အချုပ်ထောင်တွင် စစ်ကောင်စီ၏ စွပ်စွဲခံ အဂတိအမှုများကို ရင်ဆိုင်ရင်း ဖြတ်သန်းခဲ့ရသည့် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်မွေးနေ့

အချုပ်ထောင်တွင် စစ်ကောင်စီ၏ စွပ်စွဲခံ အဂတိအမှုများကို ရင်ဆိုင်ရင်း ဖြတ်သန်းခဲ့ရသည့် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်မွေးနေ့

နိုဝင်ဘာလ ၈ ရက်

ယနေ့ နိုဝင်ဘာလ ၈ ရက်နေ့သည် မြန်မာနိုင်ငံ၏ ၁၀ ဦးမြောက် သမ္မတဖြစ်သည့် NLD ပါတီ ဒုတိယဥက္ကဋ္ဌ ဦးဝင်းမြင့်၏ ၇၁ နှစ်မြောက် မွေးနေ့ဖြစ်ပြီး သမ္မတတစ်ယောက်၏ မွေးနေ့ကို နေပြည်တော်အချုပ်ထောင်အတွင်း တရားရင်ဆိုင်ရင်း ဖြတ်သန်းခဲ့ရသည်။

ယနေ့ ကျရောက်သောမွေးနေ့တွင် နိုင်ငံတော် သမ္မတဦးဝင်းမြင့်က သူယူဆောင်လာသည့် မွေးနေ့ကိတ်ကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ ပေးအပ်၍ ၎င်းတို့၏ အမှုများကို လိုက်ပါဆောင်ရွက်ပေးနေ သည့် ရှေ့နေအဖွဲ့ကိုလည်း ကျွေးမွေးခဲ့ကြောင်း သိရသည်။

နိုင်ငံတော်သမ္မတဦးဝင်းမြင့်ကို စစ်တပ်က အာဏာသိမ်းယူခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက် ၅ နာရီကတည်းက ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် နေပြည်တော်အတွင်းရှိ လျှို့ဝှက်နေရာတစ်ခုတွင် ဇနီးဖြစ်သူ ဒေါ်ချိုချိုနှင့် အတူ ဖမ်းဆီး ထိန်းသိမ်းခံထားရသည်။ စစ်ကောင်စီက မည့်သည့်နေရာတွင် ဖမ်းဆီးထားသည်ကိုမူ သမ္မတကြီးကိုယ်တိုင်ပင် သိရှိခြင်းမရှိပေ။

နေပြည်တော်အချုပ်ထောင်အတွင်းရှိ တရားရုံးသို့ လာရောက်ရာတွင် သမ္မတကြီးသည် အချုပ်သားများကဲ့သို့ အပြာရောင်ဝမ်းဆက်ကို ဝတ်ဆင်ရပြီး သမ္မတတစ်ဦး၏ ဂုဏ်သိက္ခာအရ အပေါ်က အဖြူမကျ မီးခိုးမကျ အရောင်ရှိသည့် တိုက်ပုံကို ထပ်ပြီး ဝတ်ဆင်လေ့ရှိကြောင်း တရားရုံးနှင့် နီးစပ်သည့် အသိုင်းအဝိုင်းထံက သိရသည်။

“ သူကတော့ တစိုက်မတ်မတ် ဘယ်အမှုဖြစ်ဖြစ် သူ့အတွက် သက်သေမလိုဘူး။ အမှန် တရားပဲထွက်တယ်လို့ ဆိုတယ်။ သူက တကယ်ရှိတဲ့အနေအထားမှန်တိုင်းထွက်တယ်။ အဲ့ဒီလိုမြင်ရတယ်”ဟု သမ္မတဦးဝင်းမြင့်နှင့် နီးစပ်သူတစ်ဦးက မှတ်ချက်ပြုသည်။

နိုင်ငံတော်သမ္မတဦးဝင်းမြင့် အနေဖြင့် ယနေ့ နိုဝင်ဘာလ ၈ ရက်နေ့တွင် ၎င်းအား စွဲဆိုထားသည့် အမှုများအနက်မှ ရဟတ်ယာဉ်နှင့် ပတ်သတ်သည့် အဂတိအမှုသုံးမှု စစ်ဆေးမှုအတွက် ရုံးချိန်းတက်ရောက်လာခြင်းဖြစ်သည်။ သမ္မတဦးဝင်းမြင့် နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ နှစ်ဦးစလုံး ကျန်းမာရေး ကောင်းမွန်ကြောင်း သိရသည်။

နိုင်ငံတော်သမ္မတဦးဝင်းမြင့်ကို စစ်ကောင်စီ၏ တရားရုံးက သဘောဝဘေးဥပဒေပုဒ်မ ၂၅၊ ပုဒ်မ ၅၀၅(ခ) ၊ ပုဒ်မ ၁၃၀(က)စသည့် အမှု သုံးမှုအတွက် ထောင်ဒဏ် ခုနှစ်နှစ် ချမှတ်ခဲ့ပြီး နှစ်နှစ်ကို ပြန်လည် လျှော့ပေါ့ပေးခဲ့သည်။

ထို့ကြောင့် သမ္မတအနေဖြင့် လက်ရှိတွင် ထောင်ဒဏ်ငါးနှစ် သတ်မှတ်ခံထားရပြီး သဘာဝဘေးအတွက် ရဟတ်ယာဉ် ဝယ်ယူ ငှားရမ်းရာတွင် အဂတိလိုက်စားသည်ဟု စွပ်စွဲခံထားရသည့် အမှုငါးမှုကို ဆက်လက်ရင်ဆိုင်နေရသည်။

၂၀၁၈ခုနှစ် ၊ မတ်လတွင် မြန်မာနိုင်ငံ၏ သမ္မတတာဝန်ကို စတင်ထမ်းဆောင်ခဲ့သည့် ဦးဝင်းမြင့်သည် တရားလွှတ်တော်ရှေ့နေ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ အစရှိသည့် တာဝန်များကို ထမ်းဆောင်ခဲ့သူ တစ်ဦးလည်းဖြစ်သည်။

ဦးဝင်းမြင့်သည် NLDပါတီ စတင်ဖွဲ့စည်းစဉ်ကတည်းက ပါဝင်ခဲ့သူတစ်ဦးဖြစ်ပြီး ၁၉၉၀ ရွေးကောက်ပွဲ၊ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ၊ ၂၀၁၅ ရွေးကောက်ပွဲ၊ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲများတွင်လည်း အနိုင်ရရှိခဲ့သူဖြစ်သည်။

၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် စစ်တပ် အာဏာသိမ်းသည့်နေ့က နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၏ အခန်းသို့ ဝင်ရောက်လာသည့် ဗိုလ်ချုပ်ကြီး သို့မဟုတ် ဒုတိယဗိုလ်ချုပ်ကြီး အဆင့်ရှိသူနှစ်ဦးက သမ္မတကြီးအား ကျန်းမာရေးအကြောင်းပြ၍ ရာထူးမှ နှုတ်ထွက်ပေးရန် ပြောဆိုမှုအပေါ် နှုတ်ထွက်မပေးနိုင်ကြောင်း တုံ့ပြန်ခဲ့သူဖြစ်သည်။

ထိုသို့ တုံ့ပြန်မှုကြောင့် ပုဂ္ဂိုလ်ရေးထိခိုက်မှုရှိနိုင်သည်ဟု ခြိမ်းခြောက်မှုအပေါ် “အသေပဲခံလိုက်မယ်” ဥပဒေနဲ့အညီသာလုပ်သင့်ပြီး အာဏာမသိမ်းသင့်ဟု ပြန်လည်ပြောဆိုခဲ့သည့် နိုင်ငံတော်သမ္မတကြီး ဦးဝင်းမြင့်၏ ထွက်ဆိုချက်များမှာ ထင်ရှားလှသည့် ပြောဆိုချက်များပင်ဖြစ်သည်။

စာတည်း။ ။မောင်ကောင်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly