စစ်ကောင်စီလက်ထက်တွင် နိုင်ငံခြားချေးငွေ အမေရိကန်ဒေါ်လာ ၁,၄၉၅ သန်းအား ပြန်လည်ပေးဆပ်ပြီးဟုဆို

စစ်ကောင်စီလက်ထက်တွင် နိုင်ငံခြားချေးငွေ အမေရိကန်ဒေါ်လာ ၁,၄၉၅ သန်းအား ပြန်လည်ပေးဆပ်ပြီးဟုဆို

November 12

(မဇ္ဈိမ)။ ။ စစ်ကောင်စီလက်ထက်တွင် ပြည်ပမှရယူထားသည့် နိုင်ငံခြားချေးငွေ အမေရိကန်ဒေါ်လာ ၁,၄၉၅ သန်းအား ပြန်လည်ပေးဆပ်ပြီးဟု အကြမ်းဖက်စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကဆိုသည်။

ယမန်နေ့ နိုဝင်ဘာလ ၁၁ရက် မွန်းလွဲပိုင်းက နေပြည်တော်၌ ပြုလုပ်ခဲ့သည့် အစည်းအဝေးတွင် ၎င်းကပြောကြားခဲ့ခြင်းဖြစ်သည်။

"မိမိတို့အစိုးရလက်ထက်မှာ နိုင်ငံခြားချေးငွေပြန်လည်ပေးဆပ်မှုနဲ့ပတ်သက်ရင် နိုင်ငံတော်ဝင်ငွေကနေ အမေရိကန်ဒေါ်လာ ၁,၄၉၅ သန်းကို ပြန်လည်ပေးဆပ်ပြီးဖြစ်ပါတယ်"ဟု ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

ပြည်ပချေးငွေနှင့်ထောက်ပံ့ငွေများရယူခဲ့ခြင်းမရှိဘဲ ကုန်သွယ်မှုရငွေ၊ပြည်ပရင်းနှီးမြှုပ်နှံမှုရငွေ၊ အခွန်အခရငွေများဖြင့် ပေးဆပ်နိုင်ခဲ့ခြင်းဖြစ်ကာ နိုင်ငံခြားချေးငွေများကို နှစ်စဉ်ပုံမှန်ပေးဆပ်လျက်ရှိကြောင်းလည်းဆိုသည်။

ထို့အပြင် ပြည်တွင်းစီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန် ပြည်တွင်းထုတ်လုပ်မှုနှင့်ပြည်ပပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရန် ကြိုးစားဆောင်ရွက်သွားမည်ဟုလည်းပြောကြားခဲ့သည်။

"ကုန်သွယ်မှုနဲ့ပတ်သက်ပြီး နယ်စပ်ကုန်သွယ်ရေးနဲ့ပင်လယ်ရေကြောင်းပို့ဆောင်ရေးလုပ်ငန်းတွေရှိပါတယ်၊ ပင်လယ်ရေကြောင်းပို့ဆောင်ရေးဟာ မြန်မာနိုင်ငံ ကုန်သွယ်မှုအားလုံးရဲ့ ၇၅ ရာခိုင်နှုန်းခန့်ရှိသလို နယ်စပ်ကုန်သွယ်ရေးက ၂၅ ရာခိုင်နှုန်းခန့်ရှိပါတယ်"ဟုလည်း ထည့်သွင်းပြောကြားခဲ့သည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima

#နယ်စပ်ကုန်သွယ်ရေး

#စစ်ကောင်စီလက်ထက်

#နေပြည်တော်

#နိုင်ငံခြားချေးငွေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly