပ်ဖွဲ့များ နှင့် မျှဝေသုံးစွဲနေကြောင်း ယနေ့ သတင်းထုတ်ပြန်သည်။ 

  • စစ်ကိုင်းတိုင်း ၊ ကနီမြို့ တောင်ဘက် နှစ်မိုင်ခန့်အကွာရှိ ရေလည်ကျွန်းကျေးရွာတွင် စခန်းချ တပ်စွဲနေသည့် စစ်ကောင်စီတပ်နှင့် ပျူစောထီး ပူးပေါင်းတပ်ဖွဲ့ကို ဒေသခံပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့များက နိုဝင်ဘာ ၁၄ ရက်၊ နံနက် ၆ နာရီခန့်တွင် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား သေဆုံးထိခိုက်မှု အသေးစိတ်ကို မသိရှိရသေးကြောင်း KLG PDF သတင်း နှင့် ပြန်ကြားရေးက ပြောသည်။ 

  • စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်သို့ နိုဝင်ဘာ ၁၃ ရက်က စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်ကောင်စီတပ်ကို PDF တပ်များက လမ်းမှ ဖြတ်၍ တိုက်ခိုက်ရာ တိုက်ပွဲ မိနစ် ၃၀ ခန့်ဖြစ်ပွားပြီး စစ်သား ၅ ဦး သေဆုံးကြောင်း PDF မဟာမိတ်တပ်များက သတင်းထုတ်ပြန်သည်။ 

  • စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ် နှင့် ရေစကြိုမြို့နယ် အစပ်တွင် နိုဝင်ဘာ ၁၃ ရက်၊ နံနက်ပိုင်းက အကြမ်း ဖက် စစ်တပ်စစ်ကြောင်းကို Mi 35 စစ်ရဟတ်ယာဥ်က မှားယွင်း ပစ်ခတ်ခဲ့ပြီး စစ်သား ၆၉ ဦး သေဆုံးခဲ့ ကြောင်း CDSOM အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုနွေဦး၏ပြောဆိုချက်ကို ကိုးကားပြီး ရန်ကုန်ခေတ်သစ် မီဒီယာတွင် ဖော်ပြထားသည်။ 

  • စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ ဂွေးပင်တောကျေးရွာမှ ထွက်လာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ဂွေးပင်တောရွာ အရှေ့ဘက် အုတ်ကန်ဘုရား တောင်ဘက်တွင် နိုဝင်ဘာ ၁၃ ရက်၊ နံနက် ၉ နာရီခွဲခန့်က ဒေသခံကာကွယ်ရေးတပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ပြီး စစ်သားများ ထိခိုက်သေဆုံးမှု ရှိသော်လည်း အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း Black Eagle Defence Force (MMU) အဖွဲ့က ထုတ်ပြန်ထားသည်။ 

  • မြင်းမူ လင်းယုန်နက် ကာကွယ်ရေး အဖွဲ့၏ "လှူရင်းယူ Drone Project" မဲလက်မှတ်များ ရောင်းချ ပေးနေကြောင်း လင်းယုန်နက်အဖွဲ့၏ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ 

  • ကလေးမြို့ပင်မသပိတ် အင်အားစုများ ဦးဆောင်ကာ  နိုဝင်ဘာလ ၁၄ ရက်တွင် "စစ်ပုံကျကျပြင်ဆင် ဖက်ဆစ်တပ်ကို အမြစ်ဖြတ်" စာတန်း ကိုင်ဆောင်ကာ ချီတက်ဆန္ဒပြခဲ့ကြောင်း သိရသည်။ 

  • စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊  ထန်းကြီးကျေးရွာကို စစ်တပ်က နိုဝင်ဘာ ၁၃ ရက်၊ နံနက်ပိုင်းမှ စတင်၍ မီးတင်ရှို့ခဲ့ရာ အိမ်ခြေ ၃၀၀ နီးပါး မီးလောင်ပြာကျသွားကြောင်း ဒေသခံများထံမှ သိရသည်။ 

  • မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကန်ကလေးရွာကို မီးရှို့ပြီး ပြန်လာသည့် အကြမ်းဖက်စစ်တပ်ကို ရွာ အနောက်ဘက် ၃ ဖာလုံ အကွာတွင် နိုဝင်ဘာ ၁၃ ရက်၊ ညနေ ၅ နာရီခွဲခန့်က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်တပ်ဘက်မှ ငါးဦးထက်မနည်း သေဆုံးခဲ့ကြောင်း မြိုင် ပကဖ တပ်ရင်း ၁ စင်္ကြာ ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။ 

  • မကွေးတိုင်း၊ ရေစကြိုမြို့နယ် ဆေးရုံတွင် လုံခြုံရေးယူထားသော စစ်ကောင်စီတပ်များကို ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်က နိုဝင်ဘာ ၁၃ ရက်၊ ညနေ ၃ နာရီခွဲခန့်က ဝင်ရောက်တိုက်ခိုက်ရာ စစ်သား ၂ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရရှိကြောင်း ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

  • မကွေးတိုင်း၊ ပခုက္ကူမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်၏ နေအိမ်မီးရှို့ဖျက်ဆီးခြင်းခံရ သည့်စစ်ဘေးရှောင်ပြည်သူများအား စားနပ်ရိက္ခာများ သွားရောက်ထောက်ပံ့ကူညီခဲ့ကြောင်း ပခုက္ကူမြို့ နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PPDF)မှ နိုဝင်ဘာ ၁၂ ရက်က မှတ်တမ်းဓာတ်ပုံများထုတ်ပြန် ထားသည်။ 

  • ပခုက္ကူမြို့နယ်အတွင်း ဗ.က.သ ကျောင်းသားများက စစ်အာဏာရှင် ဆန်ကျင်ရေး လူထု ဟောပြောပွဲ များကို နယ်မြေများ ဆင်းပြီး လုပ်ဆောင်နေကြောင်း သိရသည်။ 

  • မကွေးတိုင်း၊ ပေါက်မြို့နယ်အခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်သော Daewa Yatkha Team မှ နိုဝင်ဘာ ၁၃ ရက်တွင် ကိုယ်တိုင်ထုတ် Rocket ထုတ်လုပ်နိုင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။ 

  • မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ယာကြီးပြင် ကျေးရွာတွင် ပေါက်မြို့နယ် Anonymous Special Task Force က ပျူစောထီးများ၏ စစ်သင်တန်းကို နိုဝင်ဘာ ၁၂ ရက်က ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ပြီး  ပျူစောထီးများ ကစဉ့်ကလျားထွက်ပြေးကြကြောင်း Anonymous Special Task Force မှ ဗိုလ်စင်္ကြာက ပြောသည်။ 

  • မန္တလေး-မတ္တရာ ကားလမ်းပေါ် စစ်ကောင်စီ၏ မြို့အ၀င်ဂိတ် (ရွှေကျင်တိုး ဂိတ်အနီး) ရှိ အစောင့် စစ်သားနှင့် ရဲများအား ယမန်နေ့ နို၀င်ဘာ ၁၃ ရက်၊ ည ၇ နာရီ၀န်းကျင်ခန့်တွင် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့များ ပူးပေါင်းပြီး ဗုံးပစ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီစစ်သားနှင့်ရဲ သုံးယောက်ထက်မနည်း ထိခိုက်သေဆုံးမှု ရှိနိုင်ကြောင်း ဒေသခံများထံမှ သိရသည်။ 

  • မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ကြည်ကျေးရွာရှိ စစ်ကောင်စီတပ်နှင့်ပျူစောထီး ကင်းစခန်းကို နိုဝင်ဘာ ၁၂ ရက်၊ ည ၁၀ နာရီခွဲခန့်က အလစ်အငိုက်ဝင်တိုက်ရာ ပျူစောထီးတပ်ဖွဲ့ဝင် အချို့ ထိခိုက်သေဆုံးမှုရှိပြီး ကင်းစခန်းတစ်ခုအား မီးရှို့ဖျက်ဆီးခဲ့ကြောင်း မြင်းခြံခရိုင် တပ်ရင်း(၆) နောင်ရိုးအထူးပြောက်ကျားတပ်-NYSGF ၏ ပြန်ကြားရေး တာဝန်ခံက ပြောသည်။ 

  • တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်အတွင်းမှ ကျေးရွာသုံးရွာတွင် နိုဝင်ဘာ ၁၄ ရက်၊ နံနက်ပိုင်းက စတင်ပြီး စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာ ကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့အကြား တပြိုင်တည်း တိုက်ပွဲဖြစ်ပွားနေကြောင်း ဒေသခံများနှင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များထံမှ သိရသည်။ 

  • မိသားစုတစ်စုက လှူဒါန်းထားသည့် ငွေဆွဲကြိုး သုံးကုံးကို စစ်အာဏာရှင် တော်လှန်ရေးတွင် အသုံးပြုနိုင်ရန် လေလံတင်ရောင်းချကာ ရန်ပုံငွေရှာဖွေမည် ဖြစ်ကြောင်း စစ်တောင်းမြို့ပြပြောက်ကျား တပ်ဖွဲ့ - နေပြည်တော်မှ ဘဏ္ဍာရေးတာဝန်ခံ ဗိုလ်လရောင်က မဇ္စျိမကို ပြောသည်။ 

  • စစ်အာဏာရှင်ကို ဆန့်ကျင်သည့် မြို့ပြပြောက်ကျားအဖွဲ့ ငါးဖွဲ့ ပူးပေါင်းတည်ထောင်ထားသော တောတွင်း အထူးတိုက်ခိုက်ရေး စစ်ကြောင်း ဒေါင်းမင်းစစ်ကြောင်းအဖွဲ့တွင် လက်နက်များ လိုအပ်နေကြောင်း ဒေါင်းမင်းစစ်ကြောင်းအဖွဲ့၏ တာဝန်ခံ တစ်ဦးက ပြောသည်။ 

  • ရှမ်းပြည်နယ်၊ တရုတ်-မြန်မာ နယ်စပ်ဂိတ် မူဆယ် ဆင်ဖြူပေါက်အနီး စစ်တပ် နှင့် ပြည်သူ့စစ်များ ပူးပေါင်းဖွင့်လှစ်ထားသည့် Top One KTV ကို နိုဝင်ဘာ ၁၄ ရက်၊ နံနက် ၁၁ နာရီခန့်က  ဗုံး ၃ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်မှု ပြည်သူ့စစ် နှစ်ဦး ဒဏ်ရာရရှိကြောင်း  ပြည်သူ့လုံခြုံရေး နှင့် ကာကွယ်ရေးတပ်ဖွဲ့ (PSDA) မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

  • ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ဆင်အင်းကြီး ကျေးရွာကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်း၍ အရပ်သား ၁၀ ဦးထက်မနည်း သတ်ဖြတ်ခံရပြီးနောက် ထွက်ပြေးတိမ်းရှောင်နေရသော ထောင်နှင့်ချီသည့် ကျေးရွာသားများသည် နေထိုင်ရေး ခက်ခဲနေပြီး အစားအသောက် အကူအညီများ လိုအပ်နေကြောင်း စစ်ဘေးရှောင်များက ပြောသည်။ 

  • မွန်ပြည်နယ်၊ သထုံမြို့နယ်ရှိ ထုံးဘိုလေးရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် အကြောင်းမဲ့ ပစ်ခတ်ခဲ့ပြီး နေအိမ် ၆ လုံး ပျက်စီးခဲ့ကြောင်း ဒေသခံများက ပြောသည်။ 

  • ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ယခု ရက်ပိုင်းအတွင်း စစ်ကောင်စီတပ်၊ ရဲ နှင့် ယာဉ်ထိန်းရဲ များက ပြည်သူများ၏ ကားနှင့် ဆိုင်ကယ်များ ဖမ်းဆီးသိမ်းယူမှုအပေါ် တုံ့ပြန်ရှင်းလင်းသွားမည်ဖြစ်ကြောင်း Myitkyina Anti SAC Force အဖွဲ့က ထုတ်ပြန်ထားသည်။ 

  • ချင်းပြည်နယ်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူများနှင့်စစ်အာဏာရှင်ကို တိုက်ပွဲဝင်နေသည့် CDF တပ်ဖွဲ့ဝင်များအတွက် လိုအပ်သည့် ဆေးဝါး နှင့် စက်ပစ္စည်းများ ဝယ်ယူထောက်ပံ့နိုင်ရန် ရုပ်ရှင် သရုပ်ဆောင် ပိုင်ဖြိုးသုက Crochet အထည်များ ကိုယ်တိုင်ပြုလုပ်ပြီး မဲလက်မှတ်ရောင်းချသည့် ရန်ပုံငွေ ကမ်ပိန်းကို နိုဝင်ဘာ ၁၃ ရက်က ပြုလုပ်ခဲ့သည်။ 

  • မြန်မာနိုင်ငံကို အာဆီယံအဖွဲ့ဝင်အဖြစ်မှ ထုတ်ပယ်ရန် နိုင်ငံတချို့က ပြောဆိုကြပြီး မြန်မာ စစ်ဗိုလ်ချုပ် များ ကို မဆက်ဆံလိုကြကြောင်း၊ အာဆီယံ ထိပ်သီး အစည်းအဝေးတွင် မြန်မာ့အရေး နှင့် ပတ်သက်၍ အာဆီနိုင်ငံများအကြား အငြင်း ပွားမှုများ ဖြစ်ပေါ်ခဲ့ကြောင်း ဖိလစ်ပိုင်သမ္မတ Ferdinand Marcosက ပြောဆိုလိုက်သည်။ 

 

တိုင်းရင်းသား လက်နက်ကိုင်များ 

  • ပဲခူးတိုင်း၊ ရွှေကျင် နှင့် ကျောက်ကြီး အကြားရှိ စစ်ကောင်စီတပ်စခန်း ၃ ခုကို နိုဝင်ဘာ ၁၂ ရက်က တိုက်ခိုက်ရှင်းလင်းပြီး  စစ်ကောင်စီဘက်မှ ၁၁ ဦးသေဆုံး၊ လက်နက် နှင့် ခဲယမ်းကျည် အမြောက်အမြား သိမ်းဆည်းရမိကြောင်း KNU က ယနေ့ သတင်းထုတ်ပြန်သည်။ 

  • ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၆)နယ်မြေ မြဝတီဝေါ်လေလမ်းမပေါ်ရှိ ဒေသအခေါ် လူခို့ ညောင်ချောင်းနယ်‌မြေအား စစ်ကောင်စီ တပ်မ(၄၄) လက်အောက်ခံတပ်က ထိုးစစ်ဆင်လာ၍ ယမန်နေ့က တိုက်ပွဲဖြစ် ပွားခဲ့ကြောင်း ကော်ဘရာစစ်ကြောင်းက သတင်းထုတ်ပြန်သည်။ 

  • ရှမ်းပြည်နယ် (မြောက်ပိုင်း) ၊ သိန္နီမြို့မှ ကွမ်းလုံမြို့သို့ သွားသည့်လမ်း ပန်တီးကျေးရွာအနီး ယမန်နေ့ နံနက် ၈ နာရီခန့်က တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် စစ်ကောင်စီတပ်တို့ အကြား တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု ဒေသခံများက ပြောသည်။ 

  • ကရင်နီ (ကယား) ပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ လောပိတရှိ ဘီလူးချောင်းအနီးတွင် ရိက္ခာလာပို့သည့် စစ်ကောင်စီတပ်ကို ယမန်နေ့ ညနေပိုင်းက ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီ ဗိုလ်ကြီးအဆင့်ရှိသူ တစ်ဦး အပါအဝင်သုံးဦး သေဆုံးပြီး MA-1  သေနတ် (၁)လက်ရရှိကြောင်း ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ် (KNDF) တပ်ရင်း -၁၀ က ယနေ့ ထုတ်ပြန်သည်။ 

  • ကရင်နီ (ကယား) ပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ ကုန်းဆွတ်ကျေးရွာအတွင်းကို အကြမ်းဖက်စစ်တပ်က နိုဝင်ဘာ ၁၃ ရက်က တိုက်ပွဲဖြစ်ပွား ခြင်း မရှိဘဲ လက်နက်ကြီး နှင့် ပစ်ခတ်မှုများ ပြုလုပ်ခဲ့သဖြင့် ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦး အပါအဝင် အမျိုးသမီးနှစ်ဦး ထိခိုက်ဒဏ်ရာ ရခဲ့သည်ဟု ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ်၊ တပ်ရင်း ၂ က သတင်းထုတ်ပြန်ထားသည်။ 

 

စစ်ကောင်စီ 

  • ရုရှားနိုင်ငံကို မြန်မာ့ရေထွက်ကုန်များအား တစ်လကို တန်ချိန်ရာချီ တင်ပို့နိုင်ရေးဆောင်ရွက် နေသည်ဟု စစ်ကောင်စီ ဝါဒဖြန့်ချိရေး ခေါင်းဆောင် ဇော်မင်းထွန်းက ပြောသည်။ 

  • ယခုဘဏ္ဍာနှစ် သုံးလအတွင်း စစ်ကောင်စီ လက်အောက်ခံ ဝန်ကြီးဌာနများက ကျပ် ၅၃၇၆ ဘီလီယံ ကျော်သုံးစွဲထားပြီး ကာကွယ်ရေးဝန်ကြီးဌာနက ကျပ် ၅၀၃ ဘီလီယံကျော် သုံးစွဲထားသည်ဟု ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဧပြီမှ ဇွန်လအထိ ပထမသုံးလပတ်အတွက် ရငွေနှင့်အသုံးစရိတ်စာရင်းများအရ သိရသည်။ 

  • မြန်မာ-ထိုင်း နယ်စပ် ကုန်သွယ်ရေးစခန်းများက ကုန်သွယ်မှုတန်ဖိုးသည် ယခု ဘဏ္ဍာနှစ် ခုနစ်လ အတွင်း အမေရိကန်ဒေါ်လာ ၂ ဒသမ ၆ ဘီလီယံကျော် ဖိုးရှိသည်ဟု စစ်ကောင်စီ လက်အောက်ခံ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက သိရသည်။ 

  • ပြီးခဲ့တဲ့ အောက်တိုဘာလတွင် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI) အမေရိကန် ဒေါ်လာသန်း ၂၁၀ ကျော်ရှိခဲ့ပြီး ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် အတွင်း ဒုတိယအများဆုံးဝင်ရောက်မှုဖြစ်သည်ဟု စစ်ကောင်စီ လက်အောက်ခံ ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။ 

  • စစ်ကောင်စီ လက်အောက်ခံ စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေး ကော်မတီက နိုဝင်ဘာ (၁၄) ရက်ကနေ (၂၀)ရက် အထိ ရန်ကုန်အထိုင် အခြေခံလက်ကားရည်ညွှန်းဈေး အဖြစ် စားအုန်းဆီတစ်ပိဿာကို   ၄၃၅၀ ကျပ် သတ်မှတ်ထားကြောင်း ထုတ်ပြန်ထားသည်။ 

  • ဗီယက်နမ်နိုင်ငံတွင် နိုဝင်ဘာ ၄ ရက်မှ ၁၁ ရက်အထိ ကျင်းပခဲ့သည့် (၃၀) ကြိမ်မြောက် အာဆီယံနိုင်ငံ တပ်မတော်(ကြည်း)သေနတ်ပစ်ပြိုင်ပွဲတွင် စစ်ကောင်စီ တပ်သေနတ်ပစ်အသင်းမှ ရွှေတံဆိပ် ၁၂ ခု၊ ငွေတံဆိပ် ၁၂ ခု၊ ကြေးတံဆိပ် ၈ ခု (စုစုပေါင်း ဆုတံဆိပ် ၃၂ ခု)ဆွတ်ခူး ရရှိခဲ့ကြောင်း စစ်ကောင်စီ သတင်းစာတွင် ဖော်ပြထားသည်။ 

  • ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်ရှိ ရပ်ကွက် ၅ ခု မှ အိမ်ခြေတစ်သောင်းနီးပါးကျော်ကို စစ်တပ်ပိုင်မြေ ဧက ၅၆၀ ရှိ မြေပေါ်တွင် ကျူးကျော်ထားသည်ဟုဆိုကာ ၇ ရက်အတွင်း ဖယ်ရှားရန် စစ်တပ်က အမိန့် ထုတ်လိုက်ကြောင်း သိရသည်။ 

  • ဧရာဝတီတိုင်း၊ ငပုတောမြို့နယ် ၊ ငရုတ်ကောင်းမြို့တွင် တပ်ပြေးနှင့် ရဲပြေးများကို ပြီးခဲ့သည့် နိုဝင်ဘာ ၇ ရက်နေ့မှ စတင်ကာ စစ်ကောင်စီတပ်မှ လိုက်လံဖမ်းဆီး နေကြောင်း ဒေသခံများထံကသိရသည်။ 

 

နိုဝင်ဘာ ၁၄ ရက် သုံးသပ်ချက် 

  • စစ်ကောင်စီကို လက်နက်ကိုင် တော်လှန်မှုများ နိုင်ငံတစ်ဝန်း အရှိန်မြှင့် ဆောင်ရွက်နေသလို တစ်ဖက်တွင်လည်း ဖမ်းဆီးမှုများပြားနေသော်လည်း အာဏာဖီဆန်ရေး သပိတ်မှောက် လှုပ်ရှားမှု ကမ်ပိန်းများကို နည်းလမ်းမျိုးစုံ ပြုလုပ်လာသည်ကို တွေ့ရသည်။ 

  • စစ်ကောင်စီသည် ပြည်သူ့ဘဏ္ဍာငွေများကို ကာကွယ်ရေး ကဏ္ဍတွင် အသုံးစရိတ် အများဆုံး သုံးပြီး နိုင်ငံတစ်ဝန်း ပြည်သူများကို ဖိနှိပ်မှုများ အကြမ်းဖက်မှုများကို ကျူးလွန်နေသည်။ 

  • စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ကတိပြုထားသည့် အာဆီယံမူငါးချက် အကောင်အထည် မဖော်သေး ဘဲ  အချိန်ဆွဲကာ ၎င်းတို့အုပ်ချုပ်နိုင်ကြောင်းပြသရန်ပြင်နေသော်လည်း တစ်နှစ်ကျော် ကြလာ၍ အာဆီယံခေါင်းဆောင်တချို့ စိတ်မရှည်တော့ဘဲ မြန်မာကို အာဆီယံမှထုတ်ပယ်ရန် စဉ်းစား လာကြသည်။ 

 

 

 

 

 

 

 

 

 

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly