မြိုင်မြို့နယ် သရက်ကန်ရွာတွင် ပျူစောထီးနှင့် ကာကွယ်ရေးတပ်ဖွဲ့တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က နှမ်းဆီကန်ရွာအား ဝင်ရောက်မီးရှို့

မြိုင်မြို့နယ် သရက်ကန်ရွာတွင် ပျူစောထီးနှင့် ကာကွယ်ရေးတပ်ဖွဲ့တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က နှမ်းဆီကန်ရွာအား ဝင်ရောက်မီးရှို့

နိုဝင်ဘာလ ၁၄ ရက်

မကွေးတိုင်း၊ မြိုင်မြို့နယ် သရက်ကန်ကျေးရွာမှ မြေပဲဖော်ထွက်လာသော ပျူစောထီးများအား နိုဝင်ဘာလ ၁၂ ရက်နေ့ နံနက်ပိုင်းတွင် မြိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ချုံခိုတိုက်ခိုက်ခဲ့သောကြောင့် ပျူစောထီး ၆ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဥ်ကြောင့် ညနေပိုင်းတွင် စစ်ကောင်စီနှင့် ပျူစောထီးပူးပေါင်းအင်အား ၆၀ ခန့်မှ သရက်ကန် ကျေးရွာနှင့် နှစ်မိုင်ခန့်ဝေးသော နှမ်းဆီကန်ကျေးရွာအားဝင်ရောက်မီးရှို့ခဲ့ပြီး ပြည်သူတစ်ဦးအား ဖမ်းဆီး ကာ နေအိမ်များအားလိုက်လံပြခိုင်းပြီး ရိုက်နှက်ခဲ့ကြောင်း သိရသည်။

“သရက်ကန်ကနေ စစ်ကြောင်းထိုးပြီး နှမ်းဆီကန်ရွာအနောက်ဘက်မှာ ကားနဲ့ချသွားတယ်။ ရွာအနောက် မြောက်ဘက်ကနေဝင်ပြီးတော့ အိမ်တွေကိုမီးရှို့တယ်။ အခုက ဒုတိယအကြိမ်မြောက်ဝင်ရှို့တာ အိမ် ၁၂ လုံးပါသွားတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

နေအိမ်များကိုမီးရှို့ပြီးနောက် စစ်ကောင်စီမှကျေးရွာအတွင်း သေနတ်ဖြင့်ရမ်းသန်းပစ်ခတ်မှုများ ပြုလုပ် ခဲ့သည်။

“ ကျွန်တော်တို့ရွာက သူတို့ကိုဘာမှတော်လှန်စရာမရှိပါဘူး။ ရိုးရိုးသားသား ထန်းတက်တယ်။ တောင်သူ လုပ်တယ်၊ ရိုးရိုးသားသား အသက်မွေးဝမ်းကြောင်းလုပ်နေတာပါ။ ရွာအနေနဲ့က အခုချိန်မှာတော်တော် ကြီးကို နစ်နာဆုတ်ယုတ်မှုတွေဖြစ်နေတယ်။ အခုချိန်ထိလည်း ကိုယ့်အိမ်ကိုယ့်ရွာကို ပြန်မကပ်ရဲပါဘူး” ဟု အဆိုပါဒေသခံက ပြောသည်။

နှမ်းဆီကန်ကျေးရွာတွင် အိမ်ခြေ ၂၅၀ ခန့်ရှိပြီး လူဦးရေ ၁,၀၀၀ ဝန်းကျင်နေထိုင်ကြောင်း သိရသည်။ စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် သြဂုတ်လ ၉ ရက်နေ့တွင် နှမ်းဆီကန်ကျေးရွာသို့ ပထမအကြိမ်ဝင် ရောက်ဖျက်ဆီးခဲ့ပြီး ကျေးရွာအတွင်းရှိနေအိမ်များကိုဖျက်ဆီးကာ အဝတ်အထည်၊ ရွှေ၊ ငွေများကို ယူ ဆောင်သွားကြောင်း သိရသည်။

စာတည်း။ ။စောဖေ

စာမူတည်းဖြတ်။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly