အနောက်မဟာမိတ်တို့ထံမှ လေကြောင်းရန်ကာစနစ်များ ပိုမို ရရှိကြောင်း ယူကရိန်း ကြေညာ 

အနောက်မဟာမိတ်တို့ထံမှ လေကြောင်းရန်ကာစနစ်များ ပိုမို ရရှိကြောင်း ယူကရိန်း ကြေညာ 

November 8

ယူကရိန်းရှိ စွမ်းအင်ဆိုင်ရာ အဆောက်အအုံများကို ရုရှတိုက်ခိုက်မှုများ သီတင်းပတ်များကြာပြီးနောက် လျှပ်စစ်ဓာတ်အား ချွေတာရန် မြို့နေများကို ကိယက်ဗ်မြို့ တာဝန်ရှိသူများက တိုက်တွန်းထားချိန် အနောက်စစ်ဘက်မဟာမိတ်တို့ဆီမှ လေကြောင်းရန်ကာစနစ်များ ပိုမို ရရှိကြောင်း ယူကရိန်းက တနင်္လာနေ့တွင် ကြေညာသည်။ 

အမေရိကန်တွင် လွှတ်တော်အား ထိန်းချုပ်နိုင်မှု၌ အဆုံးအဖြတ်ပေးမည့် ရွေးကောက်ပွဲများ အကြို ယူကရိန်းအား အမေရိကန်က ထောက်ပံ့ခြင်းအတွက် မေးခွန်းများ ရှိလာနေချိန် ယခု လက်နက်စနစ်သစ်များ ရရှိကြောင်းကို ကြေညာလာခြင်းလည်း ဖြစ်သည်။ 

အောက်လွှတ်တော်အပြင် ဆီးနိတ်တွင်ပါ အနိုင်ရနိုင်ကောင်းသည်ဟု အကဲဖြတ်များက ဆိုထားသော ရီပတ်ဘလီကန်များက ယူကရိန်းအတွက် ကုန်ကျသုံးစွဲမှု နှုန်ထားအတွက် စိုးရိမ်ပူပန်ကြောင်း ပြသကြသည်။ သို့ရာတွင် သမ္မတ ဂျိုး ဘိုင်ဒင်၏ အိမ်ဖြူတော်က မဲရလဒ်ကို ပမာမထားဘဲ ယူကရိန်းကို “မဆုတ်မနစ်” ထောက်ပံ့သွားမည်ဟု စိတ်ပိုင်းဖြတ်ထားသည်။ 

တစ်ချိန်တည်းမှာပင် ယူကရိန်းကာကွယ်ရေးဝန်ကြီးဌာနက ရုရှ၏ ကျူးကျော်မှုကို ခုခံရေးအတွက် စစ်တပ်အတွက် လိုအပ်သော လျှပ်စစ်ဓာတ်အားကို အာမခံပေးရေး မဟာဗျူဟာ အရေးကြီးသည့် စွမ်းအင်နှင့် ကုန်ထုတ်လုပ်မှု ကုမ္ပဏီများကို မေတ္တာရပ်ခံထားသည်။ 

ပြီးခဲ့သည့်လက အီရန်ထုတ် ဒရုန်းများအပါအဝင် ရုရှတပ်များ၏ တိုက်ခိုက်မှုများကြောင့် ယူကရိန်းရှိ လျှပ်စစ်ဓာတ်အားပေး ဝန်ဆောင်မှုဌာနများ၏ ၄၀ ရာခိုင်နှုန်းနီပါး ပျက်စီးရသည်။ 

ရုရှသည် တစ်လနီးပါးကြာမျှ သီတင်းပတ်တိုင်း၏ ပထမရက်တွင် တိုက်ခိုက်လာခြင်းကို ကိယက်ဗ်မြို့တော်က ရင်ဆိုင်နေရခြင်း ဖြစ်သော်လည်း ပြီးခဲ့သည့် တနင်္လာနေ့တွင် လေကြောင်းစီးနင်းမှု ဥဩသံများ တိတ်ဆိတ်နေကာ မြို့နေများလည်း ပုံမှန်အတိုင်း သွားသွားလာလာ ရှိကြသည်။ 

ယူကရိန်းသည် National Advanced Surface-to-Air Missile System နှင့် Italian Aspide လေကြောင်းရန်ကာစနစ်များ လက်ခံရရှိကြောင်း ကာကွယ်ရေးဝန်ကြီး အိုလက်ခ်ဆေး ရတ်ဇ်နီကို့ဗ်က တနင်္လာနေ့တွင် ကြေညာသည်။ 

“ဒီ လက်နက်တွေကို ယူကရိန်းစစ်တပ်ကို သိသိသာသာ ခိုင်မာအားကောင်းစေမှာ ဖြစ်တယ်၊ ကျွန်တော်တို့ရဲ့ ဝေဟင်ကို ပိုပြီး ဘေးကင်းလုံခြုံစေမယ်”ဟု ၎င်းက လူမှုမီဒီယာတွင် ရေးသားခဲ့သည်။ 

(မိုးသဲ ဘာသာပြန်သည်။) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly