ထောင်မှလွတ်လာပြီးနောက် နှစ်ပေါင်းများစွာ ကျန်းမာရေးချို့တဲ့ခဲ့သည့် တိဗက်ဘုန်းကြီး ကွယ်လွန်

ထောင်မှလွတ်လာပြီးနောက် နှစ်ပေါင်းများစွာ ကျန်းမာရေးချို့တဲ့ခဲ့သည့် တိဗက်ဘုန်းကြီး ကွယ်လွန်

တိဗက်တွင် တရုတ်အုပ်စိုးမှုကို ဆန့်ကျင်သည့်အနေဖြင့် ထောင်ဒဏ် ၆နှစ် ချမှတ်ခံခဲ့ရသည့် တိဗက်ဘုန်း တော်ကြီးတစ်ပါးသည် ၂၀၁၈ ခုနှစ်တွင် ထောင်မှ လွတ်လာပြီးနောက် ကျန်းမာရေးချို့တဲ့ကာ ကွယ်လွန် သွားခဲ့ကြောင်း RFA က သတင်းရရှိခဲ့သည်။

စီချွမ်းပြည်နယ်၊ ဂန်ဇီဒေသ တိဗက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စုရှိ လူဟိုခရိုင်တွင်နေထိုင်သူ ဂီရှီတန်ဇင် ပယ်လ်ဆန်သည် အခြေအနေရုတ်တရက်ဆိုးရွားလာပြီးနောက် စက်တင်ဘာလတွင် သေဆုံးသွားခဲ့ကြောင်း တိဗက်သတင်းရင်းမြစ်တစ်ခုက ပြောကြားခဲ့သည်။

“ဒါက ထောင်ထဲမှာ နှိပ်စက်ခံရတဲ့ ဒဏ်တွေက လွတ်မြောက်ပြီးနောက်ပိုင်း ဆေးကုသမှုမခံခဲ့ရလို့ပါ” ဟု လုံခြုံရေးကြောင့် အမည်မဖော်လိုသူ RFA သတင်းရင်းမြစ်က ပြောသည်။

ဒရက်ဂိုဘုန်ကြီးကျောင်းမှ ဘုန်းတော်ကြီး ပယ်လ်ဆန်ကို တရုတ်အုပ်ချုပ်မှုကို စိန်ခေါ်သည့် ဆန္ဒပြပွဲ စီစဉ်မှုဖြင့် ၂၀၁၂ ခုနှစ် ဧပြီလ ၂ ရက်တွင် ဖမ်းဆီး ထိန်းသိမ်းခံခဲ့ကြောင်း သတင်းရင်းမြစ်က ဆိုသည်။

“အဲဒီနောက်မှာတော့ ဆန္ဒပြမှုမှာ ပါဝင်ပတ်သက်မှု စွဲချက်နဲ့ ထောင်ဒဏ် ၆ နှစ် ချမှတ်ခံရပြီး ခေတ္တ ပျောက်သွားခဲ့ပါတယ်”

ယခင်က လွတ်လပ်သောနိုင်ငံတစ်ခုဖြစ်သည့် တိဗက်သည် လွန်ခဲ့သောနှစ်ပေါင်း ၇၀ ကျော်က တရုတ်က စစ်တပ်၏ ကျူးကျော်သိမ်းပိုက်မှု ခံခဲ့ရသည်။

တရုတ်အာဏာပိုင်များသည် ဒေသတွင်းတွင် တင်းကျပ်စွာ ချုပ်ကိုင်ထားပြီး တိဗက်လူမျိုးများ၏ နိုင်ငံရေး လှုပ်ရှားမှုများ၊ ယဉ်ကျေးမှုနှင့် ဘာသာရေးဆိုင်ရာ လက္ခဏာများကို ငြိမ်းချမ်းစွာ ထုတ်ဖော်ပြသခြင်းကို ကန့်သတ်ထားသည်။

ပယ်လ်ဆန်ကို ၂၀၁၈ခုနှစ် ဧပြီလတွင် ပြန်လွှတ်ပေးခဲ့သော်လည်း တရုတ်အာဏာပိုင်များက အဆက်မပြတ် စောင့်ကြည့်နှောင့်ယှက်နေကြောင်း သတင်းရင်းမြစ်က ပြောကြားခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly