ဂွ-ငါးသိုင်းချောင်း ကားလမ်းပေါ်တွင် ရိုဟင်ဂျာ ၄၆ ဦး ဖမ်းဆီးခံရ

ဂွ-ငါးသိုင်းချောင်း ကားလမ်းပေါ်တွင် ရိုဟင်ဂျာ ၄၆ ဦး ဖမ်းဆီးခံရ

မဇ္ဈိမ။ ။ ရခိုင်ပြည်နယ်၊ ဂွ-ငါးသိုင်းချောင်း ကားလမ်းပေါ်ရှိ ဒေါင်းချောင်း ကျေးရွာအုပ်စု အနီးတွင် ပြီးခဲ့သည့် အောက်တိုဘာ ၂၇ ရက်နေ့က ရိုဟင်ဂျာ ၄၆ ဦး ဖမ်းဆီး ခံရကြောင်း သိရသည်။

ရိုဟင်ဂျာလူမျိုး အမျိုးသား ၂၈ ဦးနှင့် အမျိုးသမီး ၁၈ ဦးဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး ၎င်းတို့နှင့်အတူလိုက်ပါလာသည့် လမ်းပြနှစ်ဦး လည်း ဖမ်းဆီးခံခဲ့ရကြောင်း စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့နှင့်နီးစပ်သူများထံက သိရသည်။

"ဂွမြို့၊ ဒေါင်းချောင်းရွာအပိုင်ထဲက တစ်နေရာမှာ ရိုဟင်ဂျာတွေ နားနေတုန်း စစ်တပ်က လာဖမ်းသွားတာလို့သိရတယ်။ သူတို့က ရခိုင်ပြည်နယ်ကနေ ဧရာဝတီတိုင်း ကိုဖြတ်ပြီး ရန်ကုန်ထဲကိုဝင်မယ့်သဘောရှိတယ်။ လမ်းပြနှစ်ယောက်ကိုတော့ စစ်မေးနေကြတုန်းပဲ "ဟု ရဲအသိုင်းအဝိုင်းနှင့် နီးစပ်သူကပြောသည်။

လက်ရှိတွင် အဆိုပါ ရိုဟင်ဂျာ ၄၆ ဦးနှင့်လမ်းပြနှစ်ဦးတို့ကို စစ်ကောင်စီတပ် နှင့် ရဲများက ဂွမြို့နယ်ရဲစခန်းအချုပ်တွင် ဖမ်းဆီးထားသည်ဟု ၎င်းက ဆိုသည်။

ဧရာဝတီတိုင်းတွင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ရခိုင်ပြည်နယ်၊ ကျောက်တော်၊ ဘူးသီးတောင်၊ စစ်တွေ၊ ရသေ့တောင်၊ မောင်းတော စသည့်မြို့များမှ ရေကြောင်းဖြင့် ဝင်ရောက်လာသည့် ရိုဟင်ဂျာ လူမျိုးများ မကြာခဏဆိုသလို ဖမ်းဆီးခံနေရသည်။

ထိုသို့ ဖမ်းဆီးခံထားရသည့် ရိုဟင်ဂျာများအနက် ဦးရေ ၁၅၀ ကျော်ကို စစ်ကောင်စီ လက်အောက်ခံများက မှတ်ပုံတင်အက် ဥပဒေဖြင့် ထောင်ဒဏ် နှစ် နှစ်စီ ချမှတ်ထား ပြီးဖြစ်ကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူများ၏ ပြောပြချက်အရသိရသည်။

ဓာတ်ပုံ ။ ဂွ - ငါးသိုင်းချောင်းလမ်းပိုင်းတစ်နေရာ

စာတည်း။ ။မောင်ကောင်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required