အတိုက်အခံများအပေါ် စစ်ကောင်စီ၏ ဖိနှိပ်မှုက လက်သင့်ခံစရာမရှိဟု နယူးဇီလန်ဝန်ကြီးချုပ် ဝေဖန်

အတိုက်အခံများအပေါ် စစ်ကောင်စီ၏ ဖိနှိပ်မှုက လက်သင့်ခံစရာမရှိဟု နယူးဇီလန်ဝန်ကြီးချုပ် ဝေဖန်

နိုဝင်ဘာလ ၁၃ ရက်
 

မြန်မာနိုင်ငံတွင် အာဏာသိမ်းစစ်ကောင်စီက အတိုက်အခံများအပေါ် ဖိနှိပ်မှုက လက်သင့်ခံစရာ မရှိကြောင်း နယူးဇီလန်ဝန်ကြီးချုပ် ဂျက်ဆင်ဒါ အာဒန်းက ဝေဖန်ပြောကြားလိုက်သည်။

မြန်မာအာဏာသိမ်းစစ်ကောင်စီအပေါ် အရေးယူရေးနှင့် မြန်မာ့အရေးနှင့်ပတ်သက်ပြီး အများသဘောဆန္ဒ ရယူရေး တောင်းဆိုမှုတို့ကို ထောက်ခံကြောင်း နယူးဇီလန်ဝန်ကြီးချုပ်က ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပသည့် ဒေသလုံခြုံရေး ထိပ်သီးအစည်းအဝေးတစ်ခု၌ ပြောသည်။

အာဒန်းသည် ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့တွင် ကျင်းပသည့် အရှေ့အာရှ ထိပ်သီးညီလာခံ ဖွင့်ပွဲသို့ တက်ရောက်လာခဲ့ခြင်း ဖြစ်သည်။

မြန်မာတွင် အာဏာသိမ်းစစ်ကောင်စီက အတိုက်အခံများကို ကွပ်မျက်ခြင်း အပါအဝင် ဖိနှိပ်မှုများ လုပ်ဆောင်ခြင်းက လက်ခံနိုင်စရာ မရှိကြောင်း သူမက ပြောသည်။

“မြန်မာနိုင်ငံမှာ အာဏာသိမ်းစစ်အုပ်စုရဲ့ အဆုံးသတ်နိဂုံးကို မြင်ရဖို့ ကြိုးပမ်းနေသူတွေ ကွပ်မျက်ခံခဲ့ရတယ်။ ဒါဟာ အင်မတန့်ကို စိတ်ထိခိုက်စရာ ကောင်းသလို စစ်အုပ်စုရဲ့ ဒီလုပ်ရပ်ဟာ ကျွန်မတို့ ဒေသအပေါ် အစွန်းအထင်းတစ်ခု ဖြစ်စေပါတယ်” ဟု သူမက ပြောသည်။

မြန်မာ ပဋိပက္ခသည် ဒေသတွင် ဖြေရှင်းရအခက်ဆုံး ပဋိပက္ခတစ်ခု ဖြစ်ကြောင်းနှင့် ယင်းသည် အများသဘောဆန္ဒ ရယူနိုင်ရေး နိုင်ငံများ၏ လုပ်နိုင်စွမ်းအပေါ် စမ်းသပ်နေခဲ့ကြောင်း သူမက ပြောသည်။

ထို့ပြင် လက်ရှိအချိန်တွင် အကျဉ်းချခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ယခုထိပ်သီးအစည်းအဝေးတွင် တက်ရောက်လာနိုင်ခြင်း မရှိသည့်အပေါ် သူမအနေဖြင့် စိတ်မကောင်းဖြစ်မိကြောင်း နယူးဇီလန်ဝန်ကြီးချုပ် အာဒန်းက ပြောသည်။

 

 

(ကိုလူအေး ဘာသာပြန်သည်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly