ဒေါ်ဇင်မာအောင် နေထိုင်ခဲ့သည့် မြောက်ဥက္ကလာပနေအိမ် ချိပ်ပိတ်ခံရ

ဒေါ်ဇင်မာအောင် နေထိုင်ခဲ့သည့် မြောက်ဥက္ကလာပနေအိမ် ချိပ်ပိတ်ခံရ

နိုဝင်ဘာလ ၁၃ ရက်

အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်နေထိုင်ခဲ့သည့် မြောက်ဥက္ကလာပမြို့နယ်မှ နေအိမ် လွန်ခဲ့သည့် ရက်ပိုင်းခန့်က ချိပ်ပိတ်ခံခဲ့ရသည်ဟု ဒေသခံများ၏ပြောပြချက်အရ သိရသည်။

အဆိုပါနေအိမ်မှာ မြောက်ဥက္ကလာပမြို့နယ်၊ (ဂ) ရပ်ကွက်၊ နီလာ (၃) လမ်းတွင်ရှိသည့် ဒေါ်ဇင်မာအောင်၏ ဖခင်နေအိမ်ဖြစ်ပြီး ယင်းနေအိမ်မှာ Zarni Aung Kyi ဆိုင်းဘုတ်တပ်ဆင်ထားကာ အင်္ဂလိပ်စာသင်တန်းများကိုဖွင့်လှစ်ခဲ့ဖူးသည်ဟု သိရသည်။

“ဒီတစ်ခေါက်တော့ လူအများကြီးနဲ့လာတာမဟုတ်တော့ဘူး။ ရဲနဲ့ အရပ်ဝတ်တွေတော့ပါတယ်။ အရပ်ဝတ်ဆိုတာလည်း ရပ်ကွက်လူကြီးတွေဖြစ်မှာပေါ့။ သူတို့လာချိပ်ပိတ်သွားတာ။ ပြည်သူပိုင်ကို သူတို့ပိုင်လုပ်ပစ်တာ ခပ်တည်တည်ပဲ။ အဲ့လိုတွေလိုက်လုပ်လေ လူတွေကရွံမုန်းလေပဲ။

တော်တော်အောက်တန်း နောက်တန်းကျတဲ့ဟာတွေပါ။ ဆရာကြီးဆိုတာလည်း အရမ်းလေးစားဖို့ကောင်းတဲ့ မ/ဥရဲ့ နာမည်ကြီးပါ။ ဒီအိမ်ကလည်း ဆရာကြီးအိမ်လို့သိထားတာပါ ” ဟု နေအိမ်ချိပ်ပိတ်ခံရသည့် သတင်းနဲ့ပတ်သက်ပြီး သတင်းရင်းမြစ်က ပြောသည်။

NUG နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်နေထိုင်ခဲ့သည့်နေအိမ်အား နိုဝင်ဘာလ ၉ ရက်နေ့ကတည်းက လာရောက်ချိပ်ပိတ်သွားခြင်းဖြစ်ပြီး အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ ဒေါ်ဇင်မာအောင်ဘက်မှ တစ်စုံတစ်ရာ တုံ့ပြန်ပြောဆိုခြင်းမျိုးကို မတွေ့ရသေးပေ။

စစ်ကောင်စီတပ်မှ ဒေါ်ဇင်မာအောင်အား အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(က)/ ကျင့် ၅၁၂ နှင့် တရားစွဲဆိုထားပြီး အဆိုပါအမှုအတွက် ယခုလအတွင်း နေပြည်တော်ရှိ ပုဗ္ဗသီရိတရားရုံး၌ ထုချေလွှာတင်သွင်းရမည်ဖြစ်ကြောင်း တရားရုံးဆင့်ခေါ်စာထဲတွင်ပါရှိသည်။

စာတည်း။ ။ ဖူးသိမ်ကျ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly