နွေဦးတော်လှန်ရေး နေ့စဉ်မှတ်စု (၁၃ နိုဝင်ဘာ ၂၀၂၂) 

နွေဦးတော်လှန်ရေး နေ့စဉ်မှတ်စု (၁၃ နိုဝင်ဘာ ၂၀၂၂) 

နိုဝင်ဘာလ ၁၃ ရက်

အမျိုးသားညီညွတ်ရေး အစိုးရ 

  • တောင်ကိုးရီးယားနိုင်ငံတွင် ပြည်ပရောက် မြန်မာနိုင်ငံသားများ ဦးဆောင်ကာ NUG ကိုယ်စားလှယ်ရုံးနှင့် ပူးပေါင်းစီစဉ်ကျင်းပသည့် တော်လှန်ရေး ရန်ပုံငွေ ရရှိရေး ဆောင်းရာသီဘောလုံးပြိုင်ပွဲကို နိုဝင်ဘာ ၁၃ ရက်က စတင်ကျင်းပပြုလုပ်နေသည်။ 

  • ကရင်နီ (ကယား)ပြည်နယ် ၊  ဒီမော့ဆိုမြို့နယ် ၊ ဒေါင်ငံခါးကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီ တပ်ကို ယနေ့ နံနက် ၁၁ နာရီခန့်က သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား နှစ်ဦး သေဆုံးခဲ့ ကြောင်း အလယ်ပိုင်းတိုင်း ဒီမော့ဆို အမှတ် (၁၁၀၂) တပ်ရင်းမှ ထုတ်ပြန်သည်။ 

  • အကြမ်းဖက်စစ်အုပ်စုနှင့် သူ့၏ ဘက်တော်သား ခရိုနီများကို အမေရိကန် နှင့် ဥရောပက စီးပွားရေး ပိတ်ဆို့မှုများ ထပ်မံတိုးမြှင့်ခဲ့သည့် အပေါ် ကြိုဆိုကြောင်း NUG ထုတ်ပြန်လိုက်သည်။ 

  • အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် အထူးအုပ်ချုပ်ရေးဒေသ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံဆွေးနွေးပွဲ အစည်းအဝေး (၃၄/၂၀၂၂)ကို ယနေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့သည်။ 
     

တော်လှန်ရေး လှုပ်ရှားမှုများ 

  • တောင်ကိုးရီးယားနိုင်ငံ၊ အူဆန်မြို့ နှင့် ဂါဖျောင်းမြို့များတွင် ဒယ်ဂူးဆရာတော် ဦးဆောင်၍ မြန်မာနိုင်ငံ စစ်အာဏာသိမ်းမှု အလိုမရှိကြောင်း ဆန္ဒပြပွဲ နှင့် ငြိမ်းချမ်းရေး ဆုတောင်းပွဲများ ယနေ့ ပြုလုပ်ခဲ့ကြသည်။ 

  • ကနေဒါနိုင်ငံ British Columbia ပြည်နယ် ဗန်းကူးဗားမြို့ BCIT Telus Theatre Burnaby Campus တွင် ဒါရိုက်တာ ကိုပေါက် ရိုက်ကူးထားသည့်  “ မသောက်မိသော မိုခါးရေ”ဇာတ်ကား ဆက်လက်ပြသနေပြီး ရုံပြည့် ရုံလျှံအားပေးသောကြောင့် နှစ်ချိန်ခွဲ၍ ပြသနေရကြောင်း သိရသည်။ 

  • တော်လှန်ရေးအောင်ပွဲဆီ မြသွေးလူထု ချီတက်မည် သပိတ်စစ်ကြောင်း ဦးဆောင်ကာ စစ်အာဏာရှင် တော်လှန်ရေး ယနေ့ ချီတက်ဆန္ဒပြခဲ့ကြောင်း သိရသည်။ 

  • အိန္ဒိယ-မြန်မာနယ်စပ် ၊ စစ်ကိုင်းတိုင်း ၊ တမူးမြို့နယ် အတွင်း စစ်ရေးအခြေအနေများကြောင့် တမူး-ခမ်းပါတ်-ကလေးလမ်းမကို နိုဝက်ဘာ ၁၃ ရက် နံနက်မှစပြီး အသုံးမပြုရန် တမူး PDF က အသိပေး ထုတ်ပြန်ထားသည်။ 

  • စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်တွင် အိမ်ခြေ ၁၀၀၀ နီးပါးရှိ မြစ်ဆုံကျေးရွာကို စစ်တပ်က နိုဝင်ဘာ ၁၂ ရက် တစ်နေ့လုံး မီးတင်ရှို့မှုကြောင့် ရွာလုံးကျွတ်နီးပါး ပြာကျသွားကြောင်း ဒေသခံများ နှင့် ဒေသကာကွယ်ရေး တပ်များက ပြောသည်။ 

  • စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ရှိ အင်းမရွာ နှင့် ပင့်သာရွာကို အကြမ်းဖက် စစ်တပ် စစ်ကြောင်း နှစ်ကြောင်းသည် နိုဝင်ဘာ ၁၂ ရက်၊ နံနက်ပိုင်းက ဝင်ရောက်စီးနင်းစဉ် မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်သား ၄၀ ဦးခန့် သေဆုံးမှုရှိကြောင်း ဒေသခံသတင်းရင်းမြစ်များက ပြောသည်။ 

  • စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရေသောက်ကန်ကျေးရွာ နှင့် ပေါက်ကန်ကျေးရွာကြားတွင် နိုဝင်ဘာ ၁၂ ရက်၊ မွန်းလွဲပိုင်းက အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အသုံးပြုနေသည့် ကားနှစ်စီး နှင့် ဆိုင်ကယ်များ မီးရှို့ဖျက်ဆီးခံရကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။ 

  • စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်တွင် ဗကသကျောင်းသားများ ဦးဆောင်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုဟောပြောပွဲများ ပြုလုပ်ပြီး ကျောင်းသားထု အစည်းဝေးများ ကျင်းပကာ အခြေခံပညာ ကျောင်းသားများ သမဂ္ဂ ထပ်မံဖွဲ့စည်းရေးများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ 

  • စစ်ကိုင်းတိုင်း ၊ ချောင်းဦးမြို့နယ်တွင် နိုဝင်ဘာ ၁၂ ရက် နံနက်ပိုင်းက ဒေသတွင်း လုံခြုံရေးအတွက် ကင်းလှည့်ဆောင်ရွက်နေသော ပြည်သူ့ကာကွယ်ရေးပြောက်ကျားတပ်ဖွဲ့များနှင့် ပျူစောထီးအဖွဲ့တို့ ထိတွေ့တိုက်ပွဲများဖြစ်ပွာခဲ့ပြီး ပျူစောထီးသုံးယောက်သေဆုံးသွားကြောင်း Chaung U Local Defence Force-CLDF ထံမှ သိရသည်။ 

  • စစ်ကိုင်းတိုင်း ၊ ဟုမ္မလင်းမြို့နယ်အတွင်းကို ထိုးစစ်ဆင်လာသည့် အင်အား ၄၀၀ ကျော်ပါ စစ်ကောင်စီတပ်နှင့် ရှမ်းနီအမျိုးသားတပ် (SNA) ပူးပေါင်းအဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တို့ နိုဝင်ဘာ ၁၁ ရက်ကစပြီး ယနေ့အထိ တိုက်ပွဲပြင်းထန်နေကြောင်း ဒေသခံများမှ ပြောသည်။  

  • စစ်ကိုင်းတိုင်း ၊ ရွှေဘိုမြို့ပေါ်ရှိ ကညန ရုံးအား နိုဝင်ဘာ ၁၂ ရက် ညနေ ၅ နာရီခန့်က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား နှစ်ဦး သေဆုံးသွားကြောင်း Black WOLF- PDF ARMY အဖွဲ့က သတင်းထုတ်ပြန်သည်။ 

  • စစ်ကိုင်းတိုင်း ၊ ဝန်းသိုမြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံ ဝန်းသိုမြို့နယ် မီးသတ်ဦးစီးမှူးအပါအဝင် မီးသတ်တပ်ဖွဲ့ဝင် ၁၁ ဦးကို လူတစ်စုက နိုဝင်ဘာ ၁၀ ရက် ညပိုင်းက  ဖမ်းဆီးသွားပြီး သုံးရက်ကြာသည် အထိ ပြန်လွတ်မလာသေးကြောင်း ဒေသခံများက ပြောသည်။ 

  • ရန်ကုန်မြို့လယ်ရှိ တံတားတစ်ခုပေါ်တွင် “တော်လှန်မျိုးဆက် ပုန်ကန်ရုန်းထွက်”ဟူသည့် စစ်အာဏာရှင် စာသားကို တက်ကြွလှုပ်ရှားသူ လူငယ်များက ယနေ့ ချိတ်ဆွဲခဲ့ကြသည်။ 

  • ရန်ကုန်မြို့ရှိ YBS ကားများပေါ်တွင် Failed Law လှုပ်ရှားမှုကို နိုဝင်ဘာ ၁၃ ရက်တွင် ဆက်လက်ပြုလု ပ်ခဲ့ကြပြီး ပြည်သူများလည်း ပူးပေါင်းပါဝင်ကြောင်း သိရသည်။ 

  • ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဗဟိုအလုပ်မှုဆောင်တစ်ဦးဖြစ်သူ မဝတ်ရည်အောင်သည် အင်းစိန်ထောင်အတွင်း၌ ကျန်းမာရေးအခြေအနေဆိုးရွားနေပြီး အောက်တိုဘာလ ၂၄ ရက်နေ့က နိုဝင်ဘာလ ၁၀ရက်နေ့အတွင်း မကြာခဏ သတိလစ်မေ့မြောမှုများရှိခဲ့ကြောင်း ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ အဖွဲ့ဝင်တစ်ဦးက ပြောသည်။ 

  • ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်တွင် စစ်ကောင်စီက ချီးမြှင့်သည့် စွမ်းရည်သတ္တိဂုဏ်ထူးဆောင် ရဲဗလတံဆိပ်ဆုရ ရာအိမ်မှူး စိုးစိုးသည် သေနတ်ဖြင့် ပစ်ခတ်ခံရပြီးနောက် ၁၇ ရက်အကြာ နိုဝင်ဘာ ၁၂ ရက်၊ နံနက်ပိုင်းက ဆေးရုံတွင် သေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။ 

  • ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ (ည)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအနီး နိုဝင်ဘာ ၁၂ ရက် နေ့လယ် ၁၂ နာရီအချိန်ခန့်က ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း North Okkalapa Information အဖွဲ့မှ သိရသည်။ 

  • ရန်ကုန်တိုင်း၊ ခရမ်းမြို့နယ်၊ ဒေးပေါက်ရွာရှိ အကြမ်းဖက် စစ်တပ်သတင်းပေး ဝင်းနိုင်ကို နိုဝင်ဘာ ၁၂ ရက်၊ ညနေ ၃ နာရီ မိနစ် ၄၀ ခန့်က အမည်မသိသေနတ်သမားများက ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း နယ်မြေခံသတင်းရင်းမြစ်များထံမှ သိရသည်။ 

  • ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ် အင်္ဂလိပ်စာဌာနမှ CDM ကထိက ဆရာမတစ်ဦးသည် ပြီးခဲ့သည့် အောက်တိုဘာလအတွင်းက ဖမ်းဆီးခံလိုက်ရပြီးနောက် ထောင်ဒဏ် ငါးနှစ်ချမှတ်ခံထားရကြောင်း ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ် ကျောင်းသားများသမဂ္ဂမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

  • မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ မြို့သာတွင် နာမည်ကြီးနေသည့် စစ်ကောင်စီသတင်းပေး မြေတိုင်းစာရေး ခင်မောင်သန်းကို နိုဝင်ဘာ ၁၂ ရက်၊ နံနက် ၁၀ နာရီကျော်ခန့်က သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း ဇာမဏီပြောက်ကျားတပ်ဖွဲ့ထံမှ သိရသည်။ 

  • မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ စစ်ကောင်စီတပ်၏ ဗိုလ်အဆင့်ရှိသူနေအိမ်ကို နိုဝင်ဘာ ၁၂ ရက် နေ့လယ်ပိုင်းက ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း  ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးမြို့ပြပြောက်ကျား တပ်ဖွဲံတစ်ခုဖြစ်သည့် Mandalay UG Wolf  ARMY ထံမှ သိရသည်။ 

  • မကွေးတိုင်း၊ မြိုင်မြို့နယ်၊ နှမ်းဆီကန်ရွာကို နိုဝင်ဘာ ၁၂ ရက်၊ မွန်းလွဲ ၃ နာရီခွဲခန့်က အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ် ၁၂ လုံးကျော် မီးလောင်ပြာကျခဲ့ကြောင်း We Love Myaing အဖွဲ့ထံမှ သိရသည်။ 

  • မကွေးတိုင်း၊ မြိုင်မြို့နယ်၊ သရက်ကန်ရွာ တောင်ဘက် ၃ ဖာလုံခန့် အကွာရှိ ရွာခံတောင်သူများ စိုက်ပျိုးထားသည့် မြေပဲခင်းများကို နုတ်ယူနေသည့် ပျူစောထီးများကို နိုဝင်ဘာ ၁၂ ရက်၊ နံနက် ၇ နာရီခန့်က ဒေသခံကာကွယ်ရေးအဖွဲ့များက ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ၆ ဦးသေဆုံးခဲ့ကြောင်း သိရသည်။ 

  • ဧရာဝတီတိုင်း ၊ မြန်အောင်မြို့နယ် ၊ မျှင်ဝါးတောင်ကျေးရွာအုပ်စု ၊ မျှင်ဝါးတောင်ကျေးရွာတွင် နိုဝင်ဘာ ၁၂ ရက် ညနေ ၄ နာရီခန့်က စစ်ကောင်စီသတင်းပေးတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရကြောင်း ဒေသခံများထံမှ သိရသည်။ 

  • တနင်္သာရီတိုင်း ၊ သရက်ချောင်းမြို့နယ် မြိတ်-ထားဝယ် ပြည်ထောင်စုလမ်းမကြီးပေါ်တွင် နိုဝင်ဘာလ ၁၁ ရက်နေ့က မင်္ဂလာပွဲမှ ပြန်လာသည့် ပြည်သူ ၂၅ ဦးသည် စစ်ကောင်စီတပ်၏ စစ်ဆေးရေးဂိတ်အရောက်တွင် ဖမ်းဆီးခံလိုက်ရကြောင်း ဒေသခံများထံမှ သိရသည်။ 

  • တနင်္သာရီတိုင်း ၊ ထားဝယ်ခရိုင် လောင်းလုံးနှင့် ရေဖြူမြို့နယ်တို့တွင် နိုဝင်ဘာလ ၂ ရက်မှ ၅ ရက်နေ့အထိ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်၏ ခရီးစည်အတွက် လုံခြုံရေးယူပေးခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့များ လေးကြိမ်ထက်မနည်း တိုက်ခိုက်ခံရမှုကြောင့် တပ်သား ၆၀ ထက်မနည်း သေဆုံးခဲ့ကြောင်း လောင်းလုံး PDF အဖွဲ့ထံမှ သိရသည်။ 

  • ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီရုံးကို နိုဝင်ဘာ ၁၂ ရက်က စစ်ကောင်စီက ဝင်ရောက်ဖျက်ဆီးပြီး ရုံးမှတ်တမ်းများကို ယူဆောင်သွား၍ ပါတီဝင်များ လုံခြုံရေးသတိပြုကြရန် ဒီချုပ်ပါတီလွှတ်တော်ကိုယ်စားလှယ်များက ပြောသည်။ 

  • စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီ ထောက်တိုင်များကို ပစ်ခတ်တိုက်ခိုက်မှုများ အရှိန်မြှင့်တင်မည်ဖြစ်သည့်အတွက် မွန်ပြည်နယ်၊ ရေးမြို့နယ် မြောက်ပိုင်းက စာသင်ကျောင်းများ ပိတ်ထားပေးရန် ရေးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ( YPDF) က သတိပေးထုတ်ပြန်လိုက်သည်။ 

  • ကယားပြည်နယ်ရှိ စစ်ရှောင်ပြည်သူများအား ပြည်သူ့နွေဦး အစီအစဉ်မှ ဆုမဲပေါက်သော မမြင့်မိုရ်မှ ကရင်နီပြည် စစ်ဘေးရှောင်စခန်း တစ်ခုကို အစားအသောက်များ လှူဒါန်းခဲ့ကြောင်း သိရသည်။ 

  • ရှမ်း-ကယားနယ်စပ် ဖယ်ခုံမြို့အခြေစိုက် ခမရ ၃၃၆ တွင် တာဝန်ကျနေသည့် စစ်ကောင်စီတပ်သား တစ်ဦးမှ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (MBPDF )ထံ လက်နက်ခဲယမ်းအပြည့်အစုံနှင့် CDM လုပ်လာသည့်ဟု မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (MBPDF) မှ နိုဝင်ဘာ ၁၂ ရက် ည ပိုင်းတွင် ထုတ်ပြန်ကြေညာထားသည်။ 

 

တိုင်းရင်းသား လက်နက်ကိုင်များ 

  • မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွရဲစခန်းကို KNLA နှင့် နဂါးနီစစ်ကြောင်းတို့က နိုဝင်ဘာ ၁၂ ရက်၊ နံနက်ပိုင်းက ပူးပေါင်းတိုက်ခိုက်ပြီး အရှင်ဖမ်းမိသော ရဲလေးဦး နှင့် လက်နက် ၇ လက်၊ ခဲယမ်းများ သိမ်းဆည်းရမိကြောင်း နဂါးနီ စစ်ကြောင်းက ထုတ်ပြန်လိုက်သည်။ 

  • မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းလိုက်၍ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပျက်ပြယ်ပြီ ဖြစ်ပြီး ၂၀၂၃ ခုနှစ် ရွေးကောက်ပွဲသည် ပျက်စီးသွားသည့် ၂၀၀၈ အခြေခံ ဥပဒေကို အသက်သွင်းခြင်းသာ ဖြစ်သောကြောင့် လက်မခံကြောင်း ကရင်အမျိုးသား အစည်းအရုံး (KNU) က ပြောသည်။ 

  • ကရင်အမျိုးအသားအစည်းအရုံး ( KNU) တပ်မဟာ (၃) ၊ ညောင်လေးပင်ခရိုင်မှ စစ်ကောင်စီတပ်စခန်း ၃ ခုကို နိုဝင်ဘာ ၁၂ ရက် နံနက်ပိုင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်နှင့် ပြည်သူ့ကာကွယ်ရေးတပ် ( PDF) ပူးပေါင်း တပ်များက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ တပ်ရင်းမှူးအပါအဝင် သေဆုံးထိခိုက်မှုများရှိခဲ့သည်ဟု ဒေသခံများမှ ပြောသည်။ 

  • ကရင်ပြည်နယ် ၊ KNU တပ်မဟာ (၆)ထိန်းချုပ်နယ်မြေ ၊ မြဝတီမြို့နယ် တောင်ဘက်ခြမ်း ၊ မြဝတီ-ဝေါလေကားလမ်းမဘေး ၊ ထိုင်း-မြန်မာနယ်စပ်ရှိ သေ့ဘောဘိုး ကျေးရွာနှင့် တောင်နီကျေးရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်နေခင်းကြောင့် တောင်သူများထွက်ပြေးနေရသည်ဟု ဒေသခံများက ပြောသည်။ 

  • ကချင်ပြည်နယ် ၊ မြစ်ကြီးနားမြို့ ၊ တပ်ကုန်းရပ်ကွက် ရွှေလမ်းမပေါ်တွင် ဖွင့်လှစ်ထားသော Happy KTV တွင် နိုဝင်ဘာ ၁၂ ရက် နံနက် ၅နာရီခန့်က အရပ်ဝတ်ဖြင့်စားသောက်နေသော KIA တိုက်နယ်ရုံးမှ အရာရှိများနှင့် KIA စစ်ဖက်ရေးရာ အရာရှိဗိုလ်လောင်းများ ၁၀ ဦးထက်မနည်း စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းခံလိုက်ရကြောင်း ဒေသခံသတင်းအရင်းအမြစ်များက ပြောသည်။ 

  • ကချင်ဒေသ၌ ပြည်သူ့ရင်ခွင်ခိုလှုံရေး အစီအစဉ် အကောင်အထည်ဖော်ဆောင်ရွက်ရေး ဗဟိုကော်မတီသို့ ခိုလှုံလာသည့် စစ်မှုထမ်းနှင့် ရဲဝန်ထမ်း ဦးရေ ၅၀၀ ကျော်ရှိပြီဖြစ်ကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့/ကချင်လွတ်လပ်ရေးတပ်မတော် (KIO/KIA) သတင်းပြန်ကြားရေးဌာနမှ သိရသည်။ 

  • ကချင်ပြည်နယ် ၊ ဝိုင်းမော်မြို့နယ် ၊ ချီဖွေလမ်းတွင် စစ်ကောင်စီတပ် ယာဉ်တန်းကို နိုဝင်ဘာ ၁၁ ရက်က ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ယာဉ်နှစ်စီးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း KIA သတင်းနှင့် ပြန်ကြားရေးဌာနမှ သိရသည်။ 

  • ချင်းပြည်နယ်အခြေစိုက် ချင်းတော်လှန်ရေးအဖွဲ့အစည်း တစ်ခုဖြစ်သည့် Zomi Federal Union ( PDF Zoland ) ၏ Engineering & Innovation Department မှ ပြုလုပ်ခဲ့သော Drone Training Batch-1 သင်တန်းဆင်းပွဲအခမ်းအနားအား နိုဝင်ဘာလ ၁၀ ရက် ည ၇နာရီတွင် အောင်မြင်စွာကျင်းပခဲ့ကြောင်း သိရသည်။ 

 

စစ်ကောင်စီ 

  • စစ်ကောင်စီက နေပြည်တော် နည်းပညာတက္ကသိုလ်ကို နိုဝင်ဘာ ၁၂ ရက်က ဖွင့်လှစ်ခဲ့ပြီး စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင် တက်ရောက်ခဲ့သည်။ 

  • နောင်လာမည့် ပညာသင်နှစ်များတွင် စိုက်ပျိုးရေးအင်ဂျင်နီယာဘွဲ့သင်တန်းများကို တိုးချဲ့ဖွင့်လှစ် သင်ကြားပေးသွားမည်ဟု စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က ယမန့်နေ့ နည်းပညာတက္ကသိုလ် ဖွင့်ပွဲတွင် ပြောသည်။  

  • ရေရှည်တည်တံ့ခိုင်မြဲသည့် ပင်စင်စနစ်ဖြစ်ပေါ်လာစေရန်ရည်ရွယ်၍ ဝန်ထမ်းနောင်ရေးဗဟိုရန်ပုံငွေစနစ် အကောင်အထည်ဖော်ရန်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စစ်ကောင်စီခန့် စီမံဘဏ္ဍာ ဒုဝန်ကြီး ဦးမောင်မောင်ဝင်းက ယမန်နေ့က ပြုလုပ်သည့် ဝန်ထမ်းနောင်ရေးဗဟိုရန်ပုံငွေ အကောင်အထည်ဖော်ရေးကော်မတီအစည်းအဝေးတွင် ပြောသည်။ 

  • တောင်ကိုရီးယားအလုပ်အကိုင် စာမေးပွဲ (EPS- Topik) ၏ စိုက်ပျိုးရေးနှင့် မွေးမြူရေးအတွက် အောင်စာရင်းကို နိုဝင်ဘာ ၁၂ ရက်က ထုတ်ပြန်ခဲ့ရာ အောင်မြင်သူ ၃၀၀၀ ကျော်ရှိသည်ဟု စစ်ကောင်စီလက်အောက်ခံ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ (POEA) ၏ ကြေညာချက်အရ သိရသည်။ 

  • ရန်ကုန်မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်ရေးစီမံကိန်းတွင် ပါဝင်သည့် လူကူးခုံးကျော်တံတား တည်ဆောက်ရန် မြန်မာ့မီးရထားက  တင်ဒါစတင်ခေါ်ယူလိုက်ကြောင်း သိရသည်။ 

  • ယခုဘဏ္ဍာနှစ် ဧပြီ ၁ ရက်ကနေ နိုဝင်ဘာလဆန်းပိုင်းအထိ သစ်တောထွက်ပစ္စည်းတင်ပို့မှုကနေ အမေရိကန်ဒေါ်လာ ၈၈ သန်းကျော် ရရှိခဲ့သည်ဟု စစ်ကောင်စီလက်အောက်ခံ စီးပွားကူးသန်းဝန်ကြီးဌာနက သိရသည်။ 

  • ရန်ကုန်မြို့တွင် အုပ်စုဖွဲ့ ခါးပိုက်နှိုက်မှု၊ လူသတ်မှု ကျူးလွန်ခဲ့သူ ၁၁ ဦးအား ဖုန်းမျိုးစုံ အလုံး ၁၀၀ ကျော်၊ ငွေကျပ် သိန်း ၅၀ ကျော်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီက ယမန်နေ့ ညပိုင်းက ထုတ်ပြန်သည်။ 

  • စစ်တပ်အာဏာသိမ်းပြီးနောက် ရန်ကုန်မြို့တွင် ခါးပိုက်နှိုက်မှု ၊ ခိုးမှု ၊ လုယက်မှု ၊ လူသတ်အနုကြမ်းစီး မှုနှင့် ဓားပြတိုက်ခံရမှုများ နေ့စဉ်ဖြစ်ပွားနေပြီး စစ်ကောင်စီသည် ပြည်သူများအပေါ် အကာအကွယ် ပေးခြင်း မရှိတော့ဟု ပြည်သူများက ဝေဖန်ပြောဆိုနေကြသည်။ 

 

နိုဝင်ဘာ ၁၃ ရက် သုံးသပ်ချက် 

  • စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်း ရာဇဝတ်မှုများ နေ့စဉ်ထူပြောများပြားနေပြီး ရာဇဝတ်မှု များ ဖြစ်ပွားလာလျှင်လည်း လာရောက်စစ်ဆေးတာမျိုးမရှိသည်ကိုတွေ့ရသည်။တချို့ အမှုများကိုသာ အဖမ်းပြကာ စစ်ကောင်စီသတင်းစာများတွင်ဖော်ပြနေသည်ကို တွေ့ရသည်။ 

  • နိုင်ငံတစ်ဝန်း လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များ၏ တိုက်ခိုက်မှုများကြောင့် စစ်ကောင်စီ လက်နက် ကိုင်တပ်များ နေ့စဉ်သေဆုံးသည့် အရေအတွက် တိုးလာနေသလို ဖမ်းဆီးခံရမှုလည်း များပြားနေသည်။ 

  • ယခုရက်ပိုင်း ရန်ုကုန်တွင် စစ်ကောင်စီထောက်လှမ်းရေးများ စောင့်ကြည့်ဖမ်းဆီးနေသည့်ကြားက စစ်အာဏာရှင်ရေးဆန့်ကျင်ဆန္ဒပြုမှုများ ပြန်လည်ထွက်ပေါ်လာသည်။မန္တလေးတွင်ပြီးခဲ့သည့် လက ဖမ်းဆီးမှုများကြောင့် ဆန္ဒပြမှုများမရှိသော်လည်း မြိုပြပျောက်ကြား တော်လှန်ရေးအနည်း ငယ်ရှိ သည်ကိုတွေ့ရသည်။ 

 

 

 

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly