မြန်မာ့ငြိမ်းချမ်းရေးအတွက် သတ်မှတ်အချိန်ဇယားကို အာဆီယံ တောင်းဆို 

မြန်မာ့ငြိမ်းချမ်းရေးအတွက် သတ်မှတ်အချိန်ဇယားကို အာဆီယံ တောင်းဆို 

နိုဝင်ဘာ ၁၂

မြန်မာနိုင်ငံတွင် လူမှုရေးနှင့် နိုင်ငံရေး ဝရုန်းသုန်းကားဖြစ်မှုများ အရှိန်မြင့်နေစဉ် ငြိမ်းချမ်းရေးအစီအစဉ်တစ်ရပ်၌ သိသောသော တိုးတက်မှုကို ဖော်ဆောင်ရန်နှင့် သို့မဟုတ်ပါက အစည်းအဝေးများမှ တားမြစ်ခံရမည်ဟု မြန်မာနိုင်ငံအား “သတိပေးချက်တစ်ရပ်” ကို အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံခေါင်းဆောင်များက သောကြာနေ့တွင် ထုတ်ပြန်လိုက်သည်။ 

ပြီးခဲ့သည့်နှစ်က ပူးပေါင်းသဘောတူခဲ့သော ငြိမ်းချမ်းရေး ဘုံသဘောတူညီချက် ငါးရပ်တွင် “အနည်းအကျဉ်းသာ တိုးတက်မှု” ရှိ၍ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး ဖော်ဆောင်မှု၌ “တိကျသော အချိန်ဇယားနှင့်အတူ ခိုင်မြဲသော လက်တွေ့ကျသော၊ သိသာမြင်သာသော လုပ်ဆောင်မှုများ” လိုအပ်သည်ဟု အာဆီယံခေါင်းဆောင်များက ကောက်ချက်ချခဲ့သည်။ 

ထိုပြင် အာဆီယံအနေဖြင့် အဆင့်ဆင့်သော အစည်းအဝေးများ အားလုံး၌ မြန်မာ၏ ကိုယ်စားပြုမှုကို ပြန်လည်သုံးသပ်သွားမည်ဟုလည်း ယင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။ အာဆီယံသည် ပြီးခဲ့သည့်နှစ်မှစကာ မြန်မာစစ်ခေါင်းဆောင်များကို ထိပ်သီးအစည်းအဝေးများမှ တားမြစ်ထားသည်။ ယခု ဖနွမ်းပင် သောကြာနေ့ ထိပ်သီးအစည်းအဝေးတွင်လည်း မြန်မာ၏ ခုံနေရာ လစ်လပ်လျက် ရှိသည်။ 

ယခု သောကြာနေ့က ထုတ်ပြန်ချက်သည် “စစ်အာဏာသိမ်းအုပ်စုအား ပြင်းထန်သည့် သတင်းစကား သို့မဟုတ် သတိပေးချက်” ပေးလိုက်ခြင်း ဖြစ်ကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရတ်နို မာဆူဒီက ပြောသည်။ သူသည် ပျက်ကွက်သည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် စစ်အာဏာသိမ်းအုပ်စုကိုသာ လုံးလုံး အပြစ်ဆိုရမည်ဟု ပြီးခဲ့သည့် သီတင်းပတ်က ပြောထားသူ ဖြစ်သည်။ 

အာဆီယံ၏ ယခု ထုတ်ပြန်ချက်ကို စစ်အာဏာသိမ်းအုပ်စု၏ နိုင်ငံခြားရေးဝန်ကြီးဌာနက သောကြာနေ့တွင် ပယ်ချပြီး အကြံပြုချက်များကို လိုက်နာလိမ့်မည်မဟုတ် ဆိုသည်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အားနည်းချို့တဲ့ခြင်းအတွက် စစ်အာဏာသိမ်းအုပ်စုသည် ကပ်ဘေးနှင့် ခုံခံတွန်းလှန်ရေး လှုပ်ရှားမှုများကို ယခင်က အပြစ်ဆိုထားခြင်း ဖြစ်သည်။ 

မြန်မာနိုင်ငံတွင် ပြီးခဲ့သည့်နှစ်က ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော ရွေးကောက်ခံ အစိုးရကို စစ်တပ်က ဖြုတ်ချပြီး သဘောထားကွဲလွဲသူများကို သေစေနိုင်သော ဖြိုခွင်းမှုများ ကျူးလွန်ချိန်မှစကာ နိုင်ငံရေး၊ လူမှုရေးနှင့် စီးပွားရေး ဝရုန်းသုန်းကား အခြေအနေများ ဖြစ်ပေါ်လျက် ရှိသည်။ 

(မိုးသဲ ဘာသာပြန်သည်။) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required