အာဖဂန်နစ္စတန်မှ ပေါ်ထွက်လာသည့် အကြမ်းဖက်မှုအန္တရာယ်အပေါ် ကမ္ဘာ့နိုင်ငံများ စိုးရိမ်ပူပန်နေဟု အိန္ဒိယ ပြော

By Devdiscourse
13 November 2022
အာဖဂန်နစ္စတန်မှ ပေါ်ထွက်လာသည့် အကြမ်းဖက်မှုအန္တရာယ်အပေါ် ကမ္ဘာ့နိုင်ငံများ စိုးရိမ်ပူပန်နေဟု အိန္ဒိယ ပြော

အာဖဂန်နစ္စတန်နိုင်ငံထဲမှ ပေါ်ထွက်လာသော အကြမ်းဖက်သမားများနှင့် အကြမ်းဖက်မှုတို့က ကမ္ဘာ့နိုင်ငံများအတွက် စိုးရိမ်ပူပန်စရာအဖြစ် ဆက်ရှိနေကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး အက်စ် ဂျိုင်ရှန်ကာက နိုဝင်ဘာ ၈ ရက်တွင် ပြောကြားလိုက်သည်။

ထို့ပြင် စစ်ဒဏ်သင့် အာဖဂန်နစ္စတန်ရှိ လူသားချင်းစာနာမှု အခြေအနေနှင့်ပတ်သက်ပြီး အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးက အလေးပေး ပြောဆိုသွားခဲ့ပြီး အာဖဂန်နစ္စတန်သည် ထိုက်သင့်သလောက် အာရုံစိုက်ခံရခြင်း မရှိဟု သူက ပြောသည်။

ရုရှား နိုင်ငံခြားရေးဝန်ကြီး ဆာဂေး လက်ရော့ဗ်နှင့် အတူပူးတွဲပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတစ်ခုအတွင်း ဂျိုင်ရှန်ကာက ကမ္ဘာကြီးအနေဖြင့် အာဖဂန်နစ္စတန်၏ အခြေအနေအပေါ် မေ့လျော့မထားသင့်ကြောင်း ပြောသည်။

အာဖဂန်နစ္စတန် သမိုင်း၏ ခက်ခဲသော ကာလအတွင်း အာဖဂန်ပြည်သူများကို အိန္ဒိယက မည်သို့မည်ပုံ ထောက်ကူပံ့ပိုးပေးနေကြောင်းကို အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးက ပြောကြားသွားခဲ့သည်။

“ယနေ့အချိန်မှာ အာဖဂန်ဟာ ထိုက်သင့်သလောက် အာရုံစိုက်မခံရဘဲ ဖြစ်နေပါတယ်။ အဲဒီမှာ လူသားချင်းစာနာမှု အခြေအနေတစ်ရပ် ရှိနေပြီး အနည်းဆုံးတော့ အဲဒါနဲ့ပတ်သက်လို့ အိန္ဒိယအနေနဲ့ စိုးရိမ်ပူပန်မိပါတယ်။ ဒါကြောင့် အစားအစာ၊ ဆေးဝါးတွေနဲ့ ကာကွယ်ဆေးတွေ ထောက်ပံ့ရင်းနဲ့ ကျွန်တော်တို့ အရှိန်မြှင့် လုပ်ဆောင်ခဲ့ပါတယ်။ အာဖဂန်ပြည်သူတွေ သူတို့ရဲ့ သမိုင်းမှာ အင်မတန် ခက်ခဲတဲ့ ကာလနဲ့ ကြုံတွေ့နေရချိန် သူတို့ကို ဘာတွေ ကူညီပံ့ပိုးပေးရမလဲ ဆိုတာကို သိရအောင် ကျွန်တော်တို့ ကြိုးစားနေပါတယ်” ဟု သူက ပြောသည်။

“ကောင်းမွန်တဲ့ အကြောင်းရင်းတွေနဲ့အတူ နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း အာဖဂန်နစ္စတန်ကနေ ထွက်ပေါ်လာနေတဲ့ အကြမ်းဖက်သမားတွေနဲ့ အကြမ်းဖက်မှုနဲ့ပတ်သက်လို့ စိုးရိမ်ပူပန်မှုတွေ ရှိနေပါတယ်။ ဒါနဲ့ပတ်သက်လို့ ကတိကဝတ်တွေ ပေးထားတာတွေလည်း ရှိပါတယ်။ နိုင်ငံတကာ အသိုင်းအဝိုင်း အထူးသဖြင့် အိမ်နီးချင်းတွေအနေနဲ့ အာဖဂန်နစ္စတန်ကနေ အကြမ်းဖက် ခြိမ်းခြောက်မှု ထွက်ပေါ်မလာစေအောင် ခုချိန်မှာ အတူတကွ လက်တွဲလုပ်ဆောင်သင့်ပါတယ်” ဟု သူက ပြောသည်။

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဂျိုင်ရှန်ကာသည် ရုရှားသို့ ၂ ရက်တာ ခရီးစဉ်အဖြစ် နိုဝင်ဘာ ၇ ရက်က ရောက်ရှိလာခဲ့ပြီး နှစ်ဖက်အကြား ပုံမှန်ပြုလုပ်နေကျ အဆင့်မြင့် ဆွေးနွေးမှုများကို လုပ်ဆောင်ခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required