မူဆယ်မြို့တွင် ဗုံးပေါက်ကွဲမှုကြောင့် ကလေးငယ်အပါအဝင် အရပ်သား ၁၀ဦးနှင့် စကစ လက်အောက်ခံ ပြည်သူ့စစ် ၂ ဦး ထိခိုက်ဒဏ်ရာရ

မူဆယ်မြို့တွင် ဗုံးပေါက်ကွဲမှုကြောင့် ကလေးငယ်အပါအဝင် အရပ်သား ၁၀ဦးနှင့် စကစ လက်အောက်ခံ ပြည်သူ့စစ် ၂ ဦး ထိခိုက်ဒဏ်ရာရ

နိုဝင်ဘာလ ၁၄ ရက်

ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့ မင်္ဂလာမူဆယ်ရှိ Top One မိုတယ်ရှေ့၌ ယနေ့မနက် ၁၁ နာရီဝန်းကျင်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ အသက် ငါးနှစ်ကျော်အရွယ် ကလေးငယ်အပါအဝင် အရပ်သား ၁၀ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု သိရသည်။

မူဆယ်မြို့ခံတစ်ဦးက "၁၁ နာရီ ပထမအကြိမ် ပေါက်ကွဲတယ်၊ အဲအချိန်က ထိတဲ့သူ မရှိဘူး။ နောက် ငါးမိနစ်အလိုမှာ နှစ်လုံး ထပ်ပေါက်တယ်။ သွားလာနေတဲ့ ပြည်သူလူထုတွေ ၁၀ ယောက်လောက် ထိခိုက်ဒဏ်ရာရတယ်" ဟု ပြောသည်။

ဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြပြီး သေဆုံးမှုတော့ မရှိကြောင်း သိရသည်။

ပေါက်ကွဲမှုကြောင့် Top One မိုတယ်ရှေ့ လုံခြုံရေး စောင့်နေသည့် စစ်တပ် လက်အောက်ခံ ပြည်သူ့စစ် နှစ်ဦးလည်း ဒဏ်ရာအပြင်းအထန် ရရှိခဲ့သည်ဟု ၎င်းကဆိုသည်။

ပေါက်ကွဲမှုနှင့်ပတ်သက်ပြီး မည်သည့်အဖွဲ့အစည်းက လုပ်ဆောင်ခဲ့သည်ကို မသိရသေးဘဲ မူဆယ်၌ ပြည်သူ့စစ်များ လှုပ်ရှားသွားလာသည့် နေရာများတွင် ပေါက်ကွဲမှု မကြာခဏ ဖြစ်ပွားနေသည်။

မူဆယ်မြို့နယ်တွင် စစ်ကောင်စီတပ်၊ ပြည်သူ့စစ်နှင့် တအာင်းတပ်မတော် (TNLA)၊ ကချင်တပ်မတော် (KIA)၊ ရှမ်းတပ်မတော် (SSPP)၊ ကိုးကန့်တပ်မတော် (MNDAA) အပြင် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ် (PSDA)တို့ လှုပ်ရှားသည့် နေရာဒေသတစ်ခုလည်းဖြစ်သည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly