နွေဦးတော်လှန်ရေးနေ့စဉ်မှတ်စု (၃၀ အောက်တိုဘာ ၂၀၂၂)

နွေဦးတော်လှန်ရေးနေ့စဉ်မှတ်စု (၃၀ အောက်တိုဘာ ၂၀၂၂)

အမျိုးသားညီညွတ်ရေးအစိုးရ

· စစ်အာဏာရှင်တွေကို ပြတ်ပြတ်သားသား ဆန့်ကျင်ပြီး ပြည်သူလူထုနှင့် အတူ ရပ်တည်ခဲ့သည့် မြဝတီ မင်းကြီး ကျောင်းတိုက် နာယကဆရာတော်ဘဒ္ဒန္တအရိယာဘိဝံသ ဘဝနတ်ထံပျံလွန်တော်မူခြင်း အပေါ် အမျိုးသားညီညွတ်ရေး အစိုးရ(NUG)က ဝမ်းနည်းကြောင်းသဝဏ်လွှာပေးခဲ့ပြီး အန္တိမအဂ္ဂိစျာပန အခမ်း အနားအစီအစဉ်ကို အစိုးရတာဝန်ရှိသူများနွေဦးတော်လှန်ရေးအင်အားစုများ စုပေါင်း ဆောင်ရွက်နေ ကြောင်း သိရသည်။

· ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနဲ့ ပြည်ထောင်စုဝန်ကြီးချုပ်၊ ကာကွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနများမှ ပြည်ထောင်စုဝန်ကြီးများ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီအဖွဲ့ဝင်များ တွေ့ဆုံဆွေးနွေးပွဲကို အောက်တိုဘာလ ၂၈ ရက်မွန်းလွဲ ၁ နာရီမှာ တွေ့ဆုံခဲ့ကြသည်။

· ကျဆုံးသွားသော ကချင်ပြည်နယ်မှ ညီအကိုမောင်နှမများ၊ ကချင်အာဇာနည်သူရဲကောင်းများအတွက် ဩစတေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့ရှိ တော်လှန်ရေးညီအကို အဖွဲ့အစည်းများနှင့် ကချင်ကွန်မြူနတီမှ ဦးစီးကာ ဆုတောင်းပွဲ ကျင်းပခဲ့ရာ ဆုတောင်းပွဲအခမ်းအနားသို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေး ဝန်ကြီးဌာန ၏ ဒုတိယဝန်ကြီး ဦးခွန်းဗဟန်းထန် မှ တက်ရောက်၍ အားပေးအမှာစကားပြောကြားခဲ့သည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် အထူးအုပ်ချုပ်ရေးဒေသ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံဆွေးနွေးပွဲ အစည်းအဝေး (၃၂/၂၀၂၂)ကို ယနေ့ အောက်တိုဘာလ ၃၀ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့သည်။

· ပြည်သူလူထုတစ်ရပ်လုံးက အသက်ရှင်သန်ရေးအတွက် မိမိကိုယ်ကိုယ်ကိုမိမိ ခုခံကာကွယ် ပိုင်ခွင့်အရ၊ ပြည်သူ့ခုခံစစ် (Peoples Defensive War) ကို ဆင်နွှဲလျက်ရှိရာသတင်းအချက်အလက်များအရ (၂၈. ၁၀.၂၀၂၂) ရက်နေ့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် - ၇၁ ဦး သေဆုံးပြီးထိခိုက်ဒဏ်ရာရရှိသူ - ၂၂ ဦး အထိ ခုခံတိုက်ခိုက်နိုင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

 

တော်လှန်ရေး လှုပ်ရှားမှုများ

· မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ် ငါ့သရောက်မြို့ ရဲစခန်းကို အောက်တိုဘာလ ၂၉ ရက်နေ့ ညနေ ၄ နာရီကျော် PDF မဟာမိတ် တပ်ဖွဲများ ပူးပေါင်း တိုက်ခိုက်ရာ စခန်းမှူး၊ ဒုရဲအုပ် အပါအဝင် ရဲ ၁၁ ဦး သေဆုံးပြီး လက် နက် ၇ လက် ရရှိကြောင်း၊ အဆိုပါတိုက်ခိုက်မှုသည် မြောင်မြို့နယ်၊ ပရိမ္မကျေးရွာရှိ မြင်းခြံခရိုင် တပ်ရင်း ၃ ၏ စခန်းကို စစ်တပ်က ဝင်စီးမှု အပေါ် လက်တုံ့ပြန်ခြင်းဖြစ် ကြောင်း မြင်းခြံခရိုင်တပ်ရင်း ၃ ၏ ပြန်ကြား ရေးတာဝန်ရှိသူက ပြောဆိုသည်။

· မန္တလေးတိုင်း မတ္တရာမြို့နယ် လှိုင်ကျွန်းကျေးရွာ မှ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှုး၊ ပျုစောခေါင်းဆောင် ၀င်းနိုင်ကို အောက်တိုဘာလ ၂၉ ရက်နေ့ က နဂါးနီပြောက်ကျားတပ်ဖွဲ့နှင့် မတ္တရာ မြို့နယ် ဒေါင်းစစ်သည် ပြောက်ကျားတပ်ဖွဲ့ က ပူးပေါင်း၍ ၎င်း၏နေအိမ်သို့ ၀င်ရောက်ဖမ်းဆီးပြီး စစ်ဆေးခဲ့ကြောင်း၊ ယင်းနောက် အပြစ်ရှိကြောင်း စိစစ်တွေ့ရှိရသဖြင့် ရှင်းလင်းလိုက်ကြောင်းသိရသည်။

· မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ ငါန်းမြာ ရဲစခန်းမှူး ဒုရဲအုပ်ရာဇဝင်းမြင့်နှင့် ရဲတပ်သား အောင်သူတို့ ယမန်နေ့ ညနေပိုင်း KTV တွ ပျော်ပါးနေစဉ် PDF တပ်ဖွဲ့က ဝင်ရောက်ပစ်ခတ်သဖြင့် ၁ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရ ရှိကြောင်း ရဲသတင်းရင်းမြစ်များထံမှ သိရှိရသည်။

· စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊လဝကရုံးတွင် စစ်ကောင်စီအတွက် အလုပ် လုပ်ပေးနေသူ စစ်ကောင်စီခန့် နန္ဒဝန်ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့်ပျူစောထီးခေါင်းဆောင် မြတ်နိုးကျော်ကို Myingyan Black Tiger (MBT)က ပစ်ခတ်ရှင်းလိုက်ကြောင်း အဆိုပါအဖွဲ့မှ တာဝန်ရှိသူက ပြောသည်။

· ကလေးမြို့ ပင်မ သပိတ် အင်အားစုများ ဦးဆောင်ကာ ယနေ့ အောက်တိုဘာလ ၃၀ ရက်နေ့တွင် ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

· ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံ သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ အောက်တိုဘာလ ၃၀ ရက်နေ့တွင် ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

· အကြမ်းဖက် စစ်ကောင်စီတပ်အား ပိုမိုထိရောက်စွာတိုက်ခိုက်နိုင်ရေးအတွက် AK-47 မောင်းပြန်သေနတ် တစ်လက် ဝယ်ယူရန်အတွက် လိုအပ်နေသော ကျပ်သိန်း ၁၅၀ အား ပါဝင်ကူညီထောက်ပံ့ကြပါရန် ရွှေတြိဂံ Golden Triangle Force တပ်ခွဲ (၆)၊ တိမ်ပျံပြောက်ကျား တပ်ဖွဲ့က တောင်းဆိုထားသည်။

· စစ်ကိုင်းတိုင်း ၊ ကနီမြို့နယ်တွင် စစ်အာဏာရှင်အား တိုက်ပွဲဝင်လျက်ရှိသည့် ကနီမြို့နယ် ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့များနှင့် စစ်ဘေးရှောင်၊ မီးဘေးသင့် ပြည်သူများအား ထောက်ပံ့နိုင်ရေးအတွက် “ တော်လှန် လူငယ် Music Band” မှ နယ်လှည့်၍ ရန်ပုံငွေ ဂီတ ဖျော်ဖြေပွဲများ ပြုလုပ်လျက် ရှိကြောင်း သိရသည်။

· ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် Under ground ug family အဖွဲ့က ဦးဆောင်ကာ ယနေ့ အောက်တိုဘာလ ၃၀ ရက်နေ့တွင် နွေဦးတော်လှန်ရေး ရန်ပုံငွေ ရရှိရေး အလှူငွေ လိုက်လံ ကောက်ခံမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

· တောင်ကိုရီယားတွင် ပရိသတ် တောင်းဆိုမှုကြောင့် ဒါရိုက်တာကိုပေါက်၏ မသောက်မိသော မိုးခါးရေ ရုပ်ရှင်ကို နောက်တစ်ကြိမ် ရုံတင်ပြသရကြောင်း သိရသည်။

· အမေရိကန်ပြည်ထောင်စု၊ နယူးယောက်တွင် မြန်မာစစ်အာဏာရှင် ဆန့်ကျင်ရေးနှင့် ဖားကန့်မှ လေယာဉ်ဗုံး ကျဲမှုကြောင့် ကျဆုံးပြည်သူများအတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ် အီရန်၊ ယူကရိန်နှင့်မြန်မာများက ယနေ့ အောက် တိုဘာလ ၃၀ ရက်နေ့ နံနက်ပိုင်း (အမေရိကန်စံတော်ချိန် အောက်တိုဘာ ၂၉ ရက်နေ့ )စုပေါင်း ချီတက် ဆန္ဒပြကြသည်။

· ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ အမှတ်(၅) ရပ်ကွက်ရှိ စစ်ကောင်စီခန့် စည်ပင်ကော်မတီ ဥက္ကဌ ဦးစိုးပိုင်၏ နေအိမ် ယမန်နေ့ အောက်တိုဘာလ ၂၉ ရက် ည ၈ နာရီခန့်အချိန်က ဗုံးပစ်တိုက်ခိုက်ခံခဲ့ရကြောင်း ဒေသခံများထံက သိရသည်။

· တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်ရှိ ကံပေါက်ဒေသ မောရဝတီ ရေတပ်ဌာနချုပ်တွင် ညကင်း တာဝန်ကျနေသည့် စစ်ကောင်စီ တပ်သား ငါးဦး ထပ်မံ ထွက်ပြေးခဲ့ကြောင်းသိရသည်။

· NUG နှင့်လည်းတွေ့ဆုံဆွေးနွေးသွားရန် ဂျာကာတာမှာလုပ်ခဲ့သည့် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ၏ အရေးပေါ်အစည်းအဝေးတွင် ထပ်မံ အဆိုပြု ခဲ့ကြောင်း မလေးရှားနိုင်ငံ ခြားရေး ဝန်ကြီး Saifuddin Abdullah ကပြောကြားလိုက်သည်။

တိုင်းရင်းသား လက်နက်ကိုင်များ

· ကရင်နီပြည်နယ်အတွင်း စစ်ကောင်စီကို လက်နက်ဆွဲကိုင် တော်လှန်နေသည့် အဖွဲ့အစည်းများထဲမှ တစ်ခု ဖြစ် သည့် Fight For Justice - JPDF တပ် တည်ထောင်ခြင်း တစ်နှစ်ပြည့် အခမ်းအနားကို ပြီးခဲ့သည့် အောက်တိုဘာလ ၂၇ ရက်နေ့က ကရင်နီပြည်နယ် တစ်နေရာတွင် ကျင်းပပြုလုပ်ခဲ့သည့် မြင်ကွင်းဓာတ်ပုံများဖြစ်သည်။

· ကချင်ပြည်နယ်၊ မိုးမောက်မြို့ နယ်တွင် တိုက်ပွဲရက်ဆက် ပြင်းထန်နေပြီး စစ်ကောင်စီတပ်၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သား ထိခိုက်သေဆုံးမှုများ ရှိလာနေပြီဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

စစ်ကောင်စီ

· အာဏာသိမ်းမင်းအောင်လှိုင်က အောက်တိုဘာလ ၃၀ ရက်နေ့မှာ နေပြည်တော်ကို ရောက်ရှိနေသည့် ဆင်သားပေါက်ကို နာမည်နဲ့ ဘွဲ့ပေးလိုက်ကြောင်း စစ်ကောင်စီဘက်က သတင်းထုတ် ပြန်သည်။

· အမျိုးသားပညာရေးဥပဒေ ပြင်ဆင်သည့်ဥပဒေကို ၂၀၂၂ ခုနှစ် အောက်တိုဘာ ၂၉ရက်နေ့တွင် ပြဌာန်း လိုက်ကြောင်း စစ်ကောင်စီ၏ ဝါဒဖြန့် မီဒီယာများကတစ်ဆင့် ထုတ်ပြန်ကြေညာခဲ့သည်။

· နိုင်ငံရေးအကျဥ်းသားဟောင်းတစ်ဦးဖြစ်သူ ကိုသက်ဇော်(ခ)ကိုဇော်သက်ထွေးအား ယမန်နေ့ အောက်တို ဘာလ ၂၉ရက် ညနေပိုင်းတွင် စစ်ကောင်စီက ပြန်လည်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း ၎င်းနှင့်နီးစပ်သူ တစ်ဦးက မဇ္စျိမကို အတည်ပြုပြောသည်။

· အောက်တိုဘာလ ၃၁ရက်နေ့(တနင်္လာနေ့)ကစပြီး အင်းစိန်အကျဉ်းထောင်မှာ ပါဆယ်ထုပ်လက်ခံမှုကို ၁၀ရက်ကျော်အကြာမှာ ပြန်လည်ခွင့်ပြုပြီဖြစ်ကြောင်း အကျဉ်းထောင်နှင့် နီးစပ်သည့်အသိုင်းအဝိုင်းထံက သိရသည်။

· ပြည်တွင်းဆီစားသုံးမှုအနေဖြင် မြေပဲဆီနှင့် နှမ်းဆီနှစ်မျိုးကိုသာအဓိက ထုတ်လုပ်သုံးစွဲနေတာဖြစ်ပြီး နေကြာဆီ အပါအဝင် စားအုန်းဆီ၊ ပန်းနှမ်းဆီ၊ မုန်ညင်းဆီ၊ ပဲပုပ်ဆီ၊ ဝါစေ့ဆီ၊ ဖွဲနုဆီ စသည့် ဆီအမျိုးမျိုးကို စိုက်ပျိုးထုတ်လုပ်မယ်ဆိုရင် စားသုံးဆီတင်သွင်းမှုအတွက်အသုံးပြုရသော နိုင်ငံခြားငွေချွေတာ နိုင်မှာဖြစ် ကြောင်း စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်းက ပြောသည်။

· ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ် တခွဲကြဲကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်းခွဲအား PDF များက မီးပုလင်းများဖြင့် ပစ်ပေါက်၍ မီးရှို့ဖျက်ဆီးခဲ့သည်ဟု စစ်ကောင်စီ လက်အောက်ခံ အွန်လိုင်းမီဒီယာ The Pillar Media တွင် ဝါဒဖြန့်ဖော်ပြထားသည်။

အောက်တိုဘာ ၃၀ ရက် သုံးသပ်ချက်

· အာဏာသိမ်းမင်းအောင်လှိုင်မှ ဘုန်းကံရှိသည့် အုပ်ချုပ်သူဟု ပြည်သူများထင်လာစေရန် ဆင်ဖြူဆိုသည့် ဆင်များကို လိုက်လံရှာဖွေကာ နာမည်များဘွဲ့များပေးပြီး ပဒေသရာဇ်ခေတ်က ဘုရင်များပုံစံ အတုခိုး နေသည်။သို့သော် IT နှင့် Digital ခေတ်ပြည်သူများအတွက်တော့ အာဏာလုမင်းအောင်လှိုင်၏ လုပ်ရပ်များသည် ဟာသလှောင်စရာဖြစ်နေသည်။

· လေကြောင်းမှ ပြည်သူကို ဗုံးကျဲတိုက်ခိုက်မှုများဆက်တိုက်လုပ်ကာ နိုင်ငံခြားငွေဖြုန်းတီးပြီးမှ ပြည်သူကို နိုင်ငံခြားငွေလာချွေတာပါ တတ်နိုင်သမျှပြည်သွင်းကုန်များလျော့ချပါဟု စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်နှင့်တကွ စစ်ကောင်စီဝန်ကြီးများလိုက်ပြောနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly